သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ တိုးတက်မှုရအောင် မလုပ်နိုင် - အင်ဒိုနီးရှားသမ္မတ


အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဘေးပန်းအစည်းအဝေးတခုအတွင်းအမှာစကားပြောကြားနေတဲ့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကို (မေ ၁၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဘေးပန်းအစည်းအဝေးတခုအတွင်းအမှာစကားပြောကြားနေတဲ့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကို (မေ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့ဘူးလို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အင်ဒိုနီးရှားသမ္မတက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အကျပ်အတည်းတွေ ဖြေရှင်းဖို့ စစ်ကောင်စီအပါအဝင် အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း အင်ဒီုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) က ဒီနေ့ အာဆီယံထိပ်သီး ညီလာခံ နောက်ဆုံးနေ့မှာ ပြောဆိုသွားပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ခွင့်မပြုနိုင်သလို အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ ထိတွေ့ ဆက်ဆံဖို့ ဖြစ်ပါတယ်။ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်ခြေရှိတဲ့အတွက် အားလုံးပါဝင်ဖို့ ဆိုတာ ပိုပြီး ခိုင်ခိုင်မာမာ လက်ခံဖို့ လိုတယ်။ အင်ဒိုနီးရှားအနေနဲ့ စစ်ကောင်စီအပါအဝင် အားလုံးနဲ့ ဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်လို့ သမ္မတ Joko Widodo ပြောဆိုသွားတာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံတယ်။ ချဉ်းကပ်တယ် ဆိုတာဟာ အသိအမှတ်ပြုတာ မဟုတ်ဘူးလို့လည်း သမ္မတ ဂျိုကိုဝီဒိုဒိုက ရှင်းလင်းပြောဆိုသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခြင်း မရှိဘဲ အဖွဲ့ဝင် ၉ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံကြတာပါ။ မြန်မာနိုင်ငံ့အရေး အာဆီယံရဲ့ ချဉ်းကပ်မှုတွေ ထိရောက်မှု မရှိဘူးဆိုပြီး ဝေဖန်မှုနဲ့ ဖိအားပေးမှုတွေ ရှိနေတဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အာဆီယံဘက်က အလျော့မပေးဘဲ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း အင်ဒီုနီးရှား သမ္မတက ပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူလုပ်ဆောင်ခဲ့ဖူးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီကတော့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အဓိက ကျုးလွန်နေတာဟာ စစ်ကောင်စီဖြစ်တယ်ဆိုတာကို အာဆီယံအနေနဲ့ အသိအမှတ်ပြုလက်ခံဖို့လိုတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် နိုင်ငံတကာ တရားရုံးမှာ အရေးယူနိုင်ရေး ကြိုးပမ်းချက်တွေအပေါ် ထောက်ခံဖို့လည်း ASEAN ကို တောင်းဆိုထားပါတယ်။

NUG အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရကတော့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး ပြဿနာတွေကိုဆွေးနွေးဖြေရှင်းဖို့နဲ့ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ASEAN ထိပ်သီးအစည်းအဝေးအတွင်း တိုက်တွန်းပြောဆိုချက်တွေကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒုက္ခသည်တွေကို ကူညီရေးမှာ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဗွီအိုအေကို ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG