သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ARSA ခေါင်းဆောင်ရဲ့ ညီအစ်ကို ဘင်္ဂလားအထူးရဲ ဖမ်းဆီး


ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ်ခံရပြီးနောက် လုံခြုံရေးယူနေတဲ့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၅၊ ၂၀၂၁)
ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ်ခံရပြီးနောက် လုံခြုံရေးယူနေတဲ့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ခေါင်းဆောင်နဲ့ ညီအစ်ကိုတော်စပ်သူ Mohammad Shah Ali ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ARSA အဖွဲ့ခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ ညီအစ်ကိုတော်စပ်တဲ့ Mohammad Shah Ali ကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က စနေနေ့ နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ကမ်းရိုးတန်းမြို့ ကော့ဇ်ဘဇားအနီးက စခန်းတခုမှာ Mohammad Shah Ali ကို မူးယစ်ဆေးဝါး၊ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က ကြေညာချက်မှာ ပြောပါတယ်။

ARSA နဲ့ အချိတ်အဆက်ရှိပြီး ARSA ခေါင်းဆောင် Ataullah နဲ့လည်း ပုံမှန် အဆက်အသွယ်ရှိကြောင်း Ali က ဖြောင့်ချက်ပေးကြောင်းလည်း ကွပ်ကဲရေးအရာရှိ Naimul Haque က AFP သတင်းအေဂျင်စီကို ပြောပါတယ်။ Ali ပြန်ပေးဆွဲထားသူ တဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်းလည်း သူက ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

Nouakar Mat စခန်းမှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တဦးကလည်း ဖမ်းဆီးမှုရှိခဲ့တယ် ဆိုတာကို AFP ကို အတည်ပြုထားပါတယ်။ အားလုံးက သူ့ကို ကြောက်ရွံ့ကြကြောင်း၊ သူတို့ကို နှိပ်စက်ညှဉ်းပန်း လုပ်တတ်သူဖြစ်ကြောင်း မိုဟာမက် ဆလင်းက ပြောပါတယ်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) လက်နက်ကိုင်အဖွဲ့ဟာဆိုရင် နိုင်ငံရေး အတိုက်အခံတွေကို လုပ်ကြံမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ဒုက္ခသည်စခန်းတွေ အတွင်းမှာ အကြောက်တရား လွှမ်းမိုးအောင် လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲခံထားရတာပါ။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ရေး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ကြိုးစားခဲ့ပေမယ့်လည်း မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို သူတို့ကို နိုင်ငံသားဖြစ်ရေးမှာလည်း တည်ဆဲဥပဒေတွေအတိုင်း ဆောင်ရွက်ရမယ်လို့ ပြောခဲ့တာပါ။

သြဇာရှိတဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းခေါင်းဆောင် Mohib Ullah နဲ့ အစ္စလာမ္မစ် ကျောင်းတခုက ပုဂ္ဂိုလ် ၇ ဦးတို့ သတ်ဖြတ်ခံရမှုတွေအတွက် ARSA ကို စွပ်စွဲခဲ့ပြီးနောက်ပိုင်း Ali ကို ဖမ်းဆီးမှုဟာဆိုရင် ARSA ရဲ့ အဆင့်မြင့်ဆုံး အဖွဲ့ဝင်တဦးကို ဖမ်းဆီးမှု ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews လည်း ပြီးခဲ့တဲ့လအတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး စခန်းတွေအတွင်းမှာ ဖြစ်နေတဲ့ ရာဇဝတ်မှု အများစုအတွက် ARSA အဖွဲ့ကို အပြစ်ဖို့ ပြောဆိုခဲ့ပါတယ်။

စနေနေ့က Ali ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့တော့ ARSA အဖွဲ့ဘက်က တုံ့ပြန်ချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)











XS
SM
MD
LG