ဒေါ်လာ ၂ ဘီလီယံ ခွဲ နီးနီးတန်ဖိုးရှိတဲ့ လက်နက်တွေကို အမေရိကန်က ယူကရိန်းကို ပို့ပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့က ပြောပါတယ်။ စစ်အတွင်း ယူကရိန်းရဲ့ အနေအထား ပိုပြီး အားကောင်းလာအောင် သူ သမ္မတ တာဝန်ရှိနေသေးတဲ့ အချိန်အတွင်း မနားမနေ လုပ်ဆောင်သွားမယ်လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေး ဝန်ကြီး Janet Yellen ကလည်း ယူကရိန်းကို စီးပွါးရေး အကူအညီ အမေရိကန် ဒေါ်လာ ၃.၄ ဘီလီယံ ပေးမယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းတွေ နဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ လစာပေးဖို့လည်း ယူကရိန်းက ဒီငွေထဲက ပေးမှာ ဖြစ်ပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားနဲ့ ဆွေးနွေးညှိုနှိုင်းရာမှာ အားအကောင်းဆုံး အနေအထား ရနိုင်သမျှ ရအောင် ဇန်နဝါရီ ၂၀ ရက်နေ့ ထရမ့် သမ္မတ တာဝန်မယူမီအတွင်း သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထရမ့်က ယူကရိန်းနဲ့ ရုရှား စေ့စပ်ဖို့ ပြောနေပြီး၊ အဲဒီလို ဆွေးနွေးပွဲ ရလာဒ်က ယူကရိန်း နာမယ့် ရလာဒ်ဖြစ်မှာကို ဥရောပ မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဘိုင်ဒန် အစိုးရ လက်ထက်မှာ ယူကရိန်း လုံခြုံရေးအတွက် ကူညီတာ အခုအကူအညီ အပါအဝင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၅ ဘီလီယံ ကျော်နေပါပြီ။
Forum