သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်ဆုရှင် Yunus ရဲ့ လုံခြုံရေးကောင်စီထံ ရခိုင်အရေး အိတ်ဖွင့်ပေးစာ


မှတ်တမ်းရုပ်ပုံ- ၂၀၁၆ ခုနှစ်က ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ တက်ရောက်ဆွေးနွေးနေတဲ့ နိုဘဲငြိမ်းချမ်းရေး ဆုရှင် Muhammad Yunus
မှတ်တမ်းရုပ်ပုံ- ၂၀၁၆ ခုနှစ်က ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ တက်ရောက်ဆွေးနွေးနေတဲ့ နိုဘဲငြိမ်းချမ်းရေး ဆုရှင် Muhammad Yunus

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေ အကြမ်းဖက်ခံနေရတာ ရပ်အောင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အမြန်ဆုံး ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အတွက် Noble ငြိမ်းချမ်းရေး ဆုရှင် Muhammad Yunus က လုံခြုံရေးကောင်စီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က Nobel ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ Bangladesh စီးပွားရေးပညာရှင်က ရခိုင်ပြည်နယ်ထဲမှာ အဖြစ်ဆိုးတွေ၊လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ကြောက်ဖွယ်ကောင်းအောင် ဖြစ်ပွားနေတဲ့အတွက် လုံခြုံရေးကောင်စီက အမြန်ဆုံး ဝင်ရောက် ဖြေရှင်းဖို့ လိုအပ်နေပြီလို့ အိတ်ဖွင့်ပေးစာထဲမှာ ရေးထားပါတယ်။

Grameen ဘဏ်ကိုတည်ထောင်သူ Noble ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus ဟာ မနှစ်တုန်းကလည်း ရခိုင်ဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဝင်ရောက် ဖြေရှင်းပေးဖို့ အလားတူ စာရေးခဲ့ဖူးပါတယ်။လူသားချင်း စာနာစရာ ဘေးဒုက္ခကြီးကို အဆုံးသတ်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်မှုကို ကမ္ဘာက စောင့်နေကြပြီလို့ အခုအိတ်ဖွင့် ပေးစာထဲမှာ Muhammad Yunus ကရေးပါတယ်။

Bangladesh နိုင်ငံဖက် ရိုဟင်ဂျာတွေ ထွက်ပြေးနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပေါ် ပြစ်တင် ဝေဖန်နေကြတဲ့ မွတ်ဆလင်နိုင်ငံတွေ ထဲက တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdoğan နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ ကြပါတယ်။ တူရကီအစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ PKK အဖဲ့ွကြောင့် တူရကီအနေနဲ့ အကြမ်းဖက်ဝါဒရဲ့စိန်ခေါ်မှုတွေကို ကောင်းကောင်း နားလည်မယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်ဝါဒ ပိုမို ကျယ်ပြန့် မလာအောင် အကောင်းဆုံး ကြိုးစား ဆောင်ရွက် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သတင်းအချက်အလက်မှားတွေကို ဖန်တီးနေတာကနေ မြန်မာနဲ့ တူရကီကြား ကာလကြာရှည်ထဲက ရှိခဲ့တဲ့ မိတ်ဆွေကောင်း ဆက်ဆံရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တဲ့အကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရမှုဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်တယ်လို့ တူရကီသမ္မတက ပြောကြားထားတာပါ။ အစ္စလာမ်ဘာသာကို အခြေခံတဲ့ ဥပဒေတွေ တူရကီမှာ ပြဌာန်း အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံနေရတဲ့ တူရကီသမ္မတ Erdoğan ဟာ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ဦးဆောင်လုပ်နေသူ တယောက် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG