သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး မြှင့်တင်ပေးဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးခြင်းဟာ သူတို့တွေအတွက် ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အရေးပါတဲ့အချက် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သီတင်းတပတ်ကြာ သွားရောက်လည်ပတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်အထိ သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီကနေ့ ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Tom Andrew က အဲဒီလို ပြောကြားလိုက်တာပါ။

ရိုဟင်ဂျာ ပဋိပက္ခဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်ခဲ့တာကြောင့် ဒီကိစ္စရဲ့ အဖြေဟာလည်း မြန်မာနိုင်ငံအတွင်းမှာသာ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မဆိုင်ဘူးလို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။ ဒီပဋိပက္ခ ပြေလည်ရေးအတွက် မြန်မာစစ်တပ်ကို ပိုမိုဖိအားပေး လုပ်ဆောင်တာနဲ့ ဒီကိစ္စအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး အပါအဝင် နိုင်ငံတကာက ဟန်ချက်ညီညီ ဆောင်ရွက်နိုင်အောင် သူ့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမယ်လို့ Tom Andrew က ပြောပါတယ်။

ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာအပြင် ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ Cox’s Bazar မှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ မကြာသေးခင်က Basan Char ကျွန်းကို ပြောင်းရွှေ့ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့ အချက်တွေကို လာမယ့် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းမယ့် အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြသွားမှာဖြစ်ကြောင်း ခရီးစဉ်အစမှာ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG