သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပြောင်းလည်း လုပ်ဟန်မပြောင်းဖို့ NUG တိုက်တွန်း


 NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော (Crd: VOA/Zoom)
NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော (Crd: VOA/Zoom)

အာဆီယံအလှည့်ကျဥက္ထဋ္ဌပြောင်းလည်း လုပ်ဟန်မပြောင်းဖို့ NUG တိုက်တွန်း

လာမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် လာအိုနိုင်ငံအနေနဲ့ မြန်မာ့အရေးကို အင်ဒိုနီးရှားက ဖိအားပေးဆောင်ရွက်ခဲ့တဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလ ၅-၈ ရက်နေ့ထိ ကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲနဲ့ ပတ်သက်လို့ NUG သမ္မတရုံးပြောခွင့်ရကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၂၃ ခုနှစ်အတွက် အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဇန်နဝါရီလမှာ သူစတင်တာဝန်ယူတဲ့အချိန်ကစပြီး စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ဖြေရှင်းနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။ ဒါဆိုရင် အင်ဒိုနီးရှားက ဘယ်လိုဆောင်ရွက်ခဲ့သလဲ။

"အခု အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌလုပ်တဲ့အချိန်ကာလမှာ တိုးတက်မှုတွေရှိတယ်ဆိုတာက- ထိတွေ့ဆက်ဆံမှုတွေ အများကြီး ပိုမိုတိုးတက်လာတာဖြစ်တယ်။ မြန်မာနိုင်ငံပြဿနာကို အာဆီယံဥက္ကဋ္ဌအနေနဲ့ အင်ဒိုနီးရှားရဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ NUG ကို ရော တခြား state holders တွေ၊ တခြား တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုကောင်းလာတယ်၊ ဒါပေမဲ့ (result) ရလဒ်ကတော့ ဘာမှ ထင်ထင်ရှားရှား ရတာမရှိဘူး။ ဥပမာ-အကြမ်းဖက်စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် Humanitarian assistance (လူသားချင်းစာနာမှု အထောက်အပံ့တွေ) မှာတောင် လုပ်ဆောင်နိုင်တာ မရှိသေးဘူး။"

ဒါကြောင့် လာမယ့်ဥက္ကဋ္ဌတာဝန်ယူမယ့် လာအိုနိုင်ငံအနေနဲ့ အင်ဒိုနီးရှားအတိုင်း ဆက်လက်ဆောင်ရွက် သွားဖို့ NUG အနေနဲ့ တောင်းဆိုကြောင်း ဦးကျော်ဇောကဆိုပါတယ်။

"ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ အင်ဒိုနီးရှားရဲ့ လုပ်ဆောင်ချက်အောင်မြင်မှုတွေကို ပိုမိုပြီးတော့ ခိုင်မာအောင် ဒီ ASEAN summit ကနေပြီးတော့ အခြေခံကောင်းကောင်း ချနိင်ဖို့အတွက် ကျနော်တို့ မျှော်လင့်ပါတယ်။ နောက်အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံလက်ထက်မှာလည်း အသစ်ကနေပြန်စတာမဟုတ်ဘဲ အခု လုပ်နေတဲ့ တိုးတက်မှုတွေကို ဆက်ပြီးတော့ ပိုမိုတိုးတက်သွားအောင် လုပ်ကိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ...ဥပမာဆိုရင် အာဆီယံဥက္ကဋ္ဌပြောင်းသွားတိုင်း အထူးကိုယ်စားလှယ်ပြောင်းပြောင်းသွားတတ်တယ်၊ အခု အင်ဒိုနီးရှားဥက္ကဋ္ဌလက်ထက်မှာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဂျကာတာမှာဖွင့်ထားတာရှိတယ်။ အထူးကိုယ်စားလှယ်ပြောင်းသွားတာတောင်မှ ဂျကာတာမှာ အထူးကိုယ်စားလှယ်ရုံးကို ဆက်ပြီးတော့ ထိန်းထားခြင်းအားဖြင့် ဒီမှာ continuity ပိုမိုအားကောင်းမယ်လို့ ယုံကြည်ပါတယ်။ ဒီအာဆီယံအဖွဲ့ကြီးမှာဆိုရင်လည်း အာဆီယံအဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးရုံးက ဂျကာတာမှာရှိတယ်။ အာဆီယံရဲ့ head quarter (ရုံးချုပ်) ရှိတဲ့ ဂျကာတာမှာရှိတယ်။ ဥက္ကဋ္ဌပြောင်းသွားလည်း ဒီအတွင်းရေးမှူးရုံးက မပြောင်းသွားဘူး။ အဲဒီလိုပဲ ကိုယ်စားလှယ်ရုံးကိုလည်း အဲဒီလို ဆက်ပြီးထားဖို့ လိုအပ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းလိုက်တဲ့အခြေအနေနဲ့ ပတ်သက်လို့ အဲဒီနှစ် ဧပြီလမှာ အရေးပေါ်ခေါ်ယူခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကနေ မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်ကို သဘောတူချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအစည်းအဝေးမှာပါဝင်သဘောတူညီခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်နေကြောင်း မလေးရှားအပါအဝင် အဓိကအာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထောက်ပြထားပါတယ်။ ဒါအပြင် အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် အဆင့်မြင့် ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံနေရာအတွက် ကွက်လပ်ထားရှိဆဲဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီကနေ့ စတင်မယ့် အာဆီယံထိပ်သီးစည်းဝေးမတိုင်ခင် တနင်္လာနေ့က ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး RETNO MARSUDI က မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်တွေအကောင်အထည်ဖေါ်နိုင်မှုရှိမရှိဆိုတာကို အာဆီယံခေါင်းဆောင်တွေ သုံးသပ်အဖြေရှာဖို့ရှိတယ်လို့ အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့အဖြေတခုရဖို့ အာဆီယံအနေနဲ့ အာမခံနိုင်မှသာ အသင်းကြီးအနေနဲ့ စွမ်းအားအပြည့်နဲ့ ရှေ့ကို ဆက်ပြီးသွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ခေါင်းဆောင်တွေ အခွင့်အာဏာပေးထားတဲ့အတိုင်း မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖေါ်မှုရှိမရှိဆိုတာကို ကျမတို့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ ပြန်ပြီးသုံးသပ်ကြပြီးတော့ အကြံပြုချက်တွေပြင်ဆင်ပေးဖို့ရှိနေပါတယ်။"

လက်ရှိကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ပတ်သက်လို့ မြန်မာစစ် ကောင်စီဘက်က သဘောထားထုတ်ပြန်ခြင်း မရှိသေးပေမယ့် ဒီနှစ်ဇန်နဝါရီလမှာ အာဆီယံဥက္ကဋ္ဌနေရာကို စတင်တာဝန်ယူခဲ့ချိန်မှာ အင်ဒိုနီးရှားက ထုတ်ပြန်ခဲ့တဲ့ မြန်မာ့အရေးကြေညာချက်တွေကို စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့ပါတယ်။

ဒီကနေ့ စတင်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ဒုသမ္မတ Kamala Harris ၊ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ အခြားထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင် တချို့ တက်ရောက်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG