ဗြိတိန်ကားဗုံးပေါက်ကွဲမှု အပြီး အကြမ်းဖက်အန္တရာယ် အဆင့်တိုးသတ်မှတ်
ဗြိတိန်နိုင်ငံ Liverpool မြို့က အမျိုးသမီးဆေးရုံအပြင်ဘက်မှာ တနင်္ဂနွေနေ့က တက်ဆီအငှါးယဉ်တစီး ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ် အဆင့်ကို “တကယ်ဖြစ်နိုင်တဲ့အဆင့်” ကနေ “ပြင်းထန်းတဲ့အဆင့်”အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး Priti Patel က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
“ပြင်းထန်တဲ့အဆင်”့ ဟာ အကြမ်းဖက်တိုက်ခိုက်မှု ခံရနိုင်ခြေ - မြင့်မားတဲ့ အခြေနေအတွက် ထုတ်ပြန်တာ ဖြစ်ပါတယ်။ဝန်ကြီးချုပ် Boris Johnson ကလည်း ဒီပေါက်ကွဲမှု အတွက် အရေးပေါ်အစည်းဝေး ခေါ်ယူခဲ့တာပါ။
အငှါးယဉ်ထဲမှာ လိုက်ပါလာတဲ့ ခရီးသည်က ဖေါက်ခွဲရေးပစ္စည်းကို သယ်လာတာ ဖြစ်ပြီး သူ့ကို Liverpool အမျိုးသမီး ဆေးရုံကို ပို့ခိုင်းခဲ့တာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ဒီဖေါက်ခွဲရေးပစ္စည်း ကိုဘာကြောင့် သယ်လာတယ် ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
ပေါက်ကွဲမှုကနေ ဒီခရီးသည် သေဆုံးခဲ့တယ်လို့ ရဲကပြောသလို သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုလည်း သူတို့သိတယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ချိန်ကစပြီး အခုချိန်ထိ ပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး စစ်ဆေးဖို့ ဖမ်းထားသူက ၄ ဦး ရှိပြီဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် အငှါးယဉ်မောင်းသမား ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ရပေမယ့် အခုတော့ ဆေးရုံကနေ ပြန်ဆင်းခွင့်ရသွားပါပြီ။