သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကျဆင်း


ထိုင်းမြန်မာနယ်စပ်၊ တာချီလိတ်မြို့အနီးမှ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးတဲ့ နယ်စပ်ဝင်ပေါက်၊ မေ ၂၁၊ ၂၀၁၂
ထိုင်းမြန်မာနယ်စပ်၊ တာချီလိတ်မြို့အနီးမှ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးတဲ့ နယ်စပ်ဝင်ပေါက်၊ မေ ၂၁၊ ၂၀၁၂

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးပြဿနာတွေကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နှေးကွေးနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) က ပြောပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို၊ ဒီနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်မှု လုပ်နေတဲ့ ထိုင်းနိုင်ငံဟာ အဆိုပါနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ FTI ရဲ့ ဒုဥက္ကဋ္ဌ မွန်ထရီမဟာပလပ်ပွန် ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအရေး ကိုင်တွယ်ဖြေရှင်းမှုတွေမှာ ထိုင်းနိုင်ငံအနေနဲ့ ပါဝင်ဆောင်ရွက်နေရသလို၊ အခြားအိမ်နီးချင်းနိုင်ငံတွေမှာဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ အိမ်ထောင်စု ကြွေးမြီဆိုင်ရာပြဿနာတွေအပါအဝင် စီးပွားရေးဆိုင်ရာ ပြဿနာတွေကိုပါ ညှိနှိုင်းဆောင်ရွက်နေရတယ်လို့လည်း FTI ရဲ့ ဒုဥက္ကဋ္ဌ က ပြောပါတယ်။မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုဟာ ၁၁ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး၊ မလေးရှားနိုင်ငံနဲ့ဆိုရင် ၁၁.၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ဆိုရင် ၁၉.၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။ လာအိုနဲ့ နယ်စပ်ကုန်သွယ်မှု ၁.၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ရဲ့ ငွေကြေးတန်ဖိုးထက် ထိုင်းဘတ်ငွေရဲ့ တန်ဖိုးက ခိုင်မာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုလုပ်ရာမှာ ထိုင်းဘတ်ငွေကိုသာ အသုံးပြုဖို့ FTI ကညွှန်ကြားထားတယ်လို့လည်း မစ္စတာ မွန်ထရီက ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဟာ အရည်အသွေးညံ့ပြီး ဈေးပေါတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်တွေ ဝင်ရောက် လာမှုကို ရင်ဆိုင်နေရပြီး၊ ဒီထုတ်ကုန်တွေကြောင့် ပြည်တွင်း ကုန်ထုတ်သူတွေကိုလည်း ထိခိုက်စေတဲ့ ပြဿနာကို ရင်ဆိုင်နေရကြောင်း၊ ထိုင်းနိုင်ငံမှာလည်း အလားတူပြဿနာကို ဖြေရှင်းနိုင်ဖို့ ရုန်းကန်နေရတယ်လို့ လည်း မစ္စတာ မွန်ထရီ ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG