သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေပြဿနာ တပ်မတော် တရားဝင်ကန့်ကွက်မည်


ဟိုင်းကြီးကျွန်းအနီးမှ မြန်မာ့ရေတပ် စစ်သေင်္ဘာများ။ (မေ ၃၀၊ ၂၀၁၅)
ဟိုင်းကြီးကျွန်းအနီးမှ မြန်မာ့ရေတပ် စစ်သေင်္ဘာများ။ (မေ ၃၀၊ ၂၀၁၅)

(Zawgyi / Unicode)

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတွေ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်လှေတွေ တရားမဝင် ဝင်ရောက်လာတဲ့အပေါ် မြန်မာစစ်တပ်က တရားဝင်ကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းလှေ ၆ စီး ပြီးခဲ့တဲ့ အင်္ဂါနေ့က တရားမဝင် ဝင်ရောက်လာတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ပြီး မောင်းထုတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားတဲ့ မြန်မာစစ်တပ်က ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို တရားဝင် ကန့်ကွက်သွားမယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီဟာတွေဖြစ်လာပြီဆို သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ နယ်ခြားစောင့်ကော်မတီကနေ တဆင့် ဒီပိုင်နက်ထဲဝင်လာတယ် ဆိုတဲ့ဟာတွေ အကြောင်းကြားတာတွေ။ ပြီးရင် နှစ်နိုင်ငံ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေပြီးတော့မှ ကန့်ကွက်ရတယ်။ ဒါတွေကတော့ ဒီဘက်က ဆက်လုပ်ပါလိမ့်မယ်။”

ဧပြီလ ၇ ရက်နေ့တုန်းက မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက စက်လှေ ၆ စီးကို မြန်မာရေတပ်ကနေ လုပ်ထုံးလုပ်နည်းနဲ့အညီ သတိပေးရာမှာ လိုက်နာမှုမရှိတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ဒီ ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကနေ မြန်မာရေပိုင်နက်ကို နှစ်နိုင်ငံ ရေနယ်နိမိတ်မျဉ်းရဲ့ မြန်မာ့ရေပိုင်နက်အတွင်း ၃ မိုင်ကနေ ၆ မိုင်လောက်အတွင်းကို စက်လှေ ၆ စီး ဝင်လာတယ်။ အဲဒီမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ ကင်းလှည့်နေတဲ့ စစ်ရေယာဉ်တွေ မီးအချက်ပြတာတွေ၊ အသံချဲ့စက်နဲ့ အသီးသီးခေါ်ယူတာတွေ၊ ဆက်သွယ်ရေးစက်ကနေ ကွန်ပေါင်း Channel 60 နဲ့ ဆက်သွယ်ပြီး ရပ်တန့်ပြီး စစ်ဆေးမှုခံယူဖို့ ဆက်သွယ်ခဲ့တယ်။ အဲဒီလှေတွေက ရပ်တန့်မှုမရှိဘဲနဲ့ ထွက်ပြေးတယ်။ အဲဒီမှာ သတိပေး ခြောက်လှန့်ပစ်ခတ်မှု လုပ်ရတယ်။ ည ၁၁ ခွဲလောက်မှာ ဘင်္ဂလားဒေ့ရ်ှရေတပ်က စစ်ရေယာဉ်ကို အကြောင်းကြားခဲ့တယ်။ အဲဒီဖြစ်စဉ်ကို ဘင်္ဂလားဒေ့ရ်ှ စစ်ရေယာဉ်ကလည်း အဲဒီ ငါးဖမ်းစက်လှေတွေအပေါ် သူတို့ကိုဆက်သွယ်ပြီး မေးမြန်းထိန်းသိမ်းတယ်ဆိုပြီး ပြန်ဖြေကြားခဲ့တယ်။”

ဒီဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရ်ှ စစ်ရေယာဉ်ကို အကြောင်းကြားထားတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာပိုင်နက်ထဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က စက်လှေတချို့ တရားမဝင် ဝင်ရောက်လာတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားတာတော့ မရှိခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း အရှေ့မြောက်ဘက်မှာ ငါးဖမ်းနေတဲ့ လှေတစီးကို မြန်မာရေတပ်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် ငါးဖမ်းလုပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင့် လုံခြုံရေးအာဏာပိုင်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာ ဖော်ပြနေပါတယ်။

စိန့်မာတင်ကျွန်းအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသမှာ ငါးဖမ်းနေစဉ် မြန်မာရေတပ်က ပစ်ခတ်တာ ခံခဲ့ရတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အပေါ်မှာတော့ တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ထားပါတယ်။

“သူတို့သတင်းဌာနမှာ ရေးထားတာလည်း မြန်မာ့ရေပိုင်နက်ထဲ ဝင်သွားတာမို့လို့ ပစ်ခတ်လိုက်တယ်လို့ ရေးသားထားတာ ရှိပါတယ်။ ငါးဖမ်းစက်လှေထဲက စက်လှေတစင်း အနည်းငယ် ထိခိုက်ပျက်စီးသွားပြီး ရေလုပ်သား ၆ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ သူတို့ရေးထားတာ ရှိပါတယ်။ မရှိဘူး မရှိဘူး။ ဒီလို သူတို့ တခါတည်း ထွက်ပြေးသွားတာကိုး။”

မြန်မာအခေါ် ရှင်မဖြူကျွန်းခေါ် စိန့်မာတင်ကျွန်းဟာ ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ကျွန်းငယ်တခုဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သူပိုင်ငါပိုင် သံတမန်ရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံက မြေပုံတချို့မှာ စိန့်မာတင်ကျွန်းကို မြန်မာပိုင်ကျွန်းအဖြစ် ထည့်သွင်းဖော်ပြတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကာရှိ မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)














XS
SM
MD
LG