သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဖိနှိပ်မှု ဘင်္ဂလားဒေ့ရှ် သတင်းသမားများ ဒေါသထွက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ တရားရုံးချုပ်အပြင်တွင် သတင်းယူနေကြသူများ။ (မေ ၃၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ တရားရုံးချုပ်အပြင်တွင် သတင်းယူနေကြသူများ။ (မေ ၃၊ ၂၀၁၆)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Bangla Tribune သတင်းဌာနက သတင်းထောက် Ariful Islam ကို မကြာသေးခင်ကပဲ အာဏာပိုင်တွေက ဖမ်းဆီးပြီး ထောင်တနှစ် ချလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် သတင်းသမားများ အဖွဲ့အစည်းက မကျေနပ်ဘဲ ဒေါသထွက်နေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

Ariful ကို မူးယစ်ဆေးဝါးမှုကြောင့်လို့ ပြောပြီး မတ်လ ၁၄ ရက် မနက်စောစောက သူ့နေအိမ်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် Kurigram အုပ်ချုပ်ရေးဆိုင်ရာတပ်ဖွဲ့က သူတို့ရဲ့ ရွှေ့ပြောင်းလို့ရတဲ့ Mobile တရားရုံးမှာ ချက်ချင်းဆိုသလိုပဲ စီရင်ချက် ချမှတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

အခုလို မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်တာဟာ သတင်းသမားတယောက်ဖြစ်တဲ့ Ariful အသံတိတ်သွားအောင် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့လုပ်ရပ် ပါနေတယ်လို့ ဒါကာအခြေစိုက် Sampadak Parishad လို့ခေါ်တဲ့ သတင်းဌာန အယ်ဒီတာတွေရဲ့ ကောင်စီက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒါ့အပြင် Ariful ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ သူ့ကိုဖမ်းဖို့ ညွှန်ကြားရာမှာ ပါဝင်တဲ့ Kurigram ဒုတိယကော်မရှင်နာမင်းကြီး Sultana Pervin ကို ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ပေးဖို့ရော နုတ်ထွက်ပေးဖို့ပါ ကောင်စီက တောင်းဆိုလိုက်ပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ တနင်္ဂနွေနေ့မှာတော့ ဒါကာတရားရုံးချုပ်က Ariful ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်သလို Ariful အပေါ် တရားစွဲဆိုမှုနဲ့ အပြစ်ဒဏ်ချတာတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းအားလုံး တင်ပြဖို့ Kurigram အရာရှိတွေကို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် Kirugram ဒေသဆိုင်ရာ တပ်ဖွဲ့နဲ့ Mobile တရားရုံး ဖွဲ့စည်းတာနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အားလုံး တင်သွင်းဖို့ပါ တရားရုံးချုပ်က တောင်းဆိုခဲ့တာပါ။

Kirugram ဒေသဆိုင်ရာ ဒုတိယတရားသူကြီးချုပ် Debashish Bhattcharyya ကတော့ Ariful ကို ဖမ်းဆီးတာဟာ Mobile တရားရုံးလုပ်ထုံးနဲ့အညီ လုပ်ဆောင်တာသာဖြစ်ကြောင်း အခိုင်အမာပြောဆိုပြီး သူတို့တပ်ဖွဲ့အတွက် ခုခံကာကွယ်ပါတယ်။

အာမခံနဲ့ ပြန်လွတ်လာတဲ့ တနင်္ဂနွေ နေ့လယ်ပိုင်းမှာတော့ Kurigram ဆေးရုံကြီးကို ရောက်သွားတဲ့ Ariful ဟာ သတင်းသမား အပေါင်းအသင်းတွေ ဝိုင်းပြီး မေးမြန်းတဲ့ဒဏ်ကို နာရီအတော်ကြာ ခံခဲ့ရတာပါ။

Dhaka Tribune သတင်းမှာတော့ သူပြန်ပြောပြတာတွေကို ဖော်ပြထားတာ ဖြစ်ပြီး ဒီအထဲမှာ သူ့ကိုကားထဲ ဆွဲမသွင်းခင် မျက်နှာကို အဝတ်စည်းပြီး ခြေလက်တွေကို တုတ်နှောင်ခဲ့သလို သီးခြားနေရာတခုကို ခေါ်သွားပြီး မသေခင် ဆုတောင်းနေဖို့ အုပ်ချုပ်ရေးမှူးက ထပ်တလဲလဲ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့မှာ ကလေး ၂ ယောက်ရှိပြီး မိဘတွေလည်း ဆုံးကုန်တာမို့ သူသေသွားရင် ကလေးတွေ မိဘမဲ့ ဖြစ်ကျန်ရစ်မှာစိုးလို့ သူ့ကိုမသတ်ဖို့ အတော် တောင်းပန်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

သူ့ကိုယ်ပေါ်မှာ အထူးသဖြင့် လက်တွေ၊ ခြေတွေ၊ ကျောကုန်းနဲ့ ခေါင်းမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ Kurigram ဆေးရုံကြီး တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

သတင်းသမားတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ နှောင့်ယှက်မှု အမျိုးမျိုး တိုးလာနေချိန်မှာ အခုလို Aruful အဖမ်းခံရတာက ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေ ပေါ်လာစေပါတယ်။

ဒီအငြင်းပွားဖွယ် ဖမ်းဆီးမှု မတိုင်ခင်ကလည်း Pakkhakal မဂ္ဂဇင်းအယ်ဒီတာ တယောက်ဖြစ်တဲ့ ဒက်ကာအခြေစိုက် ဓာတ်ပုံသတင်းထောက် Shafiqul Islam Kajol တယောက် ဘယ်ရောက်မှန်းမသိ ပျောက်ဆုံးနေတာပါ။

Kajol ကို မတ်လ ၁၀ ရက်နေ့ကတည်းက မတွေ့တော့ဘူးလို့ သူ့ရဲ့မိသားစုက သောကြာနေ့မှာ ရဲကို တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ဒီလို ပျောက်မသွားခင် တရက်က သူနဲ့ တခြားသတင်းထောက် ၃၁ ယောက်တို့ကို လက်ရှိအာဏာရ အဝါမီလိခ် ပါတီက လွှတ်တော်အမတ် Saifuzzaman Shikhor က အသရေဖျက်မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေး အက်ဥပဒေနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ သတင်းသမားတွေ သူတို့အလုပ် သူတို့လုပ်ရာမှာ တရားရေးအရ အတော့်ကို အန္တရာယ်ပေးနိုင်အောင် ဖန်တီးထားတဲ့ ဥပဒေလို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး CPJ အဖွဲ့က သတိပေးထားတာဖြစ်ပြီး အခု Kajol ဟာလည်း ဒီအက်ဥပဒေနဲ့ အမတ်တယောက်ရဲ့ တရားအစွဲခံရပြီးမှ ပျောက်ဆုံးသွားတာကြောင့် အထူးစိတ်ပူတယ်လို့ CPJ အဖွဲ့ အာရှဒေသဆိုင်ရာ တာဝန်ခံ Steven Butler က ပြောပါတယ်။ ဒါ့အပြင် ရဲတွေအနေနဲ့ သူ့ကို အမြန်ဆုံးပြန်ရှာပြီး သူ့မိသားစုလက်ထဲ ပြန်အပ်ဖို့ရော ဒီဥပဒေနဲ့ Kajol ကိုရော သူ့လို တခြား သတင်းသမားတွေကိုပါ တရားစွဲ ဖမ်းဆီးတာတွေ မလုပ်ဖို့ ပန်ကြားလိုက်ပါတယ်။ အသရေဖျက်မှုနဲ့ တရားစွဲထားတာကို ပြန်ရုပ်သိမ်းပေးဖို့ သတင်းဌာနကောင်စီ Sampadak Parishad ကလည်း တောင်းဆိုခဲ့တာပါ။

Ariful အမှုအတွက် မတ်လ ၂၃ ရက်နေ့မှာ ဒက်ကာတရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာတလွှား သတင်းလွတ်လပ်မှုဆိုင်ရာ အညွှန်းကိန်းမှာ မနှစ်ကထက် ၂၀၁၉ ခုနှစ်မှာ အဆင့် ၄ ခု ကျသွားခဲ့ပြီး နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၅၀ ဖြစ်သွားတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)



















XS
SM
MD
LG