သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ပွင့်လင်းမှုရှိဖို့လို


လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး
လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး
ရခိုင်အရေး ပွင့်လင်းမှုရှိဖို့လို
please wait

No media source currently available

0:00 0:11:21 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး တွေ့ဆုံမေးမြန်းခန်းမှာ ရခိုင်ပြည်နယ်က အခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမှန်အတိုင်း သိရဖို့ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးသင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး က ပြောဆိုပါတယ်။ အဲဒီတော့မှလဲ အခြေအနေတွေကို ရှုထောင့်ပေါင်းစုံကနေ မြင်လာစေမယ်လို့လည်း ဆိုပါတယ်။ စာတမ်းဖတ်ပွဲတက်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတယ် လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး ကို VOA Studio မှာ ကိုအောင်အောင် က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုအောင်အောင် ။ ။ ဆရာက အခု အမေရိကန်ပြည်ထောင်စုကို လာပြီးတော့ စာတမ်းဖတ်ပွဲတစ်ခု တက်ရောက်တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအကြောင်းလေး စပြီးပြောပြပေးပါလား။

ဦးသိန်းသန်းဦး ။ ။ ဒီဟာက Utah ပြည်နယ် Provo မြို့မှာလုပ်တဲ့ BYU (Brigham Young University) J. Reuben Clark Law School ရဲ့ (၂၄) ကြိမ်မြောက် Rule of Law and Religions in a Changing World ဆိုတဲ့ Symposium စာတမ်းဖတ်ပွဲမှာ စာတမ်းလာဖတ်တာပါ။

ကိုအောင်အောင် ။ ။ အဲဒီမှာ အဓိက ဘယ်နိုင်ငံတွေက တက်ရောက်ပြီးတော့ စာတမ်းဖတ်ကြားကြလဲ။ ဆရာအနေနဲ့ ဘာအကြောင်းတွေကို တင်ပြဆွေးနွေးခဲ့ပါလဲ။

ဦးသိန်းသန်းဦး ။ ။ နိုင်ငံပေါင်း (၄၄) နိုင်ငံက ကိုယ်စားလှယ် (၉၅) ယောက် - သာသနာဝန်ထမ်းတွေ၊ ဥပဒေပါမောက္ခတွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရှေ့နေတွေ အများဆုံးပါကြပါတယ်။ သူတို့တွေက လက်ရှိဖြစ်ပျက်နေတဲ့ Rule of Law and Religious Freedom နဲ့ ပတ်သက်တာတွေကို အဓိက ဖတ်ကြားကြပါတယ်။ ကျနော် တင်ပြတဲ့ စာတမ်းကတော့ A Glance on Recent Religious Freedom in Myanmar မြန်မာနိုင်ငံရဲ့ ဘာသာရပ်လွတ်လပ်ခွင့် တစေ့တစောင်း ဆိုတဲ့ စာတမ်းကို ဖတ်ခဲ့တာပါ။

ကိုအောင်အောင် ။ ။ ဒီစာတမ်းဖတ်ပွဲအတွင်းမှာ အဓိကက ဘယ်အကြောင်းအရာက ဝိုင်းပြီးတော့ ဆွေးနွေးကြတာ အများဆုံး ဖြစ်ခဲ့လဲ။

ဦးသိန်းသန်းဦး ။ ။ တကယ်ကတော့ ဘာသာရပ် လွတ်လပ်ခွင့်အကြောင်း ပြောကြရင်နဲ့ ကျနော်တို့ ရိုဟင်ဂျာ Issue ရခိုင်ကိစ္စက အဓိက ဖြစ်လာပါတယ်။ ကျနော်တို့ အမြဲတမ်း အမေးခံရတယ်။ ထမင်းစားရင်တောင် ဖြောင့်အောင် မစားရဘူး။ ဘေးနားလာထိုင်ပြီးတော့ တောက်လျှောက်မေးတယ်။ အလွတ်သဘောမေးတယ်။ နောက်တခါ စာတမ်းဖတ်တဲ့အခါမှာ ကျနော် Panal ဖြစ်တဲ့အခါ အဲဒီမှာ မေးခွန်းတွေ အများကြီး မေးပါတယ်။

ကိုအောင်အောင် ။ ။ ဒီကာလအတောအတွင်းမှာ သိန်းနဲ့ချီပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖြတ်ကူးသွားကြတာပေါ့။ ဆိုတဲ့အခါကြတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သုံးသပ်ပါလဲ။ ဘာကြောင့် အခုလိုမျိုး ဒုက္ခသည် အလုံးအရင်းနဲ့ နယ်စပ်ဖြတ်ကျော်ပြီးတော့ ထွက်ပြေးနေတယ်လို့ ထင်ပါလဲ။

ဦးသိန်းသန်းဦး ။ ။ ဒီဟာက ရာစုနှစ်နဲ့ချီ တည်ရှိခဲ့တဲ့ ရန်ကြွေးနဲ့ ကွန်မြူနီတီ နှစ်ခုကြား၊ လူ့အဖွဲ့စည်းနှစ်ခုကြားမှာ မပြေလည်မှုနဲ့ အမုန်းတရာတွေ အများကြီး တည်ရှိနေခဲ့တယ်။ အဲဒါတွေက တဖြည်းဖြည်းနဲ့ ၁၉၄၂ မှာ ဖြစ်ခဲ့တယ်။ ၁၉၅၈ ကျော်ကလည်း ဖြစ်ခဲ့တယ်။ ဦးနေဝင်းလက်ထက်မျှာ နင်္ဂါမင်း စစ်ဆင်ရေးလည်း ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာလည်း မကြာသေးဘူး ၂၀၁၂ က ဖြစ်ခဲ့တယ်။ ဒီလိုကိစ္စတွေ အကြိမ်ကြိမ် ရှိခဲ့တယ်။ မနှစ်က အောက်တိုဘာမှာ

ရဲစခန်း (၃) ခု ဝင်တိုက်တဲ့ကိစ္စ ပေါ်လာမယ် - ဒုတိယအခြေအနေပေါ့။ ကျနော့်အထင်တော့ ဒုတိယအကြိမ် တိုက်တဲ့ စခန်း (၃၀) ကို တပြိုင်နက်တည်း တိုက်တဲ့ဟာကတော့ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ပြင်ဆင်လာတာ။ ပြင်ဆင်လာပြီးတော့ Terrorists လို့ ပြောဖို့ကတော့ နည်းနည်းခက်တယ်ထင်တယ်။ လူတွေက အရပ်သားတွေ ပုဆိုးတွေနဲ့ နောက်တခါ ရပ်ရွာတွေက အတင်းအကြပ်ခေါ်လာတာလည်း ဖြစ်နိုင်တယ်။ စိတ်လိုက်မာန်ပါ လိုက်တယ်လူလည်း ရှိကောင်းရှိနိုင်တယ်။ ကိုင်တဲ့လက်နက်တွေက ထိပ်တန်းလက်နက်တွေ မဟုတ်ဘူး။ ဒါကတော့ နိုင်ငံတကာမှာရှိတဲ့ Terrorists တွေ ကိုင်တဲ့ လက်နက်မျိုးတွေတော့ မဟုတ်ဘူး။ ဒီစခန်း (၃၀) ကို ဒီလိုတိုက်လိုက်ရင် ရခိုင်ကွန်မြူနီတီတွေမှာ ကမန်တွေ၊ မြူတွေကို သတ်ဖြတ်ခဲ့လို့ရှိရင် ဒီထက်အဆ တစ်ထောင်ပြင်းထန်တဲ့ တုံ့ပြန်မှု ရလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ Caculated လုပ်ပြီးတော့ တိုက်တာ။ ဒီဘက်က ပြန်တုံ့ပြန်လိုက်တဲ့အချိန်မှာ တောက်လျှောက် အကုန်ပြန်ထွက်ပြေး။ တကယ်လဲ သာမန်အရပ်သားက ကြောက်ပြီးတော့ ထွက်ပြေးတာလည်း ပါနိုင်တယ်။ လှုံဆော်ပြီးတော့ ပြေးတာလည်း ပါနိုင်တယ်။ နောက်တခါ “မက်လုံး - တတိယနိုင်ငံကို သွားနိုင်တဲ့ အခွင့်အရေးတခု ရနိုင်တဲ့ အနေအထားတွေကြောင့် အုံနဲ့ကျင်းနဲ့ ထွက်ပြေးနေတာပဲ။ သူတို့ဘက်ကတော့ အဲဒီတုန်းက ကမ္ဘာက သူတို့ကို ထောက်ခံသွားပြီ။ သနားစရာ နှစ်ပတ်လောက်အတွင်းမှာ သိန်းနဲ့ချီပြီးတော့ သန်းဝက်လောက် ထွက်ပြေးခဲ့ရပြီ။ မတရားတွေ အလုပ်ခံရတယ်ဆိုတော့ တကမ္ဘာလုံးရဲ့ Sympathy သူတို့အပေါ်ရရှိခဲ့တယ်။

ကိုအောင်အောင် ။ ။ ARSA အနေနဲ့ အခုလိုမျိုး ရဲကင်းစခန်းတွေ ဝင်ပြီးတော့ တိုက်တယ်ဆိုတဲ့ကိစ္စမှာ ဒီ ARSA အဖွဲ့အနေနဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေမှာ ပါကစ္စတန်ကလို အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဦးသိန်းသန်းဦး ။ ။ ကျနော်ထင်တယ် ခေါင်းဆောင်လုပ်တဲ့လူက ပါကစ္စတန်နိုင်ငံသား။ သူက IS တွေမှာထင်တယ်။ အကြမ်းဖက်သင်တန်းတွေ တက်ခဲ့တယ်။ သေချာပါတယ်။ ဒီအသံက ထုတ်နေတာ ကြာပြီ။ နိုင်ငံတကာမှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ Lobby လုပ်နေတာပဲ။ ဒီတော့ သေချာပေါက် နိုင်ငံတကာအဖွဲ့အစည်းတွေက လက်နက်ထောက်ပံ့မယ်။ အခုအခြေအနေမှာပဲကျနော်ထင်တယ် အရင်တုန်းကရှိခဲ့တာ ARSA မဟုတ်ဘူး။ အရင်တုန်းက Rohingya Salvation Army ဆိုပြီး ကျနော်တို့ ၁၉၇၆ ခုနှစ်လောက်က ထောင်ထဲအတူတူ နေခဲ့ရဖူးတယ်။ အဲဒီလူတွေက သူတို့ကိုယ်သူတို့ မူဂျာဟစ်ဒင်လို့ ခေါ်တာပါ။ အဲဒီလူတွေရဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူး။ ဒါက အသစ်ဖြစ်တယ်။ ဒီအသစ်အတွက် ဒီဟာကဖြစ်ရင် စနစ်တကျ စီစဉ်ပြီးတော့ ဒီလိုလုပ်လိုက်လို့ ဟိုဒီလို တုံ့ပြန်လာလိမ့်မယ်။ အဲဒီအခါ ငါတို့က ဘယ်လို့လုပ်လိမ့်မယ်လို့ ကြိုတင်စနစ်တကျ တွက်ချက်ပြီးတော့ အကွက်ချပြီးတော့ လုပ်သွားတာ။ အဲဒီလိုထင်တယ်။

ကိုအောင်အောင် ။ ။ နိုင်ငံတကာအနေနဲ့ ဘာကြောင့် အခုလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေဟာ ထွက်ပြေးလာကြတယ်ဆိုတဲ့ အနေအထားမျိုးကို ယုံကြည်လက်ခံထားရမယ်။

ဦးသိန်းသန်းဦး ။ ။ သူတို့မှာ အခြေအမြစ် ပြောတာတော့ မဟုတ်နိုင်ဘူး။ အထောက်အထားအချို့လည်း ရှိနိုင်ပါတယ်။ အစစ်အမှန် အထောက်အထားတချို့လည်း ရှိနိုင်ပါတယ်။ တချို့လည်း လုပ်ကြံထားတာတွေ။ နှစ်ဘက်မှာပါမှာပေါ့။ အဲဒါမျိုး အချက်အလက်တွေကို သတင်းမီဒီယာကတော့ သူတို့ဘက်က ယှဉ်ပြောလို့ရှိရင် သူတို့က အများကြီးသာတယ်။ အများကြီး သူတို့တွေက အချက်အလက်တွေ ဟုတ်တာကော မဟုတ်တာကော ရထားတယ်။ နောက်တခါ သက်ဆိုင်ရာ တာဝန်ရှိသူအတွက် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ Camp တွေကို သွားပြီးတွေ့လို့ရတယ်။ တွေ့လို့ရတဲ့အခါမှာလည်း မှန်တာကော မမှန်တာကော ပြောလို့ရတယ်။ ပြောနိုင်တော့ သူတို့မှာ အချက်အလက်ရှိနေပြီး ကျနော်တို့က ပြစရာမရှိဘူး ဖြစ်နေတယ်။

ကိုအောင်အောင် ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီး ဦးဆောင်ပြီးတော့ ရခိုင်ပြည်နယ်ဘက်ကို သွားကြပါတယ်။ နိုင်ငံတကာ သံအမတ်တချို့လည်း ပါသွားပါတယ်။ ဆိုတဲ့အခါကြတော့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတချို့လည်း ပါသွားပါတယ်။ ဆိုတော့ အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်ပုံက လုံလောက်မှု ရှိပါရဲ့လား။ အခုလိုမျိုး အားလုံးသိအောင် ဆိုလို့ရှိရင် ပိုပြီးတော့ လွတ်လွတ်လပ်လပ် သတင်းမီဒီယာတွေကို သွားရောက်ပြီးတော့ သတင်းယူခွင့်ပြုရင် မကောင်းဘူးလား။

ဦးသိန်းသန်းဦး ။ ။ ကောင်းတာပေါ့။ Too late to hero… ကျနော်တို့က အဲဒီလို ပြောရတော့မယ်။ တကယ်တော့ ဒါတွေဖြစ်ပြီးတော့ ပထမဦးဆုံး ကုလသမဂ္ဂ Mission က Fact finding mission တောင်းတယ်။ နောက်တခါ လူ့အခွင့်အရေးကိုယ်စားလှယ် လွှတ်မယ်ပေါ့။ ဒါတွေကို ကျနော်တို့ ငြင်းခဲ့တယ်။ ဒီနေရာတွေကို ဒါတွေသွားလို့ရှိရင် အကျိုးမပြုဘဲနဲ့ ပိုဆိုးတဲ့ဟာတွေ ဖြစ်လာမယ်လို့ ပြောခဲ့တယ်။ အဲဒီအခါကြတော့ သတင်းမီဒီယာတွေနဲ့ သံတမန်အသိုင်းအဝိုင်းတွေ လွတ်လွတ်လပ်လပ်သွားခွင့် ပြုလုပ်လို့ရှိရင် လိမ်တဲ့ညာတဲ့လူတွေ ရှိသလို၊ မလိမ်မညာတဲ့ သာမန်ပြည်သူတွေနဲ့လည်း တွေ့ရမှာပဲ။ အဲဒီအခါ မျှတဲ့အကြောင်းပြချက်ရမယ်။ အခုက ပထမတုန်းက အလာမခံခဲ့ဘူး၊ လုံးဝတင်းခဲ့တာ။ ဒါက အထောက်အကူ မပြုနိုင်ဘူး။ ဘယ်လိုဖြစ်တယ် ဘယ်ညာဖြစ်တယ် ဖြစ်ခဲ့ပြီးတော့ ဘယ်သူ့မှ ပေးမသွားတဲ့အခါကြတော့ (၁၉) ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ် … အခု သံတမန်တွေကို ဖိတ်မယ်။ ဒီနေရာကို လာနိုင်တယ်။ ကျမတို့မှာ ဖုံးကွယ်ထားစရာ မရှိဘူးဆိုတော့ စောစောပိုင်းက အလာမခံခဲ့တာ ဖုံးကွယ်ထားစရာတွေ ရှိနေလို့လား ယူဆစရာ Context ဒါမျိုးတွေ လာဖြစ်တယ်။ တကယ့်တကယ်ကတော့ ဖြစ်လာတဲ့ ပြဿနာတွေပေါ်မှာ သူများလက်မဦးခင် နိုင်ငံတကာအသိုင်းအဝိုင်း သံတမန်တွေ မြင်ပါစေ … ဘယ်တတ်နိုင်မလဲ ပြစ်မှုကျူးလွန်သူ ရှိနိုင်ပါတယ်။ ဒါက မတစ်ထောင်သားတွေ ပါတယ်။ ကျူးလွန်တဲ့သူကို Bring to the justice ဥပဒေနဲ့အညီ အရေးယူ။ ကျန်တဲ့ဟာကို စီမံချက်ချပြီးတော့ သူတို့ကို ဒီလိုလုပ်မယ် ဒီလို မဒိမ်းကျင့်ရမယ်၊ လူသတ်ရမယ်လို့ ပေးမထားဘူး။ ဒါက ဖြစ်နိုင်တယ်။ ဖောက်ဖျက်မှုတွေ ရှိနိုင်တယ်။ အဲဒါတွေကို စုံစမ်းစစ်ဆေးပြီးတော့ အဲဒီလူတွေကို ဥပဒေအရ အရေးယူ။ ကျန်တာတွေကို တခုလုံးလုပ်နေတာ မဟုတ်ဘူးလို့ လုပ်သင့်တယ်။ အခုဟာကတော့ ဒီ Issue ရခိုင်အနောက်ဘက်မှာတော့ ကျနော်တို့က မီဒီယာနဲ့ သံတမန် ထိုးစစ်မှာ ကျနော်တို့ဘက်က အမြောက်အမြား အခြေအနေ နိမ့်တယ်လို့ ကျနော်မြင်တယ်။

ကိုအောင်အောင် ။ ။ အခုနောက်ပိုင်းကာလ ၂၀၁၂ လောက်ကစပြီးတော့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ။ နောက်မြန်မာနိုင်ငံအတွင်းမှာ တချို့မြို့ရွာတွေမှာ မူစလင်တွေနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ ဥပမာ နေအိမ်တွေ၊ ဈေးဆိုင်တွေ၊ ဗလီတချို့ ဖျက်ဆီးခံရတာမျိုးတွေ ရှိခဲ့တယ်။ ဆိုတဲ့အခါကြတော့ ဟိုတလောကဆိုရင်လဲ ဈေးရောင်းတဲ့ လူကြီးတယောက်ကို ဈေးရောင်းလို့ မရဘူးဆိုပြီး လာပြီးတော့ တားဆီးတာမျိုးတွေ ရှိပါတယ်။ ဆိုတော့ ဒီလိုအခြေအနေတွေကို အစိုးရအနေနဲ့ တာဝန်ရှိသူအနေနဲ့ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်သေးတာလို့ ထင်လဲ။ ဒါမှမဟုတ် ဒီလိုအခြေအနေမျိုး ဖြစ်နေအောင်လို့ လှုံဆော်ပေးနိုင်တဲ့ လှုံဆော်ပေးနေသူတွေ ရှိနေလို့ပါလား။

ဦးသိန်းသန်းဦး ။ ။ လှုံဆော်တဲ့လူတွေ အမှန်တကယ် ရှိတာပေါ့။ ဒီပြဿနာတွေကိုကြည့်ရင် မြင်တာပဲ။ ရခိုင်မှာဖြစ်တဲ့ ပြဿနာက သူတို့အခေါ် ဘင်္ဂလီခေါ်ခေါ် ရိုဟင်ဂျာခေါ်ခေါ် အဲဒီလိုလူတွေနဲ့ ရခိုင်ပြည်သူ၊ အမျိုးသားပြည်သူတွေနဲ့ ဖြစ်တဲ့ပြဿနာကို ပြည်တွင်းမှာရှိတဲ့ မူစလင်ဘာသာဝင် မြန်မာနိုင်ငံသားတွေပေါ် ပုံချပြစ်တင်ဖို့ ဆွဲပြီးယူလာတာဟာ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေသူတွေ အမှန်တကယ် ရှိနေတာကို ကျနော်တို့ တွေ့ရတယ်။ ဥပမာ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်ပါပဲ ရှေ့နေကြီး ဆရာဦးကိုနီ အသတ်ခံရတဲ့ကိစ္စကို ကြည့်လိုက်ရင် မြင်နိုင်တာပဲ တိုင်းပြည်မှာ ဘယ်လောက်အထိ ဥပဒေမဲ့နေပြီလဲ ။ သူတို့ကလည်း အဲဒီလို ဖြစ်စေချင်တာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ဘူး။ တိုင်းပြည်မှာ ဒါမျိုးဖြစ်အောင် ဖန်တီးနေတဲ့ ပွဲလန့်တုန်း ဖျာခင်းတဲ့၊ တောမီးလောင်လို့ လက်ခမောင်းခတ်တဲ့ တောကြောင်တွေ အများကြီးရှိတယ်။ အဲဒီအပေါ်မှာ ဥပဒေနဲ့အညီပဲ ကျနော်တော့ အစိုးရရဲ့ တုံ့ပြန်မှုက နှေးကွေးတယ်လို့ ယူဆတယ်။ တရုတ်စကားပုံရှိတယ် ခွေးမရိုက်ခင် ခွေးရှင်မျက်နှာကြည့်ရတယ်။ ခွေးရှင် ဘယ်သူလဲဆိုတာ စဉ်းစားနေရတဲ့ အနေအထားများ ရှိနေမလား ကျနော် မပြောနိုင်ဘူး။

အမှန်တကယ်တော့ ဒါတွေကို လုပ်ရမယ်။ ဒါက အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ ဒါက လက်ခံစရာ မဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်းပါတယ် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိတယ်။ ဘယ်ဘာသာမဆို ကိုးကွယ်ခွင့်ရှိတယ်။ ဒီလို ကိုးကွယ်ခွင့်ရှိတယ်ဆိုရင် ဒီလိုနိုင်ငံသားက သာသနိက အဆောက်အအုံတခုကို ဈေးရောင်းတဲ့ကိစ္စ။ စည်ပင်ဥပဒေနဲ့ဆွဲရင် တရားဝင်ဆွဲပေါ့။ အဲဒီလို နိုင်ထက်စီးနှင်း အဲဒီလို အနိုင်အထက်လုပ်တာမျိုးက သိပ်ရုပ်ပျက်ဆင်ပျက် ဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ အသရေကိုလည်း ညှိုနွမ်းပျက်ပြားစေတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီကိစ္စကိုတော့ ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန်၊ အမြန်ဆုံး ကိုင်တွယ်ရမယ့်ကိစ္စလို့ ယူဆတယ်။

ကိုအောင်အောင် ။ ။ နောက်ဆုံးမေးခွန်းပါ။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုနောက်ပိုင်းမှာ အခုလိုမျိုး ပဋိပက္ခတွေ ဖြစ်လာတဲ့အခါကြတော့ တဘက်မှာလည်း ဒီတချိန်တည်းမှာ မြန်မာနိုင်ငံက ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ပြည်ထောင်စုတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတာ ရှိတယ်။ ဆိုတော့ ရခိုင်ပြည်နယ်က ပဋိပက္ခအရေးကိစ္စဟာ လက်ရှိသွားနေတဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေနဲ့ ပြန်လည်ငြိမ်းချမ်းရေး ရရှိဖို့ ဆောင်ရွက်နေတဲ့ကိစ္စတွေအပေါ် ဘယ်လောက်ထိ နှောင့်နှေးသွားစေပါလဲ။

ဦးသိန်းသန်းဦး ။ ။ နှောင့်နှေးတာပေါ့။ အခုဖြစ်တဲ့ ဖြစ်ရပ်ကြီးက ကောင်းမှမကောင်းတာ။ စစ်တွေတိုက်နေတယ်။ ကျနော်တို့မှာ နှစ်ဆယ့်တစ်ရာစု ပင်လုံမှာ တွေ့နေရတဲ့ ပြဿနာတွေ အများကြီး။ ဒီမှာဖြေရှင်းစရာတွေ အများကြီး။ ကမ္ဘာပေါ်မှာ အရှည်ဆုံး ပြည်တွင်းစစ် - ဒါတွေကို ဖြေရှင်းစရာ အဓိက အဟန့်အတားက ၂၀၀၈ ဖွဲ့စည်းပုံ။ အဲဒါကြီးကို ကျော်လွှာဖို့ လုပ်နေချိန်မှာ ဒီဘက်က သပွတ်ပင်က မီးတကျီကျီ ဖြစ်လာတာပေါ့။ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေတောင် မသွားနိုင်ဘဲနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုမရဘဲ ကိုယ့်ကိုယ်ဝိုင်းတိုက်နေတာကို ခုခံကာကွယ်နေရတယ့် အနေအထားဖြစ်ရတဲ့အခါကြတော့ ဒါကြီးက မဖြစ်သင့်ဘူး။ ကျနော့်အယူအဆအရတော့ ဒီဟာက ထိခိုက်တယ်။ ရှင်းရမယ်။ ဘယ်လိုရှင်းမလဲ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာဟာ တရားမျှတပါတယ်။ နိုင်ငံတကာလည်း - ကျနော် သူတို့ကို ပြောတယ်။ ခင်များတို့ လက်ခံနိုင်သလား။ လက်ခံတယ်။ လက်ခံလို့ရှိရင် ခင်များတို့က ဒေါ်အောင်ဆန်းစုကြည်ကို ဒီအစီရင်ခံစာနဲ့အညီ အမြန်ဆုံး အကောင်အထည်ဖော် ဖြေရှင်းနိုင်အောင် အကူအညီပေးရမယ်။ ဒါက အကူအညီပေးသင့်တဲ့ကိစ္စ။ ကျနော့်အမြင်မှာတော့ ကျနော်တို့ ဘက်နှစ်ဖက်ပေါ် အခြေခံပြီးတော့ တဘက်ကတော့ National Identity, ရခိုင်မှာ ရခိုင်ပြည်သူတွေရဲ့ တဖြည်းဖြည်းနဲ့ တဘက်က ပွားများလာပြီးတော့ လူမြိုမယ့်အန္တရာယ်ရှိတယ်။ အဲဒါကိုလည်း ကျနော်တို့ ထည့်တွက်ရမယ်။ တဘက်ကလည်း International Humanitarian Law အရ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေ လိုက်နာတဲ့ နိုင်ငံတကာ စံနှုန်းတွေအရ လူသားဆန်တဲ့ ဥပဒေတွေအရ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ရသူ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပေး။ မဖြစ်သင့်ရင် တခြားပို့။ နိုင်ငံတကာနဲ့ ဆက်ဆံပြီးတော့ လက်ခံမယ့်နိုင်ငံကိုပို့ ဒါပဲ လုပ်လို့ရမယ်။ အဲဒီတော့ ဒီအကြိတ်အခဲကြီးက ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အလွန်ကြီးတဲ့ အဟန့်အတား ဖြစ်နေတယ်။

XS
SM
MD
LG