သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စောင့်ကြည့်ရမယ့် ရွေးကောက်ပွဲ


ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်အတွင်း မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ပတ်သက်မှာ မဟုတ်သလို၊ အဟန့်အတားလည်း လုပ်မှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားလိုက်ပါတယ်။ ကယားပြည်နယ်ထဲက ဒေသခံပါတီတွေအနေနဲ့ လူထုအပေါ် အတိုင်းအတာတခုအထိ ကိုယ်စားပြုမှုတွေရှိပေမယ့် ပြည်သူ့ဆန္ဒကို ဘယ်လောက် ဖြည့်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်၊ ကယားပြည်နယ်ထဲက ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ခူဦးရယ် ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်လာစဉ်မှာ VOA studio မှာ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာပါတယ်။

ကိုသားညွှန့်ဦး ။ ။ ခူဦးရယ် အခုလို ဗွီအိုအေကိုလာပြီးတော့ တွေ့ဆုံမေးမြန်းခန်းလာပြီးတော့ ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ပထမဦးဆုံးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ရွေးကောက်ပွဲက နိုဝင်ဘာလ (၈) ရက်နေ့ စတော့မယ်။ ရွေးကောက်ပွဲကာလ နယ်မြေလုံခြုံရေးနဲ့ ပတ်သက်လို့ ကယားပြည်နယ်အတွင်း၊ ကရင်ပြည်နယ်အတွင်းမှာ စိုးရိမ်စရာများ ရှိပါလား။

ခူဦးရယ် ။ ။ ကျနော်တို့ ပြည်နယ်အတွင်းမှာတော့ စပြီးတော့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစဉ်ကတည်းက (၄) နှစ်တာအတွင်းမှာတော့ လက်နက်ကိုင်ပဋိပက္ခ တစုံတရာ မရှိတော့ပါဘူး။ ဆိုတော့ ကျနော်တို့ KNPP အနေနဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမြင်ရှင်းရှင်းလင်းလင်း ရှိပါတယ်။ ဘာမှ အဟန့်အတားပေးမှာ မဟုတ်သလို၊ ပါဝင်ပတ်သက်ခြင်းလည်း မရှိတဲ့အတွက်ကြောင့်မို့ မဲဆန္ဒနယ်မြေအားလုံးကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသော်လဲ ကျနော်တို့ လေးလေးစားစားရှိတယ်။ အဲဒီအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ရွေးကောက်ပွဲဝင်ကြမယ်ဆိုရင်တော့ ပြဿနာမရှိဘူးဆိုတာကိုတော့ ကျနော်တို့ သဘောထားပေးထားတာ ရှိပါတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ လုံခြုံရေးနဲ့ ပတ်သက်ရင်တော့ အထူးစိုးရိမ်စရာ မရှိပါဘူး။

ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ အခု ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်၊ ကေအိုင်ယူနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တိုင်းရင်းသားဘက်က ပြောတာက တပ်မတော်က သူတို့နယ်မြေအတွင်းကို ဝင်ရောက်လာလို့၊ ခုခံပြီး တိုက်ပွဲတွေ ဖြစ်ရတဲ့အခြေအနေမျိုး ဖြစ်သွားတာ။ KNPP ထိန်းချုပ်ရာနေရာတွေကို အကယ်လို့များ ဝင်လာလို့ ဖြစ်လာမယ့် အလားအလာတွေ ရှိပါလား။

ခူဦးရယ် ။ ။ ပထဝီအနေအထားချင်းတော့ နည်းနည်းကွာဟမှု ရှိပါတယ်။ ကျနော်တို့ဆီမှာတော့ တိတိပပ ထိန်းချုပ်တဲ့နယ်မြေတွေမှာတော့ မဲဆန္ဒပေးနိုင်လောက်တဲ့ လူထုတွေ မရှိဘူး။ အထူးသဖြင့်တော့ ကျနော်တို့ လှုပ်ရှားနယ်မြေတွေမှာတော့ ရှိတယ်။ သို့သော် လှုပ်ရှားနယ်မြေတွေမှာလဲ အခုနပြောသလို ကျနော်တို့ ဘာမှအားထားပေးမှာ မဟုတ်တဲ့အတွက်ကြောင့်မို့ စိုးရိမ်စရာ မရှိဘူးလို့ ပြောချင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထား မေးချင်ပါတယ်။ အထူးသဖြင့် ပြည်နယ်အတွင်း အခြေအနေပါ။ အခု ပြည်နယ်အတွင်းမှာ သတိထားမိသလောက်တော့ ကယားပြည်နယ်အတွင်းမှာ ဒေသခံ ကယားတိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ ပါတီတွေ ရှိပါတယ်။ နောက် ပြည်မကြီးက ပါတီကြီးတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ အဓိကဆိုရင် NLD ရှိမယ်။ ကြံ့ခိုင်ရေးပါတီ ရှိမယ်။ နောက် တသီးပုဂ္ဂလိတွေလည်း ပါဝင်တာရှိပါတယ်။ ဆိုတော့ KNPP အနေနဲ့ ဘယ်လို သဘောထားမျိုး ရှိပါလဲ။ ဒေသခံပါတီကိုပဲ အားပေးမလား။ ပါတီကြီးတွေအပေါ် ဘယ်လို သဘောထားပါလဲ။

ခူဦးရယ် ။ ။ ကျနော်တို့အနေနဲ့တော့ အခုန သဘောထားကို ပြောခဲ့သလိုပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ Yes လို့ ပြောပိုင်ခွင့် မရှိပါဘူး။ ပြောလည်းပြောမှာ မဟုတ်ပါဘူး။ တခုပဲ နည်းနည်းပြောချင်တာက တကယ်တမ်း မေးပိုင်ခွင့်ရှိတဲ့ လူထုတွက သူတို့ဘာသာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့က အရေးကြီးတယ်။ အဲဒါနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲရဲ့ သဘောသဘာဝ၊ ပါတီတခုချင်းဆီရဲ့ အနေအထား၊ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ ရှင်းရှင်းလင်းလင်း သိဖို့တော့လိုတယ်လို့ ကျနော်တို့ ထင်တယ်။ အဲဒီလို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့က ကျနော်တို့ နားလည်သလောက်ဆိုရင် နိုင်ငံရေးပါတီအသီးသီးက လူထုကို ရှင်းရှင်းလင်းလင်း ထောက်ပြပေးဖို့လိုလိမ့်မယ်လို့ ထင်တယ်။ အဲဒီဟာလေးပဲ ပြောချင်တယ်။ အဲဒါကိုတော့ ထူးထူးထွေထွေ သဘောထား ပေးစရာမရှိပါဘူး။

ကိုသားညွှန့်ဦး ။ ။ KNPP ကလဲ ပြောမယ်ဆိုရင်တော့ ဒီပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းပါ။ ဒေသခံပါတီတွေက သူတို့တိုင်းရင်းသားတွေ ကိုယ့်တိုင်းရင်းသားကိုယ် အုပ်ချုပ်ခွင့်ရဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ ဒေသအတွင်း အစိုးရဖွဲ့ဖို့ ကြိုးပမ်းနေတာကို သတိထားမိပါတယ်။ ဒေသခံပါတီတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ တစုံတရာ ဘာများပြောချင်ပါလဲ။

ခူဦးရယ် ။ ။ လောလောဆယ် မြင်နေရတဲ့ အနေအထားကတော့ ဒေသခံ နိုင်ငံရေးပါတီတွေကတော့ (၄) (၅) (၆) ဖွဲ့လောက်တော့ ရှိပါတယ်။ သို့သော် ကျနော်တို့ ပါတီတခုချင်း မြင်ရတဲ့ အနေအထားကတော့ သိပ်ပြီးတော့ အားရကျေနပ်လောက်တဲ့ အခြေအနေ မရှိပေမယ့်လို့လဲ ပြည်နယ်က လူထုတွေကိုတော့ အတိုင်းအတာတခုအရ ကိုယ်စားပြုမှုတွေ ရှိနေတယ်ဆိုတာတော့ သိရပါတယ်။ သူတို့အနေနဲ့ လူထုရဲ့ ဆန္ဒသဘောထားကို ဘယ်လောက် ဖြည့်ဆည်းပေးနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ့်သဘော ရှိပါတယ်။ တော်တော်များများကလဲ ဟုတ်ပါတယ်။ ကျနော်တို့ KNPP ကိုလဲ အင်အားစုတခုအနေနဲ့ အနာဂတ်အတွက် မျှော်လင့်နေတာတွေ ရှိပါတယ်။ သို့သော် ကျနော်တို့အနေနဲ့ အခုနေအခါမှာ ရောက်ရှိနေတဲ့ အနေအထားအရ တရားမဝင်အသင်းအဖွဲ့ အနေအထားမှာပဲ ရှိနေသေးတော့၊ ကျနော်တို့ အခြေခံဥပဒေ ပြဌာန်းချက်အရ နိုင်ငံရေးပါတီတခုအနေနဲ့ တရားဝင် ဖြစ်ဘူးဆိုတာ၊ လောလောဆယ်မှာ ဘာမှ မျှော်မှန်းလို့ မရသေးပါဘူး။ အဲဒါကြောင့်မို့ ကျနော်တို့က ပါတီအနေနဲ့ မဟုတ်သော်လဲ လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ နိုင်ငံရေးပါတီတွေကို ရှိတဲ့အကြံဉာဏ်လေးတွေ၊ လိုအပ်မယ်ဆိုရင်လဲ ကျနော်တို့ ပံ့ပိုးလို့ရတာပေါ့။ အဲဒီအဆင့်လောက်ပဲ ကျနော်တို့ ပံ့ပိုးလို့ ရမှာပါ။ အခြေခံဥပဒေ ပြဌာန်းချက်အရလဲ နိုင်ငံရေးပါတီ တရားဝင်မှတ်ပုံတင်ထားတဲ့ဟာတွေက ကွင်းဆက်ရှိနေတဲ့ဟာတွေနဲ့ ပတ်သက်လို့ကလဲ ဥပဒေက ခွင့်ပြုထားသလား၊ မထားသလားဆိုတာကိုလဲ ထည့်သွင်းစဉ်းစားကိစ္စပါ။

ကိုသားညွှန့်ဦး ။ ။ KNPP က အကယ်၍ လုပ်ခွင့်ရလာမယ်။ နိုင်ငံရေးပါတီအနေနဲ့ ရပ်ခွင့်ရလာမယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ စိတ်ကူးရှိပါလား။

ခူဦးရယ် ။ ။ ဒါကတော့ လာမယ့် အနာဂတ်ပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ရမှာ။ လောလောဆယ်တော့ အခြေခံစဉ်းစားချက် မရှိသေးပါဘူး။

ကိုသားညွှန့်ဦး ။ ။ ဒါက ဖွဲ့စည်းပုံကြောင့်လား။ တခြားအကြောင်းကြောင့်လား။

ခူဦးရယ် ။ ။ အကြောင်းအမျိုးမျိုးကြောင့် ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့

ခူဦးရယ် ။ ။ လောလောဆယ်မှာတော့ ပါတီရဲ့ ဦးတည်ချက်၊ ရပ်တည်ချက် သဘောထားအပေါ်မှာလည်း မူတည်ပါတယ်။ နောက်ပြီးတော့ လက်ရှိ ရှိနေတဲ့ အခြေခံဥပဒေကြောင့်လဲ ပါပါတယ်။ နောက်ပြီးတော့ လာမယ့်အနာဂတ် အပြောင်းအလဲပေါ်မှာလဲ စောင့်ကြည့်ရမယ့် အခြေအနေ ရှိပါတယ်။ အဲဒီအခြေအနေကြောင့်ပါ။

ကိုသားညွှန့်ဦး ။ ။ ဦးတည်ချက်၊ ရပ်တည်ချက်ဆိုတာ ဘာပါလဲ။

ခူဦးရယ် ။ ။ လောလောဆယ်မှာတော့ ကျနော်တို့ ပါတီမှာတော့ ရှင်းရှင်းပြောရရင် ကျနော်တို့ လူထုတွေအနေနဲ့ ဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကြိုးပမ်းစောင့်ရွက်ပေးမယ်ဆိုတဲ့ အခြေခံလောက်ပဲထားတာပါ။ ကျနော်တို့ဆီမှာ လေးနှစ်တစ်ကြိမ် ပါတီကွန်ဂရက်ဆိုတာ ရှိပါတယ်။ အဲဒီ ကွန်ဂရက်မှာ ကျနော်တို့ (၄) နှစ်တာ မူဝါဒ၊ ပေါ်လစီ ရပ်တည်ချက်တွေကို သုံးသပ်ပြီး ချလေ့ရှိပါတယ်။ အဲဒီအပေါ်မှာ အခြေခံတယ်ဆိုတာကို ပြောတာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် ပြည်မက ပါတီကြီးတွေကိစ္စ မေးချင်ပါတယ်။ အခု တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဝင်မယ့်အထဲမှာ အဓိက အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ရှိပါတယ်။ နောက် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားနယ်မြေအားလုံးကို ပြိုင်မယ်။ တိုင်းရင်းသားပါတီတွေနဲ့လည်း ယှဉ်ပြီးတော့ပြိုင်မယ်။ သူတို့ပါတီဟာ တိုင်းရင်းသားအားလုံးပါတဲ့ ပြည်ထောင်စုပါတီလို့ သုံးနှုန်းတာ ရှိပါတယ်။ ဒီအပေါ်မှာ ခူဦးရယ် ဘယ်လို ရှိပါလဲ။

ခူဦးရယ် ။ ။ NLD ပါတီရဲ့ အနေအထားကို ကြည့်တဲ့အခါ ကျနော်တို့ ပြည်နယ်မှာတော့ ဟုတ်ပါတယ်။ NLD ကတော့ တနိုင်ငံလုံး လွှမ်းခြုံသော နိုင်ငံရေးပါတီဖြစ်သော်လဲ ကျနော်တို့ ပြည်နယ်အတွင်းမှာရှိတဲ့ NLD ပါတီဝင်၊ ပြည်နယ်အဆင့် ဥက္ကဋ္ဌအစ အောက်ခြေအဆုံး ကျနော်တို့ ဒေသခံတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒါကိုကြည့်ချင်းအားဖြင့် တဘက်က NLD ပြောနေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တယ်ဆိုတာကလဲ အစိတ်အပိုင်းတခုအထိ မှန်ကန်တယ်ဆိုတာကို ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ သူတို့က တိုင်းရင်းသားပါတီတွေအားလုံးကို ကိုယ်စားပြုနိုင်ပါလား။

ခူဦးရယ် ။ ။ ဒါကတော့ ရွေးကောက်ပွဲမှာ သူတို့အနေနဲ့ စည်းရုံးအား ဘယ်လောက်ကောင်းမလဲ။ နောက် တခြားသော တိုင်းရင်းသားနိုင်ငံရေးတွေနဲ့ ဖက်လဲတကင်း ဘယ်လောက် ပူးပေါင်းဆောင်ရွက်မှုရှိလဲ။ နောက် ဦးဆောင်တဲ့အား ဘယ်လောက်ရှိလဲဆိုတဲ့ အခြေခံပေါ်မှာပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကလဲ ကုန်ကုန်ပြောရရင် အခုနေအခါမှာ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေးမယ်လို့ ရွေးကောက်ပွဲအလွန်ကာလမှာ ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်ပေါ်မှာ အခြေခံပြီးတော့ တိုင်းတာရမယ့်သဘောမျိုးပဲ မြင်ပါတယ်။ သူတို့က ဘယ်လောက်များ အောင်နိုင်ချေ ရှိသလဲ။ ကျန်တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းသလဲဆိုတဲ့အပေါ်ပဲ ကျနော်တို့ ကြည့်ရမှာ ဖြစ်ပါတယ်/

ကိုသားညွှန့်ဦး ။ ။ အဓိက အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ခူဦးရယ်တို့ တချိန်တုန်းက ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ့် စစ်အစိုးရ တဖြစ်လဲ စစ်အစိုးရ ဗိုလ်ချုပ်တွေက ဖွဲ့စည်းခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီအပေါ် သဘောထား ဘယ်လိုရှိလဲ။ ကြံ့ခိုင်ရေးပါတီရဲ့ အလားအလာကော KNPP နယ်မြေထဲမှာ ဘယ်လို ရှိပါလဲ။

ခူဦးရယ် ။ ။ လောလောဆယ် အနေအထားမှာတော့ တကယ်လို့များ ရွေးကောက်ပွဲက လွတ်လပ်ပြီး၊ တရားမျှတမယ်ဆိုရင်တော့ အဖြေတမျိုးတော့ ထွက်လာမယ်လို့ ကျနော်တို့ ထင်တယ်။ သို့သော် ကနေ့ ပြည်နယ်မှာ ကြံ့ခိုင်ရေးပါတီရဲ ့ လှုပ်ရှားမှု အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ကျေးရွာဒေသတိုင်းတွေမှာ ကျေးရွာဒေသ အကြီးအကဲတွေကို ကြံ့ခိုင်ရေးပါတီက သူတို့ အမာခံလူသဘောမျိုး၊ အစိုးရလမ်းကြောင်းကနေ လုပ်ငန်းကိုင်ငန်းတွေ ဆက်စပ်ပေးထားတာတွေ၊ ပံ့ပိုးပေးထားမျိုးတွေ ရှိပါတယ်။ ဆိုတော့ ဒါကတော့ သူတို့ရဲ့ စည်းရုံးရေးအခြေခံ သဘောမျိုးလို ဖြစ်နေပါတယ်။ ဆိုတဲ့အခါကြတော့ လူထုတွေက သူတို့ရဲ့ လူထုအကြီးအကဲတွေရဲ့ စီမံခန့်ခွဲ ပြောဆိုမှုအောက်မှာ လိုက်ပါလုပ်ဆောင်နေရတဲ့ အနေအထားမျိုးတွေကို တွေ့ရတဲ့အခါကြတော့ ကျေးရွာလူထုတွေက ကြံ့ခိုင်ရေးပါတီကို ထည့်ပါလို့ပြောရင် အများဆုံးက ယောင်ပြီးတော့ ထည့်ကြမယ့်သဘောမျိုးတွေကိုလည်း တွေ့ရတာရှိတယ်။ ဒါက ကျနော်တို့ လက်ရှိမြင်နေရတဲ့ အနေအထားပါ။ ကျေးရွာတိုင်းမှာ သူတို့လူတွေ ရှိမရှိကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ကျေးရွာတိုင်း၊ ကျေးရွာတိုင်းမှာ သူတို့ ကြံ့ခိုင်ရေးပါတီ ဆိုင်ဘုတ်ထောင်ထားတာရှိတယ်။ ကျေးရွာကြီးကြီးငယ်ငယ်။ ဆိုလိုတာက အခုနပြောခဲ့သလို ကျေးရွာအကြီးအကဲတွေက အလိုအလျောက် ကြံ့ခိုင်ရေးပါတီကိုဝင်ထားတဲ့ သဘောမျိုး ဖြစ်နေတော့ သူတို့ မဲအောင်နိုင်ရေးအတွက် မဟာဗျူဟာတခုအနေနဲ့ပဲ နားလည်တယ်။ လူထုတွေရဲ့ ဆန္ဒသဘောထား အမှန်အကန်ကိုလဲ ကျနော်တို့ မပြောနိုင်ဘူး။ မှန်းဆလို့ မရဘူး။

ကိုသားညွှန့်ဦး ။ ။ ဒါကတော့ အခုန ခူဦးရယ် ပြောသွားတဲ့အထဲမှာ ကြံ့ခိုင်ရေးက တစုံတရာ အာဏာရပါတီဖြစ်လို့ တပမ်းတော့သာတယ်ပေါ့။ တလောက ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ကို သွားပါတယ်။ တော်တော်များများလည်း ထွက်ကြိုတာ ရှိလာတဲ့အခါကြတော့ အဲဒီအခြေအနေက လူထုကို ပြောင်းလဲသွားတဲ့ အပေါ်မှာ။

ခူဦးရယ် ။ ။ တစုံတရာတော့ ပြောင်းလဲစေနိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့တော့ ကျနော် ခံစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုတွေက ဖိနှိပ်မှုအောက်မှာ အကြာကြီး နေလာခဲ့တဲ့အခါကြတော့ ဒီလူတွေနဲ့ ယဉ်ပါးနေခဲ့တာ ကြာခဲ့ပြီ။ ဒီလူတွေရဲ့ သဘောသဘာဝကိုလည်း ယှဉ်ပါးနေကြပြီ။ ဆိုလိုတာက အပြောင်းအလဲလေးလောက်တော့ သူတို့ မျှော်လင့်နိုင်တယ်လို့ ကျနော်ထင်တယ်။ မျှော်လင့်လဲ မျှော်လင့်ချင်ကြမှာပဲ။ ကြည့်လည်းကြည့်ချင်ကြမယ်ဆိုတော့ သူတို့က မချစ်သောလဲ အောင့်ခံကာ။ တချို့ကတော့ ကြံ့ခိုင်ရေးပါတီကိုပဲ ဆက်ပေးကောင်းပေးမယ်။ သို့သော် တကယ်လို့ ရွေးကောက်ပွဲက အခုန ကျနော် ပြောသလိုမျိုး လွတ်လပ်ပြီး တရားမျှတမယ် ဆိုရင်တော့ လူထုတွေကိုင်နှိုက်က လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိတယ်။ တစုံတရာ တုပ်နှောင်မှုမရှိဘူး။ ခြိမ်ခြောက်မှု မရှိဘူးဆိုရင်တော့ NLD ကိုလည်း သူတို့ မဲပေးဖို့ များနိုင်ပါတယ်။ များနိုင်တယ်ဆိုတာကလဲ ဘယ်လောက် အတိုင်းအတာ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံပါတီတွေကလဲ ရှိတယ်လေ။ ဒီ third party တွေကလဲ သူတို့နဲ့ ရင်းနှီးနေသူတွေ ဖြစ်ကြတော့ သူတို့လဲ တစိတ်တပိုင်း ဖြစ်နိုင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တချက် ကယားပြည်နယ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီရဲ့ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာလည်းပါတယ်။ နောက် တသီးပုဂ္ဂလိက အရွေးခံနေတဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့မြို့ လက်ရှိ အစိုးရအဖွဲ့မှာဆို အကြီးတန်းဝန်ကြီးတွေပါ။ ဒီ ဝန်ကြီးတွေက KNPP နဲ့လည်း ပြောမယ်ဆိုရင်လဲ ငြိမ်းချမ်းရေးအရ စကားပြောနေခဲ့တဲ့ လူမျိုးတွေပေါ့။ အခု ကယားပြည်နယ်အတွင်းမှာ ဝင်ပြီးတော့ တသီးပုဂ္ဂလိကအနေနဲ့ ယှဉ်ပြိုင်တဲ့အပေါ် KNPP က ဘယ်လို သဘောထားရှိလဲ။

ခူဦးရယ် ။ ။ သူတို့ကတော့ ပါတီတွေကို ကိုယ်စားပြုပြီးဝင်တဲ့ လူတွေ မဟုတ်တဲ့အတွက် လောလောဆယ်မှာ ကျနော်တို့ ရင်းနှီးတယ်ဆိုတာက တွေ့ဆုံဆွေးနွေးပွဲကြောင့်ပဲ ဖြစ်ပါတယ်။ ဒါက လုပ်ငန်းသဘောအရ တွေ့ဆုံဆွေးနွေးတဲ့ကာလအတွင်းမှာ ကျနော်တို့ လုပ်ငန်းသဘောအရ ဆက်ဆံကြခြင်းဖြစ်တယ်။ တချို့ကလဲ ဒီအပေါ်မှာ ကျနော်တို့အပေါ်မှာ သို့လောသို့လော မြင်နေပါတယ်။ ကျနော်တို့ KNPP က သူတို့ကို ထောက်ခံကြိုဆိုလို့ သူတို့ လာရတဲ့အနေအထားမျိုး ပြောသံဆိုသံတွေလည်း ကြားရပါတယ်။ ဒါက အမှန်မဟုတ်ပါဘူး။ ကျနော်တို့က လုပ်ငန်းသဘောအရပါ။ နောက်တဘက်ကလဲ သူတို့က အစိုးရမှာ ဝန်ကြီးတွေဖြစ်တော့ လုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာတော့ နိုင်ငံရေးပါတီတွေက ကျနော်တို့အပေါ်မှာ နည်းနည်းလေး အထင်အမြင်မှားတာ ရှိပါတယ်။ ကျနော့်အမြင်ကတော့ ကြံ့ခိုင်ရေးပါတီကလည်း ဝင်နေပြီ ဖြစ်တဲ့အခါကြတော့ သူတို့ ဘာကြောင့်များ တသီးပုဂ္ဂလိကအနေနဲ့ လာဝင်သလဲလို့ စဉ်းစားကြည့်တဲ့အခါကြတော့ သူတို့ အခုဝင်မယ့် မဲဆန္ဒနယ်မြေကို ကြည့်လိုက်တဲ့အခါမှာ မဲပေးပိုင်ခွင့်ရှိတဲ့ အရေအတွက်က သိပ်မများဘူး။ သိပ်မများတဲ့အခါကြတော့ သူတို့အနေနဲ့ မဲအောင်နိုင်ချေက ပိုပြီးအလားအလာများတယ်ဆိုတဲ့ အနေအထားမျိုးကို သုံးသပ်မိတယ်။ အဲဒီ အခြေခံကြောင့် သူတို့ တသီးပုဂ္ဂလိကအနေနဲ့ ဝင်ရင်တော့ သူတို့အနေနဲ့ အတိုင်းအတာတခု စည်းရုံးထားမိလောက်ရင် မဲအောင်နိုင်မယ်ဆိုတဲ့ အနေအထားမျိုး သုံးသပ်ပြီး ဝင်တယ်လို့ ကျနော် ထင်ပါတယ်။ ဥပမာ တချို့က မေးကြပါတယ် ဦးအောင်မင်းကို။ သူကတော့ ပြောပါတယ် … ကယားပြည်နယ်ကို ကျေးဇူးဆက်ချင်လို့တဲ့။ ဒါကတော့ သာမန်ကာလျှံကာ ပြောလိုက်တယ်လို့ ထင်ပါတယ်။ အမှန်လို့ ဖြစ်တယ်လို့တော့ ကျနော် မထင်ဘူး။ ကျေးဇူဆပ်ချင်လို့တော့ ဟုတ်မယ် မထင်ပါဘူး။

ကိုသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG