သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစညရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး


တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဟန်ရွှေ
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဟန်ရွှေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အမွေးခံ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို သဘောတူကြောင်း။ ဒီပုဒ်မပါ လူထုဆန္ဒခံယူပြီး ပြင်ဆင်ရမယ်ဆိုတဲ့အချက်ကိုလည်း လက်ခံကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ပြောဆိုပါတယ်။ ဒါပေမဲ့ ပုဒ်မ (၅၉ - စ) ပြင်ဆင်ရေးကိုတော့ ဘဝင်မကျကြောင်း။ လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြု PR စနစ်ကို ထောက်ခံကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဟန်ရွှေ က ပြောဆိုပါတယ်။ ရန်ကုန် ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း က ဦးဟန်ရွှေ ကို သီးသန့်တွေ့ဆုံ မေးမြန်းချက်အပိုင်း (၁) ကို တင်ပြပေးထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ ပထမဦးဆုံး မေးချင်တာကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ သမ္မတဦးသိန်းစိန်အစိုးရ ဒီမိုကရေစီရေး ပြုပြင်ရေး လမ်းကြောင်းပေါ်သွားနေတဲ့ လုပ်ငန်းစဉ်က လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ယူဆပါသလား။

ဦးဟန်ရွှေ ။ ။ နိုင်ငံရေးအရ ပြောင်းသွားတဲ့ဟာကတော့ တချို့ကလည်း ပြောကြတာပေါ့ - မူကတော့ပြောင်းတယ်၊ လူကတော့ မပြောင်းဘူး ဘာညာပေါ့။ ဒီလိုပြောတာတော့ ရှိပါတယ်။ သို့သော် ပါတီစုံစနစ်မှာလည်း အခုဆိုရင် (၆၅) ပါတီလောက် မှတ်ပုံတင်ပြီးတော့ လှုပ်ရှားလာကြတယ်။ နောက်တခါ ဈေးကွက်စီးပွားရေးစနစ်ကလည်း အားလုံးသိတဲ့အတိုင်းပါပဲ နိုင်ငံတကာနဲ့ဆက်စပ်ပြီးတော့ လုပ်နေကိုင်နေတဲ့ အခြေအနေမျိုး ရှိပါတယ်။ အုပ်ချုပ်ရေးယန္တရားကတော့ သိပ်ပြီးတော့ အပေါ်မှသည်အောက်ခြေအထိ ပြောင်းလဲနိုင်မယ့် အနေအထားမျိုး သိပ်မတွေ့ရသေးဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အထိုက်အလျောက်တော့ တိုးတက်တယ်လို့ ပြောလို့ရတာပေါ့။

ဦးဟန်ရွှေ ။ ။ ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေနဲ့ လွှတ်တော်ထဲမှာလည်း နေရာအထိုက်အလျောက်ရထားတာ သိရပါတယ်။ ကျမ လေ့လာထားသလောက်တော့ ပြည်သူ့လွှတ်တော်မှာ (၁၂) နေရာ ရထားပါတယ်။ အမျိုးသားလွှတ်တော်မှာ (၅) နေရာ။ ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ (၄၇) နေရာ ရှိတယ်ပေါ့။ အဲဒီတော့ လွှတ်တော်ရဲ့အခန်းကဏ္ဍမှာ ဒီ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ထိထိရောက်ရောက် ဆွေးနွေးတာ၊ ပါဝင်နိုင်တာ၊ လှုပ်ရှားမှုတွေအပေါ် အားရမှု ရှိပါသလားရှင့်။

ဦးဟန်ရွှေ ။ ။ အဲဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်တို့ပါတီအနေနဲ့ကလည်း အထောက်အကူပြုအဖွဲ့အနေနဲ့ ဖွဲ့ပြီးတော့ အမြဲတမ်း feed လုပ်နေတဲ့အနေအထားမျိုး ရှိပါတယ်။ ရှိတဲ့အခါကြတော့ လောလောဆယ်တော့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်ဆောင်ရွက်နိုင်မယ့် အနေအထားရှိပါတယ်။ ဆွေးနွေးနိုင်မယ့်အနေအထား ကျနော်တို့ ရှိပါတယ်။ ထို့အတူပဲ လွှတ်တော်ကိုယ်စားလှယ် (၁၆) ယောက်စလုံးဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ လွှတ်တော်ကော်မတီတွေထဲမှာလည်း အားလုံးပါဝင်ပြီးတော့ ဆောင်ရွက်နေတဲ့ အခြေအနေ ရှိပါတယ်။ တချို့လွှတ်တော်ကိုယ်စားလှယ်တွေဆိုလို့ရှိရင် ကော်မတီ နှစ်ခုသုံးခုတောင်မှ ထပ်ပြီးတော့ပါပြီးတော့ ဆောင်ရွက်နေတဲ့သဘော ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လွှတ်တော်ဆိုလို့ ဒါနဲ့ လောလောဆယ် သတင်းဖြစ်နေတဲ့ကိစ္စတွေ။ PR System လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီရဲ့ သဘောထားအမြင်လေး သိပါရစေ။

ဦးဟန်ရွှေ ။ ။ တိုတိုနဲ့ လိုရင်းပြောရရင်တော့ PR စနစ်ကို ကျနော်တို့ပါတီက ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ၈၈ ပြီးတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီဝင်ပြီးတော့ အရွေးခံပါတယ်။ NLD ပါတီနဲ့ ကျနော်တို့နဲ့ အရွေးခံတော့ အခုန first draft report ဒီစနစ်နဲ့ကျင့်သုံးတာ။ NLD က အားလုံးပေါင်း ရွေးတယ်ကိုယ်စားလှယ်ပေါင်းက ၄၈၅ ဦးရှိတဲ့အနက်က NLD က ၃၉၂ ဦး ရတယ်။ ကျနော်တို့ပါတီက ၁၀ ဦးရတယ်။ တော်တော်ကွာသွားတယ်။ အဲဒါနဲ့ ကျနော်တို့ မဲဘယ်လောက်ရသလဲ။ မဲရတဲ့အခြေအနေကို ကျနော်တို့ ပြန်ကြည့်တယ်။ ကြည့်တော့ အဲဒီအချိန်မှာ မဲပေးနိုင်ခွင့်ရှိတာ ၁၅ သန်းလောက်ရှိတယ်။ လာပေးတာက ၁၃ သန်း လာပေးတယ်။ အဲဒီတော့ valid vote က ၁၁ သန်းရှိတယ်။ အဲဒီတော့ NLD က ဘယ်လောက်ရသလဲဆိုတော့ ၇.၉ သန်း ရတယ်။ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ၃.၃ သန်းကျော်ရတယ်။ ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင် ခိုင်လုံမဲရဲ့ NLD က ၆၀ ရာခိုင်နှုန်းရတယ်။ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ၂၅ ရာခိုင်နှုန်းကျော်ရတယ်။ ဒါပေမဲ့ အဲဒီလို မဲရပေမယ့် ကိုယ်စားလှယ်အချိုးအစားကြည့်လိုက်တဲ့အခါ NLD က ရတဲ့မဲဟာ ၆၀ ရာခိုင်နှုန်းကျော်ရပေမယ့် ကိုယ်စားလှယ်ကြတော့ ၈၀ ရာခိုင်နှုန်းရတယ်။ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ပေးတဲ့ဆန္ဒမဲရဲ့ ၂၅ ရာခိုင်နှုန်းကျော် ရပေမယ့် ကိုယ်စားလှယ်ကြတော့ ၂ ရာခိုင်နှုန်းပဲရတယ်။ ဒါဆိုရင်တော့ ကမောက်ကမဖြစ်တဲ့ အနေအထားရှိပြီ။ ဘာကြောင့်လဲဆိုတဲ့ဟာကို ကျနော်တို့ အဲဒီ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းက သုံးသပ်ပါတယ်။ သုံးသပ်တဲ့အခါ အဓိကတော့ ရွေးချယ်တင်မြောက်ပွဲစနစ်ကြောင့် ဖြစ်တယ်။ Electoral System ကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ IDEA – International Democracy for Electoral Assistance သူတို့ အန်ဂျီအိုအဖွဲ့ကလည်း ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ system နဲ့ ပတ်သက်လို့ ပြုစုထားတာရှိတယ်။ ဒါတွေလည်း လေ့လာတဲ့အခါမှာ ဒါကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ တကယ်လို့သာ PR စနစ်နဲ့ ကျင့်သုံးမယ်ဆိုရင် ပြည်သူက ၃ သန်းကျော် ကျနော်တို့ကို ပေးထားတာ။ ကျနော်တို့ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒီလောက်ရမယ်လို့ မထင်ဘူး။ ၃ သန်းကျော် ကျနော်တို့ကို ပေးတဲ့မဲဟာ ၂၅ ရာခိုင်နှုန်းကျော် ရတဲ့ဟာ ကိုယ်စားလှယ်ကြတော့ ၂ ရာခိုင်နှုန်းပဲ ရတဲ့အခြေအနေ မဖြစ်သင့်ဘူး။ ဒါကြောင့်မို့ ဒါဟာ ရွေးကောက်ပွဲစနစ်ဖြစ်တဲ့ PR System ကို အဲဒီထဲက လေ့လာခဲ့ပါတယ်။ ဒါက ပထမအဆင့်ပါ။

ဒုတိယအဆင့်အနေနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးတဲ့အခါမှာ အမျိုးသားညီလာခံကျင်းပတယ်။ ကျနော်တို့ပါတီက ၈ ယောက် တက်ရတယ်။ NLD က ၉၀ ကျော် တက်ရတယ်။ ၉၆ ကြတော့ NLD က ထွက်သွားရော။ ကျနော်တို့ပဲ ကျန်တယ်။ အဲဒီတုန်းက ကြံ့ခိုင်ရေးက မရှိသေးဘူး။ အဲဒီမှာ ရွေးကောက်ပုံစနစ်နဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံမယ့်မူ ဆွေးနွေးတဲ့အခါ ကျနော်တို့ပါတီက အဲဒီကိစ္စကို ပြောခဲ့ပါတယ်။ ကျနော်တို့ ၉၀ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံက ဒီလိုဖြစ်တယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နောင်ရွေးကောက်ပွဲတွေ ကျင်းပရင်တော့ ရွေးကောက်ပွဲပုံစံကို ပြင်ဖို့လိုမယ်။ အဲဒီလို အချိုးကျ ရွေးချယ်တင်မြောက် ကိုယ်စားလှယ် ကိုယ်စားလှယ်ရတဲ့ ပုံမျိုး ကျင့်သုံးချင်တယ်။ PR ကို တင်ပြခဲ့တယ်။


ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ PR စနစ်ကို တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ထောက်ခံတယ်ဆိုတဲ့သဘောပေါ့။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက်ကော ပါတီအနေနဲ့ ဘာတွေများ ပြင်ဆင်ထားတာ ရှိပါသလဲရှင့်။

ဦးဟန်ရွှေ ။ ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲတိုင်းကို ကျနော်တို့ပါတီက ဝင်ရမယ်လို့ ခံယူထားပါတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ဒီ culture အရ ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတွေအနေနဲ့ ဖြတ်ကျော်ရမယ့် မှတ်တိုင်တခုပါ။ ဒါကြောင့်မို့ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ်။ တတ်နိုင်သမျှ ကြိုးစားပြီးတော့ ဆောင်ရွက်မယ်။ Participate လုပ်မယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲလည်း ကျနော်တို့ ဝင်တယ်။ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲလည်း ကျနော်တို့ ဝင်တာပဲ။ စိတ်ကောက်တာတွေဘာတွေ မရှိဘူး။ နောက်တခါ လာမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလည်း ကျနော်တို့ ဝင်တာပဲ။ ဒါကြောင့်မို့ လာမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျနော်တို့ပါတီက ဝင်ပြိုင်ပါမယ်။ နောက်တခါ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ General Elections ကျရင်လည်း ကျနော်တို့ပါတီက ပါဝင်ပြီးတော့ ရွေးချယ်တင်မြောက်ပါမယ်။ သို့သော် ဘယ်လောက်ဝင်မယ်။ ဘယ်လောက် မဝင်ဘူးဆိုတဲ့ဟာကတော့ ကျနော်တို့ပါတီရဲ့ အခြေအနေ၊ အနေအထား၊ ပြည်သူရဲ့ သဘောထား။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေ။ ဒီအခြေအနေပေါ်မှာ ကြည့်ပြီးတော့ ကျနော်တို့ ဝင်ရောက်သွားဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ဟာကို ပြောချင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အမေရိကန်သံရုံး။ အမေရိကန် USAID ကနေ နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီကနေပြီးတော့ သင်တန်းတွေ၊ ဘာတွေ ပေးတာရှိပါတယ်။ International Republican Institution တို့ဘာတို့ပေါ့။ နိုင်ငံရေးပါတီက လူတွေကို သင်တန်းပေးတာ ပါတာပေါ့။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ပါတီဝင်တွေ စေလွှတ်တာ ရှိပါသလား။

ဦးဟန်ရွှေ ။ ။ ရှိပါတယ်။ မလွတ်ဘူး။ USAID, IRI တို့က လုပ်တဲ့ သင်တန်းတိုင်းကို ကျနော်တို့ ပါတီအနေနဲ့ တတ်နိုင်သမျှ။ ဒီအခွင့်အရေးကို ရအောင်ယူပြီးတော့ အဲဒီမှာ political leadership သင်တန်း စသဖြင့်။ Electoral System နဲ့ ပတ်သက်တဲ့သင်တန်း။ ဒါ့အပြင် အခုနက American Information Center မှာလုပ်တဲ့ ဖွင့်တဲ့ သင်တန်းတွေကအစ ကျနော်တို့ လူငယ်တွေကို လွှတ်ပြီးတော့ ကျနော်တို့ စိတ်ဝင်စားပါတယ်။


ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ပါတီရဲ့ အင်အားမှာ လူငယ်မျိုးဆက်သစ်တွေကော တော်တော်လေး များများ ပါနေပြီလား။

ဦးဟန်ရွှေ ။ ။ ကျနော်တို့ပါတီမှာ တကယ် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့ပါတီရဲ့ challenge စိန်ခေါ်မှုက အဲဒီတချက်ပါပါတယ်။ အဲဒီတော့ ကျနော်တို့ တတ်နိုင်သမျှ လူငယ်တွေကို စုစည်းရတဲ့သဘော ရှိပါတယ်။ အဲဒီတော့ ဒီမှာလဲပဲ အစောက ဒေါ်ခင်စိုးဝင်း မေးတဲ့ IRI, American NGO တွေ ဖွင့်တဲ့ သင်တန်းတွေ။ နောက် တခြား ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ IF , IDEA သူတို့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဗဟုသုတ voter education ဒီဟာနဲ့ ပတ်သက်တဲ့ workshop, ဆွေးနွေးပွဲတွေ ဒီဟာတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ပါတီက တတ်နိုင်သမျှ လူငယ်တွေကို သွားပြီးတော့ တက်ပြီးလုပ်တဲ့ဟာမျိုး လုပ်ပြီးတော့ ဒီလှုပ်ရှားမှုနဲ့ပဲ လူငယ်တွေကို စုစည်းနေတဲ့ အနေအထားရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စုပေါင်းပြီးတော့ ပုဒ်မ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ စည်းရုံလှုံဆော်ရေးတွေ လုပ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီရဲ့ သဘောထား သိချင်ပါတယ်။

ဦးဟန်ရွှေ ။ ။ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ စ သဘောထားကတည်းက ၈၈ နောက်ပိုင်းမှာ တပ်မတော်အစိုးရက အာဏာလွှဲဖို့က ဒီတနည်းပဲရှိတယ်။ အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ဖြစ်ပေါ်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့ လုပ်ခဲ့တာ။ ဒါကြောင့်မို့လို့ ၉၁ ခုနှစ်ကတည်းကစပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတာကို ကျနော်တို့ပါတီ စပြောခဲ့တာ။ ၉၂ မှာ စဖြစ်လာတယ်။ ၉၃ မှာ အမျိုးသားညီလာခံ ဖြစ်လာတယ်။ ကျနော်တို့တက်တယ်။ NLD လည်း တက်တယ်။ အဲဒီတုန်းကတော့ ကျိုက္ကဆံကွင်းမှာ။ ၉၆ NLD ထွက်သွားတယ်။ အဲဒီအချိန်က ကြံ့ခိုင်ရေး မရှိသေးဘူး။ အသင်းလိုဘာလို ဖြစ်နေတယ်။ နောက် ဒီဖက် ၂၀၀၃ ခုနှစ် ပြန်စတဲ့အခါကြတော့ NLD မပါတော့ဘူး။ ကျနော်တို့ ပါတီကြီးအနေနဲ့ ရှိနေတယ်။ အဲဒီတော့ ကြံ့ခိုင်ရေးကလည်း အသင်းအနေနဲ့ပဲ။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ အခြေခံတွေ Elements တွေကို ကျနော်တို့ပါတီက တော်တော်များများပါပြီးတော့ ဆောင်ရွက်ခဲ့တာရှိတယ်။ သဘောမကျတာတွေလည်း ရှိတယ်။ သဘောကျတာတွေလည်း ရှိတယ်။ ဥပမာ ၄၃၆ ဒေါ်ခင်စိုးဝင်း မေးတဲ့ဟာ - အဲဒီတုန်းက ၄၃၆ နံမည်တပ်တာ မဟုတ်ဘူး။ အခြေခံမူတွေအနေနဲ့ ဆွေးနွေးကြတာ။ အဲဒီမှာ ဘာပါလဲဆိုတော့ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ ပါလာတယ်။ ‘ကျော်’ ဆိုတဲ့ စကားလုံးပါလာတယ်။ ဒါကို ကျနော်တို့က ကန့်ကွက်တယ်။ သဘောမတူဘူး။ ဒါဟာ intentionally ဆိုပြီး ‘ကျော်’ ဆိုတဲ့ စကားလုံး တခြားတွေမှာလည်း ပါတာ မရှိဘူး။ (၃) ပုံ (၂) ပုံ စသဖြင့်။ နောက်တခါ တချို့လည်း ရာခိုင်နှုန်းနဲ့ ၇၅ ရာခိုင်နှုန်း။ ‘ကျော်’ ဆိုတဲ့ သဘောကြတော့ ဒီဥစ္စာမဖြစ်ဘူး။ နောက်တခုက ဒါကြောင့် ကျနော်တို့က ‘ကျော်’ ဆိုတဲ့စကားလုံးကို မထည့်ပါနဲ့။ နဂိုကတည်းက ပြောခဲ့တယ်။ အမျိုးသားညီလာခံထဲက ပြောခဲ့တာ။ ဒါကြောင့်မို့ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ပြင်ဆင်ဖို့ ကော်မတီဖွဲ့ပြီးတော့ Review Commission ဖွဲ့ပြီးတော့လုပ်တဲ့ အချိန်မှာ ဒါကိုပြင်ဖို့ ကျနော်တို့ပါတီကလည်း အဆိုပြုပါတယ်။ ဒီ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်တဲ့ သဘောထားက အဲဒါပါပဲ။

XS
SM
MD
LG