သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ပိုး မျိုးကွဲသစ် Omicron ကြောင့် စာသင်ကျောင်းတွေ စီးပွါးရေးလုပ်ငန်းတွေ ပိတ်ထားဖို့ မလိုအပ်သေး (သမ္မတ Biden) 


(Zawgyi / Unicode)

အမေရိကန် ပြည်ထောင်စု အတွင်းကို ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် omicron မျိုးကွဲသစ် ရောက်လာမယ့် အရေး ရှောင်ရှားလို့ မရဘူးလို့ သမ္မတရဲ့ ကျန်းမာရေး ဆိုင်ရာ ထိပ်တန်း အကြံပေးက ပြောဆိုထားတာနဲ့ အတူဘဲ အမေရိကန် ပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးကြဖို့ ၊ ကာကွယ်ဆေး အပြည့်ထိုးထားပြီးသား သူတွေ အနေနဲ့လည်း အားဖြည့် ကာကွယ်ဆေး ထပ်ထိုးကြဖို့ သမ္မတ Joe Biden က တနလာၤနေ့မှာ ထပ်မံ ပန်ကြားလိုက်ပါတယ်။

ကာကွယ်ဆေး မထိုးရသေးရင် အချိန်စောင့်မနေဘဲ ကာကွယ်ဆေးထိုးကြဖို့ သမ္မတက တိုက်တွန်းပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ကိုဗစ် ကာကွယ်ဆေး မထိုးရသေးသူ သန်း ၆၀ လောက် ရှိနေကြောင်း တနလာၤနေ့က အိမ်ဖြူတော်မှာ မိန့်ခွန်းပြောတာမှာ သမ္မတက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ကာကွယ်ရေး၊ တခြား မျိုးကွဲတွေကို ကာကွယ်ရေး အတွက် အကောင်းဆုံး နည်းလမ်းက အပြည့်အ၀ ကာကွယ်ဆေး ထိုးတာ ဖြစ်ပါတယ်လို့ သမ္မတ Biden ကပြောဆိုခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် omicron မျိုးကွဲသစ် ခြိမ်းခြောက်မှုကြောင့် ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ထပ်ပိတ်ဖို့တော့ လတ်တလော မလိုအပ်သေးဘူးလို့ ယူဆကြောင်းလည်း သမ္မတ Biden က ပြောပါတယ်။ ဗိုင်းရပ်စ် မျိုးကွဲသစ်ကို တိုက်ဖျက်ရေး အစွမ်းကုန် ဆောင်ရွက်မယ်လို့ သမ္မတ Biden က ပြောပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ ကာကွယ်ဆေး ထိုးထားပြီးသား သူတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို အတိုင်းအတာ တခုထိ ကာကွယ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဗိုင်းရပ်စ် မျိုးကွဲသစ် omicron နဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်မှုတွေ လုပ်နေရဆဲ ဖြစ်ပါတယ်။

တောင်အာဖရိကမှာ စပြီး တွေ့ရတဲ့ omicron မျိုးကွဲသစ် ကူးစက်မှုတွေကို တခြားနိုင်ငံ အတော်များများမှာလည်း တွေ့နေရပြီ ဖြစ်ပြီး တနလာၤနေ့ကစလို့ တောင်အာဖရိကနဲ့ တခြား အာဖရိက ၇ နိုင်ငံက လေကြောင်းခရီးစဉ်တွေ ဝင်ရောက်မှုကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီ ဖြစ်ပါတယ်။

(Unicode)







XS
SM
MD
LG