သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံ သတင်းထောက်တွေအရေး အမည်းရောင်လှုပ်ရှားမှု စတင်


Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အဖမ်းမခံရခင် ရန်ကုန် ရိုက်တာရုံးတွင်တွေ့ရ
Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အဖမ်းမခံရခင် ရန်ကုန် ရိုက်တာရုံးတွင်တွေ့ရ

ရိုက်တာ သတင်းဌာနက မြန်မာသတင်းထောက် ၂ဦးကို အစိုးရလျှို့ဝှက် အက်ဥပဒေပုဒ်မ နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အမည်းရောင် တီရှပ် ဝတ်ဆင်တဲ့ Black Campaign အမည်းရောင် လှုပ်ရှားမှုကို စတင်သွားမယ်လို့ PCMJ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဒီဇင်္ဘာ ၁၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

အရင်ကလည်း ဖမ်းဆီးခံသတင်းထောက်တွေအရေး တက်တက်ကြွကြွ ဆောင်ရွက်လေ့ ရှိတဲ့ PCMJ က အစိုးရအနေနဲ့ အခုလို ဖမ်းဆီးထိန်းသိမ်းတာဟာ သတင်းလွှတ်လပ်ခွင့် အပေါ် ဖိနှိပ်တာဖြစ်ပြီး ဒါဟာ သတင်းမီဒီယာ လောကအပေါ် ခြိမ်းခြောက်မှု ဖြစ်တယ် ဆိုပြီးတော့လည်း ဝေဖန်ပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ကို ရဲအရာရှိ နှစ်ဦးက ရန်ကုန်မြို့အပြင်ဘက် စားသောက်ဆိုင်တခုမှာ တွေ့ဆုံဖို့ ချိန်းဆိုပြီးနောက် ဒီဇင်္ဘာ၁၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရတာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ လျှိ့ုဝှက် စာရွက်စာတမ်းအထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူခဲ့တယ် လို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

သတင်းသမားများ ကာကွယ်ရေးကော်မတီက အမည်းရောင် လှုပ်ရှားမှုကို ဒီဇင်္ဘာ ၁၆ ရက်နေ့မှာ စတင်လိုက်ပြီး သတင်းသမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း၊ နောက် လုပ်ငန်းတာဝန်နဲ့ သွားလာနေစဉ်အတွင်း သတင်းလွတ်လပ်ခွင့် အမှောင်ကျနေကြောင်း ဖေါ်ပြတဲ့အနေနဲ့ အမည်းရောင်ဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့်နဲ့ သက်ဆိုင်တဲ့ တောင်းဆိုလှုပ်ရှားမှုတွေမှာ အမည်းရောင် သင်္ကေတကို အသုံးပြုမှာဖြစ်သလို မကြခင်ကာလအတွင်း သတင်းလွတ်လပ်ခွင့်ဆိုင်ရာ တောင်းဆိုလှုပ်ရှားတဲ့ ဗီနိုင်း ပိုစတာတွေ ပြုလုပ်သွားမယ်လို့လည်း ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG