သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် သံအမတ်ကြီး နုတ်ထွက်မှု တုံ့ပြန်မှုတွေ ထွက်ပေါ်


အထူးဆက်ဆံရေးလို့ အမည်တွင်တဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံနှစ်နိုင်ငံ ဆက်ဆံရေးဟာဗြိတိန်သံရုံးက သံတမန်ကြေးနန်းစာ ပေါက်ကြားမှု သတင်းတွေကြောင့် ဒီ သီတင်းပတ်ထဲ အဆင်မချော ဖြစ်နေခဲ့ပါတယ်။ ၁၈၁၄ ခုနှစ်မှာ ဗြိတိသျှ စစ်သားတွေ အမေရိကန် ကွန်ဂရက် အဆောက်အအုံကို မီးရှို့ပြီးတဲ့အချိန် နှစ်နိုင်ငံ ဆက်ဆံရေး အဆိုးရွားဆုံး ရှိခဲ့ပြီးနောက်ပိုင်း ပုံမှန် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပေမဲ့ တစ်ခါတစ်ရံ နှစ်နိုင်ငံအကြား အခုလို အဆင်မပြေတဲ့ ဆက်ဆံရေး ကာလလေးတွေလည်း ရှိတတ်ပါတယ်။ ဒီ တစ်ပတ်အတွင်း ဆက်ဆံရေး ကျဆင်းခဲ့ရတဲ့ အကြောင်းရင်းဖြစ်တဲ့ ဒီ သတင်းပေါက်ကြားမှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျက်ဒေါသ အထိခံနေရတဲ့ ဗြိတိန် သံအမတ်ကြီး Sir Kim Darrock ဒီကနေ့ နုတ်ထွက်သွားခဲ့လို့ ဗြိတိန်နိုင်ငံအတွင်း ဂယက်ရိုက်သွားခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဒီ တစ်ပတ်ထဲ အဆင်မချောတဲ့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေးမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျက်ဒေါသ အဓိက အထိခံနေရသူက အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Sir Kim Darrock ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ သူက ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ပေါက်ကြားသွားတဲ့ ကြေးနန်းစာမှာ ဗြိတိန်သံအမတ်ကြီးက သမ္မတ ထရမ့်ကို ညံ့ဖျင်းသူ၊ စိတ်ဓါတ် မလုံခြုံသူ၊ အရည်အချင်း မပြည့်ဝသူ အဖြစ် ဝေဖန်ထားတာပါ။

ဒီ ပေါက်ကြားမှုအပြီး အင်္ဂါနေ့မှာ သမ္မတ ထရမ့်က အိမ်ဖြူတော် အနေနဲ့ ဗြိတိန်သံအမတ်ကြီး နဲ့ အဆက်အဆံ လုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာထားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ Sir Kim Darroch ဟာ အခုလို ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ သူက သံတမန်တစ်ဦး အဖြစ် ဝါရှင်တန်မှာ ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကြောင့် ဒီလို နုတ်ထွက်ခဲ့တာလို့ ပြောပါတယ်။ သူရဲ့ ကြေညာချက်မှာ သံအမတ်ကြီး အသစ်တစ်ယောက် ခန့်အပ်တာကို ခွင့်ပြုပေးဖို့ လက်ရှိ အခြေအနေက တောင်းဆိုနေတယ်လို့ ပါရှိပါတယ်။

သူ ရာထူးကနုတ်ထွက်တာနဲ့ ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက ဗြိတိသျှ အောက်လွှတ်တော်မှာ အခုလို ပြောခဲ့ပါတယ်။

“ သံအမတ်ကြီးက နုတ်ထွက်ဖို့ လိုအပ်လို့ နုတ်ထွက်ရတယ်လို့ ပြောလို့ ကျွန်မ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မတို့ ကက်ဘိနက် ဝန်ကြီးအဖွဲ့ တစ်ဖွဲ့လုံးကတော့ သူ့ကို ထောက်ခံမှု အပြည့်ပေးပါတယ်။ Sir Kim ဟာ သူ့ဘဝတစ်လျှောက်လုံး ဗြိတိန်နိုင်ငံအတွက် အလုပ်လုပ်ခဲ့သူဖြစ်လို့ သူ့ကို ကျေးဇူးတင်ရမှာပါ။ အစိုးရကောင်း တရပ်ဆိုတာ ပွင့်လင်းပြည့်စုံတဲ့ အကြံဉာဏ်တွေ ပေးအပ်နိုင်တဲ့ ပြည်သူ့ ဝန်ထမ်းတွေအပေါ် မှီခိုရပါတယ်။ ကျွန်မတို့ ပြည်သူ့ဝန်ထမ်း တစ်ရပ်လုံး ဒီလို ယုံကြည်မှုနဲ့ အလုပ်လုပ်ဖို့ ကျွန်မ လိုလားပါတယ်။ လွှတ်တော်အနေနဲ့လည်း ဒီ အမြင်နဲ့ ထပ်တူရှိမယ်လို့ မျှော်လင့်ပါတယ်။”

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Teresa May ကိုယ်တိုင်ကလည်း ရာထူးက နုတ်ထွက်ကြောင်း ကြေညာထားသူဖြစ်ပါတယ်။ သံအမတ်ကြီးကို အပြည့်အ၀ ထောက်ခံကြောင်း ဝန်ကြီးချုပ်က ပြောသလို လစ်လပ်သွားမယ့် ဝန်ကြီးချုပ်နေရာကို ရည်မှန်းနေတဲ့ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt ကလည်း အခုလို ကာကွယ်ပြောဆိုခဲ့ပါတယ်။

“ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ သံတမန်တွေ သူတို့ အလုပ်သူတို့ ကောင်းကောင်းလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ အခုကိစ္စမှာ Sir Kim Darrock ဟာ အတွေ့အကြုံများတဲ့ သံတမန်ပါ။ အမေရိကန်နဲ့ တရုတ်နိုင်ငံပြီးရင် ဗြိတိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သံတမန် ဝန်ထမ်းဦးရေ တတိယ အများဆုံး ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သံတမန်တွေကို ကျွန်တော်တို့ ကာကွယ်ရပါမယ်။ အခုကိစ္စမှာ သံအမတ်ကြီးဟာ သူလုပ်သင့်တဲ့ ပွင်းလင်းတဲ့ အကဲဖြတ်ချက် အမြင်တွေကို ပေးနေတာဖြစ်လို့ ကျွန်တော် သူ့ကို ကာကွယ်နေတာ ဖြစ်ပါတယ်။”

Jeramy Hunt က သူသာ ဝန်ကြီးချုပ်ဖြစ်ရင် ဗြိတိန်သံအမတ်ကြီးကိုဝါရှင်တန်မှာ ဆက်လက် ခန့်ထားမယ်လို့ ပြောထားခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ရာထူးအတွက် Jeremy Hunt နဲ့အပြိုင် ဝင်ရောက် အရွေးခံမယ့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Boris Johnson ကတော့ အခုလို ပြောပါတယ်။

“ သံအမတ်ကြီး နုတ်ထွက်သွားတာ စိတ်မကောင်းစရာပါ။ သူက သိပ်ကို တော်တဲ့ သံတမန်တစ်ယောက် ဖြစ်ပါတယ်။ ဒီ ကြေးနန်း ပေါက်ကြားအောင် လုပ်သူ ဘယ်သူပဲဖြစ်ဖြစ် ဘက်မလိုက်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့ ဝန်ထမ်းတွေ အပေါ် အကျိုးယုတ်အောင် လုပ်ခဲ့တာပါပဲ။ ပြည်သူ့ဝန်ထမ်းတွေရဲ့ဝန်ထမ်းဘဝနဲ့ အလားအလာတွေ နိုင်ငံရေး အစီအစဉ်တွေထဲ ဆွဲထည့်ခံရတာဟာ သိပ် မှန်ကန်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။”

သမ္မတ ထရမ့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့ Boris Johnson က သံအမတ်ကြီး Sir Kim ကို ဆက်လက် ထားရှိမယ်လို့ ကတိပေး မထားခဲ့ပါဘူး။ ဝါရှင်တန်ကို ဒီသီတင်းပတ်ထဲ ရောက်ရှိခဲ့တဲ့ ဗြိတိန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီးကတော့ ဒီ ပေါက်ကြားမှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက် စေချင်လို့ တမင်လုပ်တာဖြစ်နိုင်တယ် လို့လည်း ဆိုပါတယ်။

“ အခု ဖြစ်ရပ်ကြောင့် အတော်မလွယ်တဲ့ ကိစ္စတွေ ရှိလာခဲ့ပါတယ်။ တစ်ယောက်ယောက်က မလိုမုန်းတီးစိတ်နဲ့ ဗြိတိန်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်လိုလို့ ဖြစ်စေ သံအမတ်ကြီးကို ပုဂ္ဂိုလ်ရေးအရ နစ်နာစေလိုလို့ဖြစ်စေ ကြိုးစားခဲ့တာပါ။ ကမ္ဘာက ဒီဖြစ်ရပ်ကြောင့် ဒီတိုင်းပြည်မှာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ “လုပ်ငန်းသဘောမသိ” “ကျင့်ဝတ် နားမလည်” “မျိုးချစ်စိတ်မရှိတဲ့ အခြေအနေ”ကို တွေ့မြင်သွားရမှာကို စိုးရိမ်မိပါတယ်။”

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ထောက် အမြဲတမ်း အတွင်းဝန်ဖြစ်တဲ့ Simon McDonald က ရင်းနှီးတဲ့ မိတ်ဆွေ အိမ်ရှင်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်က ဗြိတိန် သံတမန်တစ်ယောက်ကို အခုလို အဆက်အဆံ မလုပ်ဘူးလို့ ပြောတာ အရင်က မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အခုလို ဗြိတိန် သံအမတ် အပြောင်းအလဲ ရှိလာပြီး ဝန်ကြီးချုပ် အသစ် ရှိလာမှာဖြစ်ပေမဲ့ ဒီလို အဆင်မပြေဖြစ်နေခဲ့တဲ့ နှစ်ဆက်ဆံရေး မြန်မြန်ဆန်ဆန် အပြည့်အ၀ ဘယ်လို ပြန်လည် ကောင်းမွန်လာမလဲ ဆိုတာတော့ သဲသဲကွဲကွဲ မသိနိုင်သေးပါဘူး။ နှစ် တော်တော် ကြာကာလအတွင်း အခုအချိန်ဟာ ဆက်ဆံရေး အကျဆင်းဆုံး အချိန်လို့လည်း Brookings Institute က သုတေသီ Thomas Wright ကလည်း ပြောပါတယ်။

နိုင်ငံရပ်ခြား သံတမန်တွေက အိမ်ရှင်နိုင်ငံက ခေါင်းဆောင်တစ်ဦးကို ဒီလို ဝေဖန်ခဲ့တာဟာ အရင်ကလည်း ရှိခဲ့ဘူးကြောင်း၊ ပေါက်ကြားခဲ့တဲ့ wikileak သတင်းတွေအရ အမေရိကန် သံတမန်တွေဟာ ပြင်သစ် သမ္မတ ဇာကိုဇီကို အဝတ်အစားမပါတဲ့ အင်ပါယာအရှင်သခင်ဖြစ် ခေါ်ဆိုခဲ့ဖူးကြောင်း ဝါရှင်တန် ပို့စ် သတင်းစာက ထောက်ပြထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG