သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များတိုက်တွန်းချက် NUG ကြိုဆို


အင်ဒိုနီးရှားမှာကျင်းပနေတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲ။ 
အင်ဒိုနီးရှားမှာကျင်းပနေတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲ။ 

ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး ပြဿနာတွေကိုဆွေးနွေးဖြေရှင်းဖို့နဲ့ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ တိုက်တွန်းပြောဆိုခဲ့တာကို NUG အမျိုးသား ညီညွတ်ရေးအစိုးရကကြိုဆိုကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ကိုကျော်ဇောက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအကြပ်အတည်းတွေကို ကူညီဖြေရှင်းပေးဖို့ လုပ်နေတာတွေကို ကျနော်တို့ကြိုဆိုပါတယ်။ အကြမ်းဖက်မှုတွေကြောင့် စစ်ပြေးဒုက္ခသည်တွေများကြီးဖြစ်လာတယ်၊ လူသားချင်း စာနာမှုဆိုင်ရာအထောက်အပံ့တွေကိုပေးဖို့လုပ်တာကို ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိ ပါတယ်။ အဲဒီအတွက် ကျနော်တို့အနေနဲ့ လမ်းဖွင့်ထားတယ်ဆိုတာကိုလည်းပြောကြားချင်ပါတယ်။”

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့်လည်း စစ်ကောင်စီဘက်ကပူးပေါင်းဆောင်ရွက်မှုမလုပ်တဲ့အတွက် မအောင်မမြင်ဖြစ်နေရကြောင်းနဲ့ ဒီအတွက်လက်တွေ့ကျပြီး အချိန်ကာလသတ်မှတ်မှုရှိတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်တယ်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ် ကိုကျော်ဇောကတိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ ၇ ရက်နေ့က လူသားချင်းစာနာမှုကိစ္စတွေအတွက် ခရီးသွားနေတဲ့ အာဆီယံလူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံ AHA Center က ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ကားကို ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ လက်နက်ကိုက်အဖွဲ့တဖွဲ့က တိုက်ခိုက်ခဲ့တာကိုကြားသိရကြောင်း NUG အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီ KNPP နဲ့ ချင်း CNF တို့ကပူးတွဲ ကြေညာချက်တစောင်ထုတ်ပြန်ထားပါတယ်။

အာဆီယံရဲ့လုပ်ဆောင်မှုတွေကိုကြိုဆိုကြောင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေကို လုံခြုံဘေးကင်းစွာလုပ်ဆောင်နိုင်ဖို့လိုအပ်ကြောင်း မေလ ၁၀ ရက်နေ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ အာဆီယံယာဉ်တန်းကို အကြမ်းဖက်အဖွဲ့တွေက တိုက်ခိုက်တာလို့​ ထုတ်ပြန်ခဲ့ပြီး ဘယ်အဖွဲ့လဲဆိုတာတော့ အတိအကျပြောဆိုတာ မရှိသေးပါဘူး။

ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာတော့ မြန်မာစစ်ကောင်စီက နိုင်ငံကို ကိုယ်စားပြုတက်ရောက်ခွင့်မရပါဘူး။ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့အရေးဖြေရှင်းဖို့အတွက် စစ်ကောင်စီကိုရော NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဘက်ပေါင်းစုံနဲ့ထိစပ်သွားမယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG