သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် ဥရောပ (၃) နိုင်ငံခရီးထွက်ခွာ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဥရောပခရီးစဥ်စတင်၊ ဂျူလိုင် ၉၊ ၂၀၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဥရောပခရီးစဥ်စတင်၊ ဂျူလိုင် ၉၊ ၂၀၂၃

အမေရိကန်သမ္မတ Joe Biden ဟာ ငါးရက်ကြာ ဥရောပခရီစဥ် ပထမဆုံးအဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိပါတယ်။ ဗြိတိန်ခရီးစဉ်ပြီးရင်တော့ NATO ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ လစ်သူနေရီးယားနိုင်ငံကို သွားမှာဖြစ်သလို နောက်ဆုံးခရီးစဉ်အဖြစ် ဖင်လန်နိုင်ငံမှာ Nordic ဒေသခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါမယ်။

လန်ဒန်မှာရှိစဉ်တော့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ Charles ဘုရင်ကို တွေ့ဆုံပြီး နှစ်နိုင်ငံ အရေးကိစ္စနဲ့ ဖွံဖြိုးဆဲနိုင်ငံအတွက် ဥတုရာသီထိမ်းသိမ်းရေး ငွေကြေးကူညီဖို့ကိစ္စတွေ ဆွေးနွေးကြ မှာဖြစ်ပါတယ်။ သန့်ရှင်းစွမ်းအင်နည်းပညာနဲ့ အရေးကြီးတဲ့သတ္တုဓါတ်စင်ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အတူတကွလုပ်ဆောင်ကြမယ်ဆိုတဲ့ အတ္တလန်တိတ် ကြေညာချက်ကိုတော့ ပြီးခဲ့တဲ့လကပဲ သမ္မတ ဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့အကြား အိမ်ဖြူတော်မှာတွေ့စဉ် သဘောတူညီခဲ့ကြတာပါ။

NATO မြောက်အတ္တလန်တိတ်ဒေသစစ်စာချုပ်အဖွဲ့ ရဲ့ ထိပ်သီးအစည်းအဝေးမှာတော့ ယူကရိန်းရဲ့ ရုရှားတွန်းလှန်စစ်ကို ဘယ်လိုအထောက်အကူလုပ်ကြမလဲဆိုတာနဲ့ ဆွီဒင်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေးတွေကို ဆွေးနွေးကြပါမယ်။ ဒါကို NATO အဖွဲ့ဝင် ၂၉ နိုင်ငံက ထောက်ခံထားပြီး၊ ဟန်ဂေရီနဲ့ တူရကီတို့က ကန့်ကွက်ထားပါတယ်။

NATO အဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းက အားထုတ်နေမှုတွေကိုလည်း ဆွေးနွေးကြဖို့ရှိပါတယ်။ ရုရှားတပ်တွေ သိမ်းယူထားတဲ့ ယူကရိန်း အရှေ့တောင်ဖက်ခြမ်းတွေ ပြန်သိမ်းယူဖို့ ယူကရိန်းရဲ့တပ်ပြန်ထိုးစစ် အောင်မြင်မှုနှေးကွေးနေတဲ့အပေါ်မှာလည်း နေတိုးခေါင်းဆောင်တွေ ဆွေးနွေးကြမှာပါ။

အမေရိကန်ဦးဆောင်တဲ့ NATO တိုင်းပြည်တွေဟာ ယူကရိန်းကို ဒေါ်လာဘီလီယံနဲ့ချီ လက်နက်ပစ္စည်း တွေကူညီခဲ့ကြတာပါ။ ရုရှားကဒုံးကျည်တွေ အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ ယူကရိန်းတပ်က ဒုံးကျည်အတော်များများကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပေမယ့်၊ ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းပြည်သူတွေ သေဆုံးထိခိုက်မှု ရှိနေဆဲဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်ဟာ နေတိုးထိပ်သီးအစည်းအဝေးပြီးရင်တော့ ဖင်လန်နိုင်ငံမြို့တော်ကို သွားရောက်ပါလိမ့် မယ်။ အဲဒီမှာတော့ ဒုတိယကမ္ဘာစစ်အပြီးဖွဲ့စည်းခဲ့တဲ့ နေတိုးမဟာမိတ်အဖွဲ့မှာ ဖန်လင်နိုင်ငံက မကြာခင် ဝင်ရောက်ခွင့်ရတဲ့အထိမ်းအမှတ်လုပ်ဖို့ရှိသလို Nodic ဒေသခေါင်းဆောင်တွေ နဲ့ စည်းဝေးဖို့ရှိပါတယ်။ ရုရှားနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ ဖင်လန်နိုင်ငံဟာ NATO အဖွဲ့ဝင်အဖြစ် ပြီးခဲ့တဲ့ ဧပြီလက ဖြစ်လာတာပါ။ နေတိုးအင်အားကောင်းလာတာဟာ ရုရှား ဩဇာကျလာတဲ့သဘောလို့ သမ္မတဘိုင်ဒန်က သုံးနှုန်း ပြောဆိုခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG