သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခေါင်းဆောင်တွေအပေါ် ဖမ်းဝရမ်း ကုလ ထောက်ခံဖို့လိုအပ်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Mr. Quintina
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Mr. Quintina

မြန်မာခေါင်းဆောင်တွေအပေါ် ထုတ်ပြန်ထားတဲ့အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းကို ပိုမိုထိရောက်အောင် နိုင်ငံတကာပံ့ပိုးကူညီမှုရဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ အခိုင်အမာဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကိုပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စစ်ခေါင်းဆောင်တွေကို အဓိကပစ်မှတ်ထား ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အာဂျင်တီးနားတရားရုံး အမိန့်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာ အကျိုးဆောင်ရှေ့နေလည်းဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Tomas Quintana ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ပထမဦးဆုံးအနေနဲ့ အာဂျင်တီးနားတရားရုံးကနေ မြန်မာခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်လိုက်တဲ့ကိစ္စမှာ အရပ်သားခေါင်းဆောင်တွေပါနေတဲ့ အကြောင်းအရင်းကို ရှင်းပြပေးပါ။

Mr. Quintana - အာဂျင်တီးနားတရားရုံးက လက်ခံထားတဲ့ ရိုဟင်ဂျာအမှုမှာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ အစိုးရရှေ့နေကနေ အသက်မသေ လွတ်မြောက်လာခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ ထွက်ဆိုချက်တွေအပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ကနေလည်း အထောက်အထား အများအပြား စာရွက်စာတမ်းတွေကို လက်ခံရရှိခဲ့ပါတယ်။ ဒီအချက်အပေါ် အခြေခံပြီးတော့ အစိုးရရှေ့နေက တရားရုံးကို မြန်မာခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ကလည်း ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့ပါတယ်။

ဒါပေမဲ့ ဒီလျှောက်ထားချက်နှစ်ခုရဲ့ အဓိက ကွာခြားချက်ကတော့ ကျနော်တို့ တင်ပြထားတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြားကွပ်ကဲမှုအဆင့်ဆင့်မှာ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်အရာရှိတွေပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားတရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုအဆင့်မှာ အရပ်သားခေါင်းဆောင်တွေကိုပါ ဖမ်းဝရမ်းထုတ်ဖို့ မသင့်တော်ဘူးလို့ ကျနော်တို့က ယူဆပါတယ်။ ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်ပါ။

ဒါပေမဲ့လည်း အစိုးရရှေ့နေဘက်က ကွဲပြားတဲ့ သဘောထား ရှိခဲ့ပါတယ်။ သူတို့ရဲ့ တင်ပြချက်မှာ-စစ်တပ်အရာရှိတွေသာမကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့လို အရပ်သားခေါင်းဆောင်တွေလည်း ပါ၀င်ခဲ့ပါတယ်။

အဲဒီနောက် တရားရုံးကနေ တောင်းဆိုချက်နှစ်ခုလုံးကို လက်ခံပြီး အချိန်ယူ သုံးသပ်ခဲ့ပြီးနောက် ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ဖမ်း၀ရမ်းမှာ အရပ်သားခေါင်းဆောင်တွေရဲ့ အမည်တွေကိုပါ ထည့်သွင်းခဲ့တာပါ။

ကျနော်တို့ကတော့ အခုချိန် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားချိန် ဒေါ်အောင်ဆန်းစုကြည်လို အရပ်သားတွေ ကို ထည့်သွင်းဖို့ မသင့်တော်ကြောင်း တင်ပြခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ တရားရုံးက အစိုးရရှေ့နေရဲ့ တင်သွင်းချက်ဖြစ်တဲ့ ဖမ်းဝရမ်းမှာ စစ်တပ်အရာရှိတွေသာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို ထည့်သွင်းထားတာကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ အာဂျင်တီးနားတရားရုံးကထုတ်တဲ့ ဖမ်းဝရမ်းမှာ အရပ်သားခေါင်းဆောင် ဘယ်နှစ်ယောက်ပါသလဲ။

Mr. Quintana - ဒီဖမ်းဝရမ်းမှာ အရပ်သားခေါင်းဆောင်ဆိုရင် နှစ်ဦး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်ပါ။ နောက်အရပ်သားကတော့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို စစ်တပ်နှိမ်နင်းစစ်ဆေးရေးမှာ စစ်တပ်ကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ပါတယ်။

မေး ။ ။ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ စာရင်းထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေ တင်မကပဲ အရပ်သားခေါင်းဆောင်တွေကိုပါ ဘာကြောင့် ထည့်သွင်းခဲ့တာလဲရှင့်။

Mr. Quintana - ရွာတွေကို မီးရှို့၊ အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ထွက်ဆိုချက်တွေအရရော၊ အခြားစုံစမ်းစစ်ဆေးချက်တွေအရ စစ်တပ်က ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ အရပ်ဖက်ခေါင်းဆောင်တွေပါ ပါသလားဆိုတဲ့ မေးခွန်းဆိုရင်တော့ စစ်တပ် ပါ၀င်ပတ်သက်နေတယ်ဆိုတဲ့ အဖြေလိုမျိုး ပြတ်ပြတ်သားသား ပြောလို့မရပါဘူး။ ၂၀၁၇ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့တယ်ဆိုတဲ့အချိန်မှာ အရပ်သားအစိုးရကာလ ဖြစ်နေတော့ အာဂျင်တီးနား တရားသူကြီးအမျိုးသမီး ဦးဆောင်တဲ့ အဖွဲ့ကနေ မြန်မာအရပ်ဖက် ခေါင်းဆောင်တွေမှာ တာ၀န်ရှိမရှိ စစ်ဆေးဖို့ အချိန်တန်ပြီဖြစ်တဲ့အတွက် ဖမ်းဝရမ်းစာရင်းမှာ တခါတည်းထည့်သွင်းဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ နိုင်ငံတကာ ဥပဒေကျင့်ထုံးအရ အာဂျင်တီးနားတရားရုံးက ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းမှာ တွေ့ရတဲ့ အဓိကအရေးပါတဲ့ အချက်တွေက ဘာတွေလဲရှင့်။

Mr. Quintana - ပထမအဆင့်က အာဂျင်တီးနားတရားရုံးကနေ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ကို သူတို့ ထုတ်ပြန်တဲ့ ဖမ်းဝရမ်း ပို့ပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံတကာမှာ ဒီဖမ်းဝရမ်းနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ပေးဖို့ Interpol အဖွဲ့က လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံအသီးသီးက ရဲတပ်ဖွဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ လုပ်ငန်းစဥ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေတော့ ဘယ်လို ဖြစ်လာမလဲဆိုတာကို ကျနော်တို့ အဖြေမရသေးပါဘူး။ နိုင်ငံတကာအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ တုံ့ပြန်ကြမလဲဆိုတာကတော့ အဓိကကိစ္စ ဖြစ်နေပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အာဆီယံတို့လို မိတ်ဖက်အဖွဲ့အစည်း နိုင်ငံတွေဆီက ပံ့ပိုးကူညီမှုတွေရဖို့ အာဂျင်တီးနားအနေနဲ့ ချဥ်းကပ်ဆောင်ရွက်ဖို့ ရှိပါတယ်။

မေး ။ ။ နိုင်ငံတကာဥပဒေနဲ့ ပတ်သက်ရင် စိန်ခေါ်မှု အခက်အခဲတွေ ရှိနေတဲ့အခြေအနေမှာ ဖမ်းဝရမ်းထုတ်တာကို အကောင်အထည်ဖေါ်ဖို့ ဘယ်လို အဆင့်ဆင့်ဆောင်ရွက်ရလဲ။

Mr. Quintana - ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသား လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ စစ်တပ်ရဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာတရားရုံးတရုံးက ဆင့်ခေါ်တာဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အမှုကို စစ်ဆေးဖို့ တာ၀န်ရှိသူတွေကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တာဝန်ခံမှုနဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်ပြီး တရားမျှတမှုအတွက် နိုင်ငံတကာက ပါဝင်ကြိုးပမ်းတဲ့ သမိုင်း၀င်ခြေလှမ်းသစ်လည်း ဖြစ်ပါတယ်။ လွတ်လပ်မျှတတဲ့ တရားရေးလုပ်ငန်းစဥ်တွေ ပါ၀င်တဲ့ သမာသမတ်ရှိတဲ့ နိုင်ငံတကာတရားရုံးတရုံးရဲ့ စီရင်ချက်ဟာ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ယူရမယ်ဆိုတဲ့ စံနမူနာသစ်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

မေး ။ ။ အနာဂတ်မှာ တာဝန်ယူမှု တာ၀န်ခံမှုရှိဖို့အတွက် ဒီဖမ်းဝရမ်းစာရင်းမှာ ပါဝင်နေသူတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဘယ်လိုဖြစ်လာမလဲ။

Mr. Quintana - စောစောက ပြောခဲ့သလိုပဲ ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အခြေခံ အကြောင်းအရင်းကတော့ အာဂျင်တီးနားတရားရုံးနဲ့ အစိုးရရှေ့နေတွေဘက်မှာ စုဆောင်းထားတဲ့ များပြားလှတဲ့ သက်သေအထောက်အထားတွေ ရှိနေတာပါ။ ဥပမာအားဖြင့် အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ ရိုဟင်ဂျာ ခုနစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ကနေ အာဂျင်တီးနားနိုင်ငံကို ၂၀၂၃ ခုနှစ်က ရောက်ရှိလာခဲ့ပြီး တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီလို ထွက်ဆိုချက်တွေကြောင့် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနား တရားသူကြီးအတွက် လုံလောက်တဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ ဒါက အာဂျင်တီးနားတရားရုံးမှာ ရှိနေတဲ့ များပြားလှတဲ့ သက်သေအထောက်အထားတွေထဲက ဥပမာတခုပဲ ဖြစ်ပါတယ်။ အခြေအမြစ်ရှိရှိနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ လေးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက်၊ အထူးသဖြင့် စစ်ခေါင်းဆောင်တွေမှာ တာ၀န်ရှိနေတာနဲ့ တာဝန်ရှိနေတဲ့အချက်ကို ဘယ်လိုမှ ရှောင်လွှဲလို့မရဘူးဆိုတာ တရားသူကြီးက တွေ့မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

မေး ။ ။ ဒီဖမ်းဝရမ်းက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေအပေါ် ချက်ချင်းအကျိုးသက်ရောက်မှုက ဘယ်လို ရှိမလဲ။

Mr. Quintana - လက်ရှိအချိန်မှာတော့ အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်း ထုတ်လိုက်တယ်ဆိုတဲ့ စီရင်ချက်ကို မြန်မာစစ်ကောင်စီကို တရား၀င်ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒါပြီးတာနဲ့ စစ်ကောင်စီက ဘယ်လို တုံ့ပြန်မလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ရိုဟင်ဂျာတွေအပေါ် သက်ရောက်မှုနဲ့ ပတ်သက်လာရင် ဒါဟာ သူတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဖိနှိပ်မှုတွေအတွက် နိုင်ငံတကာက လစ်လျူပြုမထားဘူးဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီအမှုကို အာဂျင်တီးနားတရားရုံးကနေ လက်ခံကိုင်တွယ်ဖို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကိုယ်တိုင် အခက်အခဲတွေ ဖြတ်သန်းကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အတွက် ဒါဟာ တရားမျှတမှုဆီ ဦးတည်တဲ့ အရေးကြီးတဲ့ ပထမခြေလှမ်းပါပဲ။

တာဝန်ခံမှုဆိုတာကို ဖြစ်လာဖို့အတွက် ကြိုးပမ်းတဲ့လုပ်ငန်းစဥ်ဟာ ရှည်လျားပြီး အောင်မြင်မှု ဆုတ်ယုတ်မှုတွေနဲ့ ပြည့်နေတာပါ။ အခုအချိန်မှာ တရားမျှတမှုအတွက် ခြေလှမ်းစတင်လိုက်တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ ရင်ဆိုင်ခဲ့ရတဲ့ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေအတွက် တရားမျှတမှုရဖို့ အားဖြည့်ပေးလိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ အခုလို အာဂျင်တီးနားတရားရုံးကနေ ရိုဟင်ဂျာအမှုကို ကိုင်တွယ်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ရာမှာ Mr. Quintana ဘယ်အခန်းကဏ္ဍကနေ ပါ၀င်ခဲ့သလဲ။ ဘယ်လို စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရသလဲ။

Mr. Quintana - ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့ ဥပဒေအကျိုးဆောင်အနေနဲ့ ၂၀၁၉ ခုနှစ်က အာဂျင်တီးနားတရားရုံးမှာ အမှုတိုင်ကြားချက်ကို ကျနော် တင်သွင်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဥပဒေရေးရာနဲ့ ပတ်သက်လို့ ကျနော် မမောမပန်း လုပ်ဆောင်ခဲ့သလို အထောက်အထား အများအပြားကိုလည်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို အသိအမှတ်ပြုခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ အာဂျင်တီးနားတရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ကျနော်တို့ ကြိုးပမ်းခဲ့ပါတယ်။

အခုလို ကိစ္စရပ်မျိုးမှာ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ဒီနေရာမှာ ရှုပ်ထွေးပြီး စိန်ခေါ်မှုအခက်အခဲတွေ ရှိခဲ့ပေမဲ့လည်း အခုအခါမှာ ရလဒ်တွေကို ကျနော်တို့ မြင်တွေ့ခဲ့ရပါပြီ။ ရိုဟင်ဂျာတွေအတွက် ဥပဒေကြောင်းအရ ရှေ့နေအဖြစ် ဒီအောင်မြင်မှုအတွက် ဂုဏ်ယူမိပါတယ်။

မေး ။ ။ အခု ဖမ်းဝရမ်းထုတ်ပြီးတော့ နောင်တဆင့်က ဘာပါလဲ။ ဖမ်းဝရမ်းကို အသက်၀င်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဘယ်လို အရေးယူမှုတွေ လုပ်ဆောင်နိုင်မလဲ။

Mr. Quintana - ကျနော်တို့ အဓိကမျှော်လင့်တာကတော့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ မြန်မာစစ်ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်း ဆုံးဖြတ်ချက်ကို သူတို့ရဲ့ လုပ်ငန်းစဥ်မှာ ပေါင်းစပ်ထည့်သွင်းဖို့ ဖြစ်ပါတယ်။ ဒီဖမ်း၀ရမ်းကို အကောင်အထည် ဖေါ်ဖို့အတွက် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။

လက်တွေ့အကောင်အထည် ပေါ်လာဖို့ ကုလသမဂ္ဂအနေနဲ့ ပိုမိုတက်ကြွတဲ့အခန်းကဏ္ဍက ပါ၀င်ဖို့ လိုအပ်ပါတယ်။ အာဂျင်တီးနားတရားရုံးက လက်ခံထားတဲ့ ရိုဟင်ဂျာအမှုကို IIMM ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ယန္တရားအဖွဲက ထောက်ခံထားပြီး အရေးကြီးတဲ့ အချက်အလက်တွေကိုလည်း ပံ့ပိုးပေးနေပါတယ်။ အခု ဖမ်းဝရမ်း ပြဋ္ဌာန်းရာမှာ အဖွဲ့ဝင်နိုင်ငံတွေကို ကူညီပေးဖို့ ကုလသမဂ္ဂရဲ့ ခိုင်မာတဲ့ နိုင်ငံရေး ကတိကဝတ်တခု လိုအပ်နေပါတယ်။

Forum

XS
SM
MD
LG