[[Zawgyi/Unicode]]
ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ အဂတိလိုက်စားမှုအတွက် ပြန်ခေါ်သက်သေတွေကို ဒီနေ့ နေပြည်တော်အထူးတရားရုံးကြားနာပွဲမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်မှာ မြေနေရာ ငှားရမ်းမှုတွေနဲ့ပတ်သက်တဲ့အမှုတွေကိုလည်း ဒီနေ့ဆက်လက်ကြားနာခဲ့ပါတယ်။
NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာဘ်ထိုးခဲ့တဲ့ ရွှေနဲ့ ဒေါ်လာငွေလက်ခံယူမှုအတွက် စွဲချက်တင်ခံထားရတဲ့အမှုအတွက် ဦးဖြိုးမင်းသိန်းအပါအဝင် ပြန်ခေါ်သက်သေ ၄ ယောက်ကို မတ်လ ၇ ရက် တနင်္လာနေ့မှာ စတင်ဆေးနေတာမှာ ဒီနေ့ ၄ ယောက်လုံးကို အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြတာပါ။ အမှုအတွက် စွဲချက်တင်လိုက်ပြီးနောက်မှာ တရားလိုသက်သေတွေကို ပြန်လည်မေးခွန်းထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်မှာ မြေနေရာယူမှု အဆောက်အဦး ဆောက်လုပ်မှုတွေနဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အမှုတွေအတွက်လည်း နေပြည်တော်စည်ပင်ဌာန မြို့ပြဌာနမှုး ဌာနမှူး ဦးကိုကိုဦးကိုလည်း ရှေ့နေတွေ ဒီနေ့ ပြန်လှန်မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေအနေနဲ့ မီဒီယာတွေကို သတင်းမပေးဖို့ စစ်ကောင်စီဘက်က ပုဒ်မထုတ် တားမြစ်ထားတာမို့ အမှုကြားနာမှု အသေးစိတ်ကိုတော့ မသိရပါဘူး။
မန္တလေးမှာ အမှုရင်ဆိုင်နေရတဲ့ NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း အဂတိလိုက်စားမှု ၅ မှုအတွက် ဒီနေ့ စွဲချက် တင်လိုက်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူးရယူထားတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက ဆေးကုသစရိတ်တွေရယူမှု၊ NLD ပါတီရုံးမြေနေရာရရှိရေးဆောင်ရွက်မှုမှာ အဂတိ လိုက်စားမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဘက်ကတော့ စွပ်စွဲခံထားရသလို ငွေကြေးယူခဲ့တာမရှိကြောင်းနဲ့ ဒါတွေကို သိရှိခဲ့တာလည်းမရှိကြောင်း ထုချေဖြေရှင်းထားပါတယ်။ လက် ရှိမှာ ဒေါက်တာဇော်မြင့်မောင်ဟာ အဂတိအမှု ၅ ခုအပြင် ရွေးကောက်ပွဲဆိုင်ရာအမှု ၂ ခုကိုလည်း ရင်ဆိုင်နေရပါတယ်။ ကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို စစ်ကောင်စီဘက်က သဘာဝဘေးစီမံဥပဒေပါပုဒ်မအမှု ၂ ခုအပြင် ပုဒ်မ ၅၀၅-ခ အမှုတို့အတွက် ဒီဇင်ထောင်ဒဏ် ၄ နှစ်ချထားပြီးဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာခံစားနေရတာမို့ အိုးဘိုထောင် တွင်းဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ ကျန်းမာရေးကြောင့် တရားရုံးမှာ အချိန်ကြာကြာ မထိုင်နိုင်တဲ့ အခြေအနေထိ ကြုံနေရတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စုံစမ်း သိရပါတယ်။
=================
[[Unicode]]
=================