သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူအခြေစိုက်Visa ကဒ် ကုမ္ပဏီ မြန်မာစစ်တပ်ပိုင် ဥက္ကလာ ဂေါက်ကွင်းနဲ့ လုပ်ငန်းရပ်ဆိုင်း


စင်္ကာပူအခြေစိုက် Visa ကဒ် ကုမ္ပဏီက မြန်မာ စစ်တပ်ပိုင် ဥက္ကလာဂေါက်ကွင်းနဲ့ သူတို့ ဆက်စပ် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အကြောင်းကြားခဲ့ကြောင်း ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့က ထုတ်ပြန်တဲ့ ဗြိတိန် အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ စီးပွားဖက်လုပ်ကိုင်နေတဲ့ နာမည်ပျက် နိုင်ငံတကာကုမ္ပဏီတွေ စာရင်းကနေ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီ နှစ်ခုရှိနေပြီး၊ ဘာကြောင့် သူတို့ ပယ်ဖျက်ခံရသလဲဆိုတာကို Burma Campaign UK တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

Visa ကဒ် ကုမ္ပဏီဟာ Burma Campaign UK က ထုတ်ပြန်ထားတဲ့ နာမည်ပျက် စာရင်းထဲက ဒုတိယမြောက် ပယ်ဖျက်ခံရတဲ့ နိုင်ငံတကာ ကုမ္ပဏီတခုဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Burma Campaign UK ကို အကြောင်းကြားခဲ့တဲ့ စာနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို အခုလိုပြောပါတယ်။

" Burma Campaign ထောက်ခံသူတဦးဆီ ပေးပို့တဲ့ Visa ကုမ္ပဏီရဲ့ စာကို ဒီကနေ့ ကျနော်တို့ လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီစာထဲမှာ သူတို့ Visa ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီက ပိုင်တဲ့ ဥက္ကလာ ဂေါက်ကွင်းနဲ့ နောက်ထပ် အသစ်ထပ်တိုး လုပ်ကိုင်ဖို့ မရှိတော့သလို၊ ဂေါက်ရိုက် ပစ္စည်းတွေ မြှင့်တင်ရေး အစီအစဉ်အတွက်လည်း Visa ကုမ္ပဏီအနေနဲ့ ဆက်လက်ဆောင်ရွက်တော့မှာ မဟုတ်ကြောင်း ဖေါ်ပြထားပါတယ်။"

Burma Campaign ထောက်ခံသူတဦး ရရှိခဲ့တဲ့ Visa ကုမ္ပဏီရဲ့ စာထဲမှာတော့-

“Visa ကုမ္ပဏီဟာ အစုရှယ်ယာဝင်တွေအတွက် ခေါင်းဆောင်မှုမှာရော၊ မိတ်ဖက်အဖြစ်မှာပါ တာဝန်ခံမှု၊ တာဝန်ယူမှုရှိကြောင်း၊ ကုမ္ပဏီရဲ့ တန်ဖိုးတွေဖြစ်တဲ့ ဆန်းသစ်တီထွင်မှု အကောင်းဆုံး၊ ယုံကြည်အားကိုးမှု အရှိရဆုံး၊ လုံခြုံစိတ်ချရဆုံး ဒီဂျစ်တယ်လ် နည်းပညာနဲ့ ငွေပေးချေတဲ့ ကွန်ယက် စတာတွေကနေတဆင့် ကမ္ဘာကြီးနဲ့ Visa ကုမ္ပဏီဟာ ဆက်သွယ် လှုပ်ရှားနေတာဖြစ်ပါတယ်။ Visa ကဒ် ကိုင်ဆောင်မှုမြှင့်တင်ရေး Green Golf ကုမ္ပဏီနဲ့ ပူးတွဲလုပ်ကိုင်မှုအစီအစဉ် သတ်မှတ်ချိန်ကာလ ကုန်ဆုံးပြီဖြစ်တဲ့အတွက် နောက်ထပ် အသစ်ထပ်မတိုးဖို့ ကုမ္ပဏီဘက်က ဆုံးဖြတ်ခဲ့ကြောင်း” ဖေါ်ပြထားပါတယ်။

ဒါကြောင့်လည်း Visa ကုမ္ပဏီရဲ့ လုပ်ရပ်ဟာ အရမ်းကို အရေးပါကြောင်း Mark Farmaner ကအခုလိုပြောပါတယ်။

" ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေကို ကျနော်တို့ ပြောနေတာက မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ ဖြစ်ပါတယ်။ Visa ကုမ္ပဏီဟာ သူတို့ရဲ့ ကဒ်ကိုင်ဆိုင်မှု မြှင့်တင်ရေးအနေနဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ဂေါက်ကွင်းနဲ့ ပူးပေါင်းပြီး အဲဒီကိုလာ ကစားသူတွေ အတွက် အထူးခံစားခွင့် ပေးခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ Visa ကုမ္ပဏီကို ဖိအားပေးခဲ့ပါတယ်။ အခုတော့ သူတို့လည်း စစ်တပ်ပိုင် ဂေါက်ကွင်း နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။

Visa ကဒ် အသုံးပြုသူတွေ ပစ်မှတ်ထားပြီး ဂေါက်သီးရိုက်တဲ့ ကိရိယာ တန်ဆာပစ္စည်းတွေ အရောင်းမြှင့်တင်ရေး အစီအစဉ်အတွက် ဂေါက်သီးရိုက် အားကစား ကုမ္ပဏီတခုဖြစ်တဲ့ Green Golf ကို စင်္ကာပူအခြေစိုက် Visa ကုမ္ပဏီက ငှားရမ်းခဲ့တာပါ။ အဲဒီအတွက် မြန်မာနိုင်ငံကို Visa ကုမ္ပဏီ လာ ရောက်လုပ်ကိုင်ရာမှာ စစ်တပ်ပိုင် ဥက္ကလာ ဂေါက်ကွင်းကို ရွေးချယ်ပြီး ဆက်စပ်လုပ် ကိုင်ခဲ့တာဖြစ်ပါတယ်။ ဥက္ကလာ ဂေါက်ကွင်းဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ရဲ့ ကုမ္ပဏီလုပ်ငန်းခွဲ တခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း Engie ပြင်သစ် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီကြီးကနေ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ရဲရွာရေကာတာစီမံကိန်း မှာ သူတို့ ဆက်စပ်လုပ်ကိုင်နေမှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Burma Campaign ကို အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့် Burma Campaign ကနေ ထုတ်ပြန်ထားတဲ့ နာမည်ပျက် စာရင်းဝင် ကုမ္ပဏီတွေထဲကနေ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်မှုမရှိတော့ကြောင်း Burma Campaign ကို အကြောင်းကြားလာတဲ့ ကုမ္ပဏီတွေ Mark Farmaner ကိုမေးကြည့်တော့-

" နာမည်ပျက် ကုမ္ပဏီစာရင်းကို ကျနော်တို့ အများပြည်သူသိအောင် ထုတ်ပြန်မကြေညာခင်မှာ ကုမ္ပဏီအားလုံးဆီကို ကျနော်တို့ စာရေး အကြောင်းကြားခဲ့ပါတယ်။ အဲဒီထဲမှာ သူတို့ကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်နဲ့ ပတ်သက် ဆက်စပ်မှုရှိနေတာကို သတိပြုမိကြောင်းနဲ့ အဲဒီအတွက်လည်း Burma Campaign က ထုတ်ပြန်မယ့် နာမည်ပျက် ကုမ္ပဏီတွေ စာရင်းမှာ ထည့်သွင်းဖေါ်ပြမှာဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာ ကုမ္ပဏီ သုံးခုကနေ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ကျနော်တို့ကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကုမ္ပဏီရဲ့ နာမည်တွေကို ထုတ်မပြောဖို့ တောင်းဆိုခဲ့တဲ့ အတွက် ကျနော်တို့ စာရင်းထုတ်ပြန်ချိန်မှာ ဒီကုမ္ပဏီသုံးခုရဲ့ အမည်ကို ထည့်သွင်းဖေါ်ပြခြင်း မရှိခဲ့ပါဘူး။ "

ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး အခု ဖေဖေါ်ဝါရီလအထိ နိုင်ငံတကာကုမ္ပဏီ စုစုပေါင်း ငါးခုကနေ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ရပ်ဆိုင်းခဲ့ပြီးဖြစ်တယ်လို့ Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။

လူမျိုးတုန်း သတ်ဖြတ်တဲ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားဖက်အဖြစ် ပူးပေါင်းလုပ်ဆောင်နေတဲ့ နိုင်ငံတကာကုမ္ပဏီပေါင်း (၄၉)ကို Burma Campaign UK က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ နာမည်ပျက်စာရင်းအဖြစ် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG