သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင်တော်လှန်ရေး အမျိုးသမီးများ အခန်းကဏ္ဍ


မအိသန့်စင် (VOA) နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မခင်လေး
မအိသန့်စင် (VOA) နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မခင်လေး
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုထဲ အလွှာစုံက အမျိုးသမီးတွေ တက်တက်ကြွကြွ ပါဝင်တဲ့အပြင်၊ အခုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ အမျိုးသမီးဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါဝင်တာဟာ ကောင်းတဲ့အစပျိုးမှု ဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မခင်လေး က ပြောပါတယ်။ မအိသန့်စင် က မခင်လေး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဒီကနေ့ မေးချင်တာကတော့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာ စသိမ်းပြီးချိန်နောက်ပိုင်းမှာ ပြည်သူတွေက ကပ်ရောဂါကြားထဲကနေ လမ်းပေါ်ထွက်ပြီးတော့ လူစုလူဝေးနဲ့ ဆန္ဒပြကြတယ်။ အဲဒီအထဲမှာ အမျိုးသမီးတွေ ဦးဆောင်တဲ့အဖွဲ့တွေကိုလည်း တွေ့လာရတယ်။ အဲဒါကြောင့်မို့ လူထုတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ကဏ္ဍ ဘယ်လောက်အရေးပါသလဲဆိုတာကို ပြောပြပေးပါရှင့်။

ဖြေ ။ ။ တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ကဏ္ဍက အခုခေတ်မှ မဟုတ်ပါဘူး၊ လွတ်လပ်ရေးခေတ်ကပဲဖြစ်ဖြစ်၊ ၁၉၈၈ တုန်းကပဲဖြစ်ဖြစ် တောက်လျှောက်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အားမနည်းပါဘူး။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ အရင်တုန်းက နည်းပညာတွေ၊ သတင်းအချက်အလက်တွေ ရယူနိုင်မှုက အကန့်အသတ်ရှိနေတဲ့အခါကြတော့ လူတွေက ချက်ချင်းလက်ငင်း မသိကြဘူး။ အမျိုးသမီးတွေရဲ့ ပါဝင်မှုကိုလည်း သီးသီးသန့်သန့် ဂုဏ်ပြုမှုတွေလည်း မရှိဘူး။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကမ္ဘာကြီးမှာ အချိန်နဲ့တပြေညီ သတင်းတွေကို ရယူနိုင်မှုတွေ ရှိလာတဲ့အခါကြတော့ ကျမတို့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ကွင်းထဲမှာ လုပ်နေတဲ့လှုပ်ရှားမှုတွေကို မြင်တွေ့နေရတဲ့အတွက် အမျိုးသမီးတွေရဲ့ ပါဝင်မှုက ပိုပြီးတော့လဲ အရင်ကထက်များလာတယ်။ ပိုပြီးတော့လဲ အားရစရာကောင်းလာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုမှပါတာ မဟုတ်ဘူး၊ အရင်ကတည်းကလည်း အားရစရာကောင်းအောင် ပါဝင်ခဲ့တယ်။ အခုကတော့ မျိုးဆက်သစ်တွေရဲ့ သတ္တိရှိရှိ၊ ပြောင်ပြောင်မြောက်မြောက်နဲ့ ရှေ့တန်းက ဦးဆောင်နေမှုကတော့ ပိုပြီးတော့ ချီးကျူးဂုဏ်ပြုစရာလို့တော့ ကျမ မြင်ပါတယ်ရှင့်။

မေး ။ ။ ဒီလိုမျိုး စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အင်အားအဆမတန်သုံးပြီးတော့ အကြမ်းဖက်တာတွေရှိတယ်။ အဲဒီအထဲမှာမှ အမျိုးသမီးငယ်တချို့ ရိုက်နှက်ခံရတဲ့ပုံရိပ်တွေ ထွက်ပေါ်လာတာတွေ ရှိတယ်။ အဲဒါတင်မကဘူး၊ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ၊ စိတ်ပိုင်းဆိုင်ရာ။ နောက်ပြီးတော့ အမျိုးသမီးတွေ လိင်ပိုင်ဆိုင်ရာ စော်ကားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဒီလိုမျိုး လိင်ကိုအခြေပြုပြီးတော့ လုပ်တဲ့အကြမ်းဖက်မှုတွေကို ဘယ်လိုမျိုး တားမြစ်နိုင်ပါမလဲရှင့်။

ဖြေ ။ ။ အဲဒီကိစ္စကို ကျမတို့ အမျိုးသမီးအဖွဲ့တွေနဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေကို ကူညီစောင့်ရှောက်၊ ကူညီပေးနေတဲ့ အမျိုးသမီးတွေက ဒီကိစ္စကို အခုအချိန်မှာတော့ အရေးတကြီးကိစ္စအဖြစ်နဲ့ ဆွေးနွေးနေကြပါတယ်။ ကျမတို့ လောလောလတ်လတ်မှာတော့ ကူဖို့၊ ဘယ်လိုတားမြစ်မလဲဆိုတဲ့ဟာက တော်တော်ဖြေရခက်တဲ့ ကိစ္စလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမဆန်စွာ ရက်ရက်စက်စက်နဲ့ ရင်ဝယ်ပိုက်ကလေးလေးကအစ သတ်ဖြတ်နေတဲ့ အကြမ်းဖက်လုပ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကျမတို့ အမျိုးသမီးတွေမို့ မလုပ်ပါနဲ့လို့ သွားတားလို့ရမယ့် အနေအထားတော့ မရှိဘူး။ ဒါပေမဲ့ တတ်နိုင်သမျှတော့ ကျမတို့က ဒီအမျိုးသမီးတွေကို ဖမ်းဆီးခံရတဲ့အခါမှာပဲဖြစ်ဖြစ်၊ လူမဆန်စွာ ညဉ်းပမ်းနှိပ်စက်တာရယ်၊ နောက်တခုက လိင်ပိုင်ဆိုင်ရာ စော်ကားတာတွေ၊ မဖွယ်မရာပြုမှုရာတွေ မပြုမှုဖို့ကို ကျမတို့ တတ်နိုင်သမျှ အသံကျယ်ကျယ်နဲ့ အော်နေရမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျမတို့လို သာမန်ပြည်သူတွေကတော့ အော်ပဲအော်နိုင်တယ်။ ဒါပေမဲ့ တကယ့်အင်အားရှိတဲ့ အခြားနိုင်ငံတွေက အစိုးရတွေ၊ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေကတော့ စစ်ကောင်စီကို ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ သတိပေးဖို့၊ ဒါမျိုးတွေ မလုပ်ဖို့အတွက်ကို သတိပေးစာ ပို့တာမျိုးတွေ၊ ဖိအားပေးတာမျိုးတွေကတော့ ပိုလုပ်ရင်တော့ ပိုထိရောက်မယ်လို့ ထင်တယ်။ အန္တရာယ်နည်းနိုင်သမျှနည်းအောင် ဘယ်လိုနည်းနဲ့ ပါဝင်မလဲဆိုတာတွေကိုလည်း ကျမတို့အချင်းချင်းကြားထဲမှာတော့ သီးသန့်ဆွေးနွေးဖြစ်တာတွေတော့ ရှိနေပါတယ်။

မေး ။ ။ ဒီတော်လှန်ရေးမှာ ပါဝင်တယ်ဆိုတဲ့နေရာမှာ စစ်ကြောင်းမှာပါဝင်တဲ့လူ၊ ဒါမှမဟုတ် ခေါင်းဆောင်မှုပိုင်းမှာ ဦးဆောင်ဦးရွက်ပါဝင်တဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုမျိုး အခက်အခဲတွေကို ကြုံရပါလဲရှင့်။

ဖြေ ။ ။ ဒါကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ကျမတို့ အမျိုးတွေဆိုရင် သာမန်အခြေအနေမှာတောင် အင်အားနွှဲ့တဲ့လူလို့ ယူဆကြတယ်။ အမျိုးသားတွေ အင်အားကြီးသူတွေက ကာကွယ်ပေးရမယ့် ယူဆတဲ့ အစဉ်အလာနဲ့ ကျမတို့ ကြီးပြင်းခဲ့တယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးထဲမှာ ကျမတို့ အမျိုးသမီးတွေက Defense Role ရှေ့တန်းကနေ နောက်ပိုင်းမှာ အမျိုးသမီးငယ်တွေ ပါလာတဲ့အခါကြတော့ ကျမလိုမျိုး Generation X အသက်အရွယ်အရ မျိုးဆက်တခုကို ဖြတ်သန်းပြီးတဲ့ ရှစ်ဆယ့်ရှစ်ကို ဖြတ်သန်းခဲ့တဲ့ မျိုးဆက်အနေနဲ့တောင် တော်တော်လေးကို ဝမ်းသာအားရနဲ့ အံ့သြမဆုံး ဖြစ်ရတယ်။ ဆိုတော့ သူတို့တွေကို ကျမတို့က ဘယ်လိုခံစားတွေ့ကြုံရလဲဆိုတာကို ကျမတို့ရဲ့ ကိုယ့်တွေ့အသိတွေနဲ့ မြင်နေရတဲ့ဟာတွေအရဆိုရင် ဒီလမ်းကြောင်းတလျှောက် လိုက်တဲ့အခါမှာလည်း အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။ ဖမ်းဆီးခံရရင်တော့ ပြောစရာမလိုတော့ဘူး။ ဒါပေမဲ့ အဲဒီလိုမှမဟုတ်ဘူး။ ဖမ်းဆီးမခံရအောင် ထွက်ပြေးတိမ်းရှောင်၊ ပုန်နေအောင်းနေတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် အန္တရာယ်က အများကြီး ရှိနိုင်တယ်။ အခု လူငယ်တွေက တက်ကြွတဲ့စိတ်ဓါတ်နဲ့ ဒီတော်လှန်ရေးကို အဆုံးထိ တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သင်တန်းသွားတက်ကြတာတွေ ရှိတယ်။ သို့မဟုတ်ရင် ခေတ္တအခြားနေရာတွေမှာ လုံခြုံတဲ့နေရာတွေမှာ၊ တိုင်းရင်းသားနယ်မြေတွေမှာ ခိုလှုံတာတွေ ရှိတယ်။ ဒီနေရာတွေမှာလဲ အားလုံးသိပြီးတဲ့အတိုင်းပဲ နေရေးစားရေးက ကိုယ့်အိမ်မှာလို မဟုတ်ဘူး။ အဆင်ပြေမှာ မဟုတ်ဘူး။ အများနဲ့နေရတယ်။ အားလုံးနဲ့ တသားတည်း နေရတဲ့အခါမှာလည်း သူတို့အတွက် မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေလည်း အများကြီးရှိနိုင်မယ်။

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ဒါတွေကတော့ ကျမတို့ အမျိုးသမီးတွေအတွက် ပိုပြီးတော့ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားတွေကတော့ နေရာအနံှမှာတော့ ရှိနေတယ်လို့ ကျမတို့မြင်တယ်။ ဒါ့အပြင် နောက်ပိုင်းကြားနေရတာတွေက ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဆိုရင် သူတို့ကို မုဒိမ်းပြုကျင့်ခံတဲ့ ကိစ္စမျိုးတွေ။ မဖွယ်မရာ တော်တော်လေး ရက်ရက်စက်စက်၊ နှိပ်စက်တဲ့နေရာမှာတောင် လိင်ပိုင်းကိုပဲ အဓိကထား နှိပ်စက်တဲ့ဟာတွေလည်း ရှိနေတာမျိုးတွေ ကြားရတဲ့အတွက် ဒါတွေကတော့ ကျမတို့ အမျိုးသမီးတွေအတွက်တော့ အင်မတန်မှ စိုးရိမ်စရာကောင်းတယ်။ ဒါပေမဲ့ ကျမ အားရတာတခုကတော့ အဲဒီလို ဖြစ်နေတယ်လို့ ကြားပေမယ့်လဲ ကျမတို့ အမျိုးသမီးတွေက နောက်ဆုတ်သွားတာမျိုး မရှိဘဲ။ ရဲရဲဝံ့ဝံ့နဲ့ ဆက်ပြီးတော့ ပါဝင်ပြီးတော့ တိုက်ပွဲဝင်နေတယ်ဆိုတာလဲ ကျမတို့အတွက်တော့ အင်မတန်မှ အားရှိစရာကောင်းတယ်လို့ မြင်ပါတယ်။

မေး ။ ။ မခင်လေး အခုနပြောသွားသလိုပဲ Generations မျိုးဆက်အများစု အရင်နဲ့ အခု Gen Z က အစ အသက်ကြီးတဲ့လူအထိ အမျိုးသမီးတွေ ရှေ့တန်းကနေ ပါဝင်ပြီး ချီတက်ကြတဲ့ ပုံရိပ်တွေကို သတင်းတွေမှာလဲ အမြဲတွေ့နေရတယ်။ ဒီလိုမျိုး အလွှာစုံ အသက်အရွယ်စုံက အမျိုးသမီးတွေက ပါဝင်ပြီးတော့ တော်လှန်ရေးအတွက် အားဖြည့်တဲ့အတွက် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိပါသလဲရှင့်။

ဖြေ ။ ။ ရှိတာပေါ့။ ကျမတို့ တိုင်းပြည်တပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အရေးကိစ္စ မှန်သမျှဟာ မျိုးဆက်တခု၊ လူတန်းစားအလွှာတခုကနေ လုပ်လို့မရဘူး။ ဥပမာ အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ကျမတို့ အရင်တုန်းက တခုခုပေါ့ - ဒီမိုကရေစီခေတ်ပြောင်း အပြောင်းအလဲကာလမှာလဲ အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ယူဆပြီးတော့ အစိုးရကိုပဲ ပုံချပြီးတော့ အပ်တာပေါ့။ ပြောချင်တာက ကောင်းကောင်းဆိုးဆိုး သူတို့လက်ထဲမှာ အပ်တာမျိုးကိုတော့ ကျမကိုယ်တိုင်က မယုံကြည်ပါဘူး။ ကျမတို့ နိုင်သလောက်၊ အကုန်လုံးက ဝိုင်းပြီးတော့၊ တယောက်တလှဲ့ နိုင်သလောက် ဝိုင်းလုပ်ရမယ်လို့ ယူဆပါတယ်။ ဒီကာလက ပိုဆိုးတာပေါ့။ ကျမတို့က လုံးဝစစ်အာဏာရှင် လက်အောက်ကို ရောက်သွားပြီ။ စစ်အာဏာရှင်လက်အောက်ကို ရောက်တာဟာ တဦးတယောက်ထဲပဲ ရောက်တာမဟုတ်ဘူး။ နိုင်ငံရေးသမားတွေပဲ ရောက်တာ မဟုတ်ဘူး။ ကျောင်းသားပဲ ရောက်တာမဟုတ်ဘူး။ အားလုံးရောက်သွားတာ ဖြစ်တဲ့အတွက် ကျမတို့ မျိုးဆက်အကုန်လုံး၊ လူတန်းစားအလွှာအသီးသီး၊ အားလုံးပါဝင်မှုနဲ့ အရွေ့ကိုဖြစ်မှ မြန်မြန်အောင်ပွဲရမယ်လို့ မြင်တယ်။ အဲဒီတော့ ကိုယ်ပါဝင်နိုင်တဲ့နည်းနဲ့ အခုနပြောသလို Defense လိုမျိုး၊ စစ်ရေးအရ ပါဝင်နိုင်တဲ့လူတွေကလည်း ပါဝင်တယ်။ ပြီးတော့ Civil Disobedience Movement အနေနဲ့ ပါဝင်နိုင်တဲ့နည်းတွေ ရှိတယ်။ အခွန်မဆောင်တာတွေ။ သူတို့လုပ်တဲ့ အလုပ်တွေကို မပူးပေါင်း၊ မဆောင်ရွက်တာတွေ။ သပိတ်မှောက်တာတွေ။ ဒါတွေအများကြီး ကျမတို့ ပါဝင်လို့ရတယ်။ နောက်ဆုံးတော့ ပြည်တွင်းမှာ ရှိနေတဲ့ လူတွေက သူတို့လက်ခုပ်ထဲကရေ။ အချိန်မရွေး အန္တရာယ်နဲ့ ကျရောက်နိုင်တယ်။ အဲဒီအတွက် ကိုယ့်ရဲ့လုံခြုံရေးကိုလဲ သတိထားပြီးတော့ ဘယ်လိုနည်းနဲ့ သိပ်ပြီးမနစ်နာမယ့် နည်းမျိုးနဲ့ ရေရှည်မှာ စစ်ကောင်စီ ရှိနေသရွေ့ ဆန့်ကျင်သွားမလဲ။ ဘယ်လိုမျိုး အာခံသွားမလဲဆိုတာကိုလည်း ကျမတို့ နည်းပေါင်းစုံနဲ့ စဉ်းစားပြီးတော့ ပါဝင်ဖို့ လိုမယ်လို့တော့ ကျမ ယုံကြည်ပါတယ်ရှင့်။

မေး ။ ။ ကျား-မ တန်းတူရရှိဖို့ဆိုတာ အမေရိကန်ပြည်ထောင်စုလို၊ ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် အခုအချိန်အထိ မနည်းကြိုးပမ်းပြီးတော့ ရယူနေရတဲ့ကိစ္စပါ။ အဲဒီလိုဆိုတော့ မြန်မာနိုင်ငံမှာကော ဒီလိုမျိုး ကျား-မ တန်းတူညီမျှမှုက ဘယ်လောက် အခြေအနေအထိ ရှိလဲ။ ဒါမှမဟုတ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြောင်းလဲသွားတာတွေကို တွေ့ရပါသလားရှင့်။

ဖြေ ။ ။ ကျား-မ တန်းတူညီမျှမှုကတော့ ကမ္ဘာမှာလဲ အခုအချိန်အထိကို ကြိုးစားနေရတဲ့ အရေးကြီးတဲ့ကိစ္စတခု ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာဆို အခုမှ ပထမဦးဆုံး အမျိုးသမီး ဒုသမ္မတတောင်မှ ရွေးကောက်တင်မြှောက်နိုင်တယ်။ ဆိုတော့ ကျမတို့လို မြန်မာနိုင်ငံမှာ အစစအရာရာ၊ အစကနေ ပြန်စနေရတဲ့ ဖွံ့ဖြိုးတိုးတက်မှု အားယူနေတဲ့ နိုင်ငံမျိုးမှာတော့ မပြောနဲ့တော့။ ဒါပေမဲ့ ကျမတို့ဆီက အများစု၊ ဓလေ့ထုံးစံအရ ယဉ်ကျေးမှုအရ သိထားတဲ့အသိ၊ ပညာရေးအရ သိထားတဲ့အသိတွေက ဒါတွေက အရမ်းကြီးအရေးကြီးတယ်လို့ သူတို့သိ၊ မခံယူသေးဘူး။ မခံယူတဲ့အခါမှာ ကျမတို့က Gender Equality လို့ ပြောတယ်။ ကျား-မ တန်းတူညီမျှရေးကို ဆောင်ရွက်တဲ့အခါမှာ ကျမတို့ကို အပိုအလုပ်တွေလုပ်တယ်။ အလုပ်မရှိ အလုပ်ရှာလုပ်တယ်။ နောက်တခါ ဒီလိုမျိုးတွေ မြင်ကြတာတွေ၊ ရည်သွမ်းသွေးကြတာတွေ ရှိကြတယ်။ ဒါပေမဲ့ တကယ်တော့ ကျမတို့ အပြောင်းအလဲကာလလေး၊ ခဏ (၁၀) နှစ်လို့ ပြောလို့ရမှာပေါ့။ ဖြစ်လာတဲ့ ကာလလေးမှာတောင် ကျမတို့ ဘာပဲပြောပြော လူထုကို အသိအမြင် ဖွင့်တာတွေ၊ လူတွေကို ပိုပြီးတော့ မီဒီယာတွေကနေ အသိအမြင်တွေ ပေးတဲ့ကိစ္စတွေ၊ သင်တန်းပေးတဲ့ ကိစ္စတွေ ပိုပြီးတော့ လုပ်လာနိုင်တဲ့အခါမှာ လူတွေရဲ့ အသိအမြင်တွေက သိသိသာသာ ပြောင်းလဲသွားတာကိုတော့ သတိထားမိတယ်။ တကယ်တော့ ဒီအရှိန်အဟုန်လေးနဲ့ ကျမတို့ နောက်အခြေအနေတွေမှာ ဆက်တွန်းမယ်ဆိုရင်တော့ ပိုကောင်းမယ့်အရွေ့တခုကို ကျမတို့ ရောက်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် အခုမထင်မှတ်ဘဲနဲ့ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့အတွက် ဒီကိစ္စတွေက ဘာပဲပြောပြော နောက်ပြန်ဆုတ်သွားတယ်။

နောက်ပြန်ဆုတ်သွားပြီးတော့ အခုဆိုလို့ရှိရင် အားလုံးသိတဲ့အတိုင်း စစ်တပ်ဆိုတာ ဘယ်တော့မဆို ဖိုဝါဒ ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အမျိုးသားတွေက သြဇာရှိတယ်။ အာဏာရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆရှိတဲ့ဟာမျိုးက ပိုအုပ်ချုပ်တဲ့အတွက် ပိုပြီးတော့ အခြေအနေတွေက ပိုဆိုးသွားနိုင်တယ်။ ဒါပေမဲ့ အဲဒီမှာပဲ တဘက်ကနေ ပြန်ကြည့်တဲ့အခါမှာ ကျမတို့ တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ အမျိုးသမီးငယ်တွေရဲ့ ရွပ်ရွပ်ချွံချွံ ပါဝင်မှုတွေ၊ နောက်တခါ အခု NUG – National Unity Government ကနေ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာဆိုရင် အမျိုးသမီးဝန်ကြီးတွေ၊ အမျိုးသမီး ဒုဝန်ကြီးတွေ ပါလာတယ်။ ဒါဟာ ကောင်းတဲ့အစတခုလို့ ကျမတို့ မြင်တယ်။ အရင်က မရှိခဲ့တဲ့ အမျိုးသမီး၊ ကလေးသူငယ်နဲ့ လူငယ်ရေးရာဝန်ကြီးဌာနဆိုတာလဲ ပေါ်လာတယ်။ ဆိုတော့ ဒါက ကောင်းတဲ့အစတွေ ဖြစ်တယ်။ ဒီနေရာမှာ ရာထူးပေးလိုက်ရုံနဲ့တော့ ပြီသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို ရာထူးပေးပြီးတော့ သူတို့ကို အသိအမှတ်ပြုပြီး၊ သူတို့ရဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေ၊ အကြံအစည်း၊ လုပ်အားတွေကို ထည့်သွင်းစဉ်းစားတာ ကောင်းတဲ့အစတခု၊ ကောင်းတဲ့အရွေ့တခုလို့ ထင်တယ်။ အဲဒီအတွက် ရှေ့မှာသာ ကျမတို့က ပြည်သူတွေရဲ့ အောင်ပွဲရပြီဆိုရင် အခုလုပ်ထားတဲ့ အရှိန်အဟုန်ကို ဆက်ပြီးတော့ သယ်ဆောင်သွားမယ်ဆိုရင်တော့ ကျား-မ တန်းတူညီမျှမှုဟာ ရှေ့မှာပိုပြီးတော့ အားကောင်းလာနိုင်မယ်လို့ မြင်ပါတယ်ရှင့်။

မေး ။ ။ နိဂုံးအနေနဲ့ မေးချင်တာကတော့ တော်လှန်ရေးကြားထဲမှာ နေထိုင်ပြီးတော့ ရှင်သန်ရတဲ့ အမျိုးသမီးတွေရဲ့ အနာဂတ်၊ နီးစပ်တဲ့ အနာဂတ်မှာ ဘာကိုမျှော်လင့်နိုင်ပါသလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ တော်တော်လေး ဖြေရခက်ပါတယ်။ နီးကပ်တဲ့ အနာဂတ်မှာ ဘာမျှော်လင့်နိုင်သလဲဆိုတော့ နေ့စဉ်ဘဝကိုပဲ ရှေ့ကိုကြည့်တာထက်၊ နေ့စဉ်ဘဝကို တနေ့ချင်း ဘယ်လိုဖြတ်သန်းမလဲ။ အဝေးကြီး ကြည့်လိုက်ရင်တော့ စိတ်ဓါတ်တွေ ကျစရာတွေ ဖြစ်မယ်။ အထွေထွေ ကြားရတဲ့ကိစ္စတွေ။ နိုင်ငံရေးအရ ဦးဆောင်မှုတွေ။ စားဝတ်နေရေး မပြေလည်မှုတွေနဲ့ဆိုရင်တော့ စိတ်ဓါတ်တွေက အမြင့်ဆုံးမှာ မရှိနေဘူးဆိုတာကတော့ ဘယ်သူမဆိုပါဘဲ။ မိသားစုတွေနဲ့ ဝေးနေရတာတွေ ရှိတယ်။ အနေအထိုင် ဆင်းရဲခက်ခဲတာတွေ ရှိတဲ့အတွက်။ ဒါပေမဲ့ နေ့စဉ်ဘဝမှာပဲ ကျမတို့ဟာ မတရားမှုကို လက်မခံနိုင်ဘူး။ ဓမ္မကသာ တနေ့မှာအောင်မယ်။ အဲဒီစိတ်နဲ့ပဲ ကျမတို့ တနေ့ချင်းကို ဖြတ်သန်းမယ်ဆိုရင်တော့ မဝေးတဲ့ကာလမှာတော့ ကျမတို့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် တန်းတူ၊ အတူတူလက်တွဲ တက်မယ်ဆိုရင်တော့ မကြာခင်ကာလမှာ ပြည်သူ့အောင်ပွဲရမယ်လို့ ကျမတို့ မျှော်လင့်တယ်။ ဒါက ဘယ်လောက်ကြာမလဲဆိုတာတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ကျမတို့ ကြိုးစားအားထုတ်မှုနဲ့ အားထည့်သလဲပေါ်မှာလဲ မူတည်တယ်လို့ ကျမမြင်တယ်။ အဲဒီအတွက် ကျမတို့ နေ့စဉ်မှာ တကိုယ်ရည် အမြဲတမ်းကြိုးစားအားထုတ်ပြီးတော့ သံဓိဌာန်းခိုင်ခိုင်မာမာချပြီးတော့ ကြိုးစားသွားမယ်ဆိုရင်တော့ ကျမတို့ အနာဂတ်က ပိုပြီးတော့ လှပတဲ့အနာဂတ် မကြာခင်ရောက်မယ်လို့ ကျမ မြင်ပါတယ်ရှင့်။

မအိသန့်စင် ။ ။ ကျေးဇူးပါပဲ မခင်လေး။


==Unicode==

















XS
SM
MD
LG