သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ပစိဖိတ် ဒေသတွင်း ကန်စစ်အင်အား တိုးမြှင့်သွားမည် (ဝန်ကြီး Blinken)


(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု အနေနဲ့ အာရှဒေသတွင်း တရုတ်သြဇာကြီးမားလာတာကို ပြန်လည် တွန်းလှန်နိုင်ဖို့ အာရှဒေသတွင်းက မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေကို တိုးမြှင့်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အင်ဒိုနီးရှားနိုင်ငံမှာအင်္ဂါနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

အာရှဒေသတွင်း ချမ်းသာကြွယ်ဝရေးနဲ့ ငြိမ်းချမ်းရေး အရှည်တည်တံ့ နိုင်ဖို့အတွက် သမ္မတ Biden အစိုးရ အနေနဲ့ အလေးအနက်ထားကြောင်းနဲ့ ဒေသတွင်း မဟာမိတ်တွေ တိုးချဲ့ဖွဲ့စည်း သွားမှာဖြစ်သလို စစ်ရေးဆိုင်ရာ ကိစ္စတွေမှာလည်း အသာစီးရအောင် လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

သံတမန်ရေးနည်းလမ်း၊ စစ်ရေး၊ ထောက်လှမ်းရေး နဲ့ အမျိုးသားစွမ်းအားတွေကို အသုံးပြုပြီး ဒေသတွင်းက မဟာမိတ်တွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားမယ့် မဟာဗျူဟာတရပ်ကို ချမှတ် သွားမှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ အဲဒီ အထဲမှာ အမေရိကန်နဲ့ အာရှကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်စည်မပြတ်တင်ပို့ရေးနဲ့ နည်းပညာ ဆန်းသစ်တီထွင်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ရေတပ်ပူးပေါင်းဆောင်ရွက်မှုကို ၂၀၂၆ အထိထပ်မံသက်တမ်းတိုးတာ အပါအဝင် သဘောတူ စာချုပ် ၃ ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားရေတပ်နဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှု တိုးမြှင်သွားဖို့ကိုလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နဲ့ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့ အာရှဒေသတွင်း မဟာမိတ် ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ခရီးလှည့်လည်နေတာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ကနေ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG