သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ နဲ့ ဒီကေဘီအေ အဖွဲ့ကြား ပဋိပက္ခ


ကိုကျော်ကျော်သိန်း ။ ။ ကျနော် အခုရောက်ရှိနေတဲ့ နေရာဟာ ထိုင်း-မြန်မာနယ်စပ် မဲဆော့ နဲ့ မြဝတီမြို့တို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတားထိပ်၊ ထိုင်းနိုင်ငံဖက်ခြမ်း လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနနေရာ ဖြစ်ပါတယ်။ ဒီကနေ့ အချိန်အခါဟာ DKBA ကလို့ထူးဘော အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလှဘွယ် ကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းအစိုးရက ဆုငွေဘတ်တသန်းနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက်အတွက် နယ်စပ်ဒေသနဲ့ တချို့နေရာတွေမှာ တင်းမာမှုအတန်ငယ်ရှိနေတဲ့ အချိန်ကာလဖြစ်ပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung က စောလှဘွယ်အနေနဲ့ ထိုင်းနိုင်ငံကိုလာပြီး အဖမ်းခံရင်ခံ၊ ဒါမှမဟုတ်ရင်တော့ မြန်မာနိုင်ငံအတွင်းက သူ့ရဲ့ နေရာမှာတင် သုတ်သင်ခံရမယ်လို့ ပြောခဲ့တာကြောင့် တင်းမာမှုက ပိုပြိးအရှိန်မြှင့်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အဲဒီနောက်မှာ ဗိုလ်ချုပ်စောလှဘွယ်တို့ တပ်မဟာ (၅) က သူတို့ထိန်းချုပ်မှု့အောက်မှာ ရှိနေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်တောင်ပိုင်း ကော့ကရိတ်မြို့တလျှောက်က နှစ်ဖက်ကုန်သွယ်ကူးသန်းရောင်းဝယ်ရာ နေရာအတော်များများကို ပိတ်ပြစ်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းက အုန်းဖျန်၊ ဖော့ဖရာခရိုင်တွေနဲ့ ကုန်သွယ်ကူးသန်းရောင်းဝယ်နေတဲ့ နေရာတွေပါ။ အဲဒီေဒေသမှာ နှစ်ဖက်လူထုဖြတ်သန်းသွားလာတာတွေ၊ ကူးသန်းရောင်းဝယ်တာတွေ ရပ်တန့်နေတယ်လို့ ကေအန်ယူ ပြောခွင့်ဆိုခွင့်ရှိသူ ဗိုလ်မှူးစောလှငွေ က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ထိန်းချုပ်ဒေသတွေက ဆက်စပ်နေတဲ့အတွက် DKBA ဖက်မှာ အခြေအနေ တင်းမာလာတယ်ဆိုရင် KNU ဖက်မှာလည်း အခက်အခဲရှိလာတဲ့အပြင် ထိုင်းနဲ့ DKBA ပဋိပက္ခဟာ လက်ရှိမြန်မာအစိုးရပေါ်ကိုလည်း ရိုက်ခတ်မှုရှိတယ်လို့ ဗိုလ်မှူးစောလှငွေ က ဆိုပါတယ်။

ဗိုလ်မှူးစောလှငွေကို ထိုင်းနိုင်ငံနယ်စပ်မှာ ဗွီအိုအေ က သီခြားတွေ့ဆုံခဲ့ချိန် သူက အခုလို ပြောဆိုခဲ့တာပါ။

ဗိုလ်မှူးစောလှငွေ ။ ။ တင်းမာမှုအခြေအနေကတော့ လောလောဆယ်မှာ မကြာခင်က ထိုင်းနိုင်ငံက ဗိုလ်ချုပ်စောလှဘွယ် ကို မူးယစ်ဆေးဝါးရာဇာအဖြစ် wanted ထုတ်လိုက်တယ့် အနေအထားအပေါ်မှာ။ အထူးသဖြင့်တော့ အခု ဗိုလ်ချုပ်စောလှဘွယ် တို့ အခုလှုပ်ရှားနေတဲ့ နယ်စပ်ဒေသမှာ နှစ်ဖက်တင်းမာမှု ရှိလာတယ်။ အဲဒါတော့ အားလုံးသိကြတဲ့အတိုင်း နှစ်ဖက်တင်းမာမှုတွေ ဖြစ်လာတယ်။

ကိုကျော်ကျော်သိန်း ။ ။ သူတို့ လှုပ်ရှားနေတဲ့နယ်စပ်ဆိုတာ ဘယ်နေရာလို့ ပြောလို့ရလဲ။

ဗိုလ်မှူးစောလှငွေ ။ ။ အထူးသဖြင့် ကျနော်တို့ KNU နဲ့ ဆက်စပ်ပတ်သက်နယ်မြေဆိုရင်တော့ အနီးစပ်ဆုံးက တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝေါလေ။ ဟိုဖက်ဆိုရင် ပုပ္ပါမြို့ နယ်စပ်တွေ။ အဲဒီနေရာတွေမှာ အခုလောလောဆယ်တော့ နှစ်ဖက် - တဖတ်နဲ့တဖတ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိပါတယ်။ တဖတ် ကိုယ့်လုံခြုံရေးကို ဗိုလ်ချုပ်စောလှဘွယ်တို့လည်း သူတို့လုံခြုံရေးအတွက် ယူတဲ့အနေအထားနဲ့ ဒီဖက်ကလည်း ဖြတ်သန်းမှုတွေကို သတိထားပြီး ပိတ်ပင်တဲ့အနေအထားပေါ်မှာဖြစ်တော့ နှစ်ဖက် ပုံမှန်ဖြတ်သန်းမှုနဲ့ ကူးလူးဆက်ဆံမှုက စောစောကပြောသလို ရပ်တန့်သွားတယ်။ ရပ်တန့်သွားပြီး တင်းမာမှုရှိတယ်လို့ ကျနော် နားလည်းပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ အဲဒီလို တင်းမာမှုက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေမှာ KNU အပေါ် သက်ရောက်မှု ထိခိုက်မှု ရှိပါသလား။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်တို့နဲ့ ဗိုလ်ချုပ်စောလှဘွယ် တို့ကတော့ နယ်မြေကတော့ နယ်မြေတခုတည်းမှာ။ သို့သော်လည်း သူတို့တော့ သီးသန့်နယ်မြေ၊ လှုပ်ရှားတဲ့နယ်မြေရှိတယ်။ သီးသန့်အခြေချနယ်မြေတော့ရှိတယ်။ သို့သော် ဆက်စပ်နယ်မြေအရပြောမယ်ဆိုရင် တဆက်စပ်တည်းနယ်မြေတွေ ဖြစ်တဲ့အတွက် သူတို့ဖက်မှာကြပ်လာပြီဆိုရင် ကျနော်တို့ဖက်မှာလည်း အခက်အခဲရှိလာတယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုလို တင်းမာနေတဲ့ အခြေအနေကို ဆရာတို့ KNU အနေနဲ့ ဘယ်လိုများမြင်ပါသလဲ။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်တို့က ဒီကိစ္စပေါ်လာတဲ့အခါကြတော့ ကျနော်တို့က ပြောမယ်ဆိုရင် ဒီအမှုက ပြောကြတာတော့ ကြာပြီ။ ကျနော်လည်း DKBA ကာလကတည်းကိုက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးကျော်ကြားတဲ့အခါကြတော့ ကျနော်တို့က DKBA နဲ့ ပတ်သက်ရင် မူးယစ်ဆေးဝါး မလုပ်ဖို့ အမြဲတမ်းပြောတယ်။ မူးယစ်ဆေးဝါး မလုပ်ဘူးဆိုရင်တော့ ကျနော်တို့နဲ့ ပူးပေါင်းနိုင်တယ်လို့ ပြောထားတယ်။ ကျနော်တို့ မိခင်အဖွဲ့အစည်းကြီးတခုအနေနဲ့။ သို့သော် အဲဒီကာလတွေထက် DKBA က မူးယစ်ဆေးဝါး ဘယ်လောက်လုပ်တယ်၊ မလုပ်ဘူးဆိုတဲ့ အတိအကျ အခိုင်အမာကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင်တော့ ထိပ်တိုက်တွေ့ပြီး သိရှိတာကတော့ ထိုင်းနိုင်ငံပဲဖြစ်တယ်။ ဆိုတော့ ဒီကိစ္စကို ပြန်ကြည့်ရင်တော့ အမှုကတော့ ကာလကြာပြီဖြစ်တဲ့ အမှုဟောင်းတခုပေါ့။ အမှုဟောင်းတခုက အခုမှ ရုတ်တရက်ပေါ်လာပြီးတော့ ဗိုလ်ချုပ်စောလှဘွယ် ကို target ထားပြီးတော့ target ထားတဲ့အဖွဲ့ထဲမှာလည်း အဖွဲ့ဝင်ဆိုပြီး ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်မယ်လို့ ပေါ်လာတဲ့အခါကြတော့ ပြောရအတော်လေးခက်တယ်။ ဗိုလ်ချုပ်စောလှဘွယ် တို့ဖက်ကလည်း ခုခံချေပပိုင်ခွင့်ရှိတော့ သူတို့ကလည်း လူသိရှင်ကြား စိမ်ခေါ်ပြီးတော့ဖြစ်ဖြစ် အစစ်ဆေးခံတယ်။ ဒီဖက်ကလည်း အမှုကပိုင်တယ်။ ငါတို့မှာ သက်သေရှိတယ်။ ခင်များလာပြီး အဖမ်းခံပြီး အစစ်အဆေးခံရင် ပေါ်မယ်ဆိုတော့ ဒါက နှစ်ဖက်ပဋိပက္ခ။ နှစ်ဖက် ပဋိပက္ခက လောလောဆယ် လက်ရှိ အာဏာရှိတယ် ဦးသိန်းစိန် အစိုးရမှာလည်း ရိုက်ခတ်မှုရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်ချုပ်စောလှဘွယ် နဲ့ ဦးသိန်းစိန် အစိုးရတို့လည်း နားလည်းမှုရှိထားပြီး သူတို့ကို တရားဝင်အခြေချခွင့်၊ လှုပ်ရှားခွင့်နဲ့ တရားဝင်နေလို့ရတယ့် လက်နက်ကိုင်အဖွဲ့အစည်းတရပ်ဖြစ်တယ်။ ထို့နည်းစွာ ကျနော်တို့မြင်တာကလည်း ကျနော်တို့လည်း အပစ်အခတ်ရပ်စဲထားတဲ့အခါကြတော့ ဗိုလ်ချုပ်စောလှဘွယ် တို့နဲ့ ကျနော်တို့လည်း ဟိုတချိန်တုန်းမှာ ထိပ်တိုက်ပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အပေါ်မှာ ကျနော်တို့အမျိုးသားရေး ညီညွှတ်မှုတွေ တည်ဆောက်နေတဲ့ကာလမှာ အဲဒီလို သူတို့နဲ့ ကျနော်တို့ကြားမှာ ညှိရမယ့်ဟာတွေ အများကြီးရှိတဲ့ကြားမှာ ဒီလိုမျိုးကိစ္စတွေ ပေါ်လာတော့ ကျနော်တို့လုပ်ရမယ့် အလုပ်တွေတောင်မှာ အနှောက်အယှက်အများကြီး ပြန်ဖြစ်လာတယ်။ ကျနော်တို့အချင်းချင်းကြားမှာ ညှိရမှာတွေ။ ပူးပေါင်းဆောင်ရွက်ရမယ့်အပိုင်းတွေ ကျနော်တို့ မလုပ်နိုင်ဘူးဖြစ်တယ်။ အခြေအနေကို စောင့်ကြည့်နေရတယ်။ ဒီဖက်မှာတော့ ဘယ်ဖက်ကိုမှ ဘယ်သူဘယ်ဝါကိုမှ ပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့လည်း အခြေအနေ သက်သေသာရကအရ ထိပ်တိုက်ရင်ဆိုင်တွေ့တယ် အဖွဲ့နှစ်ဖွဲ့က အဓိက။ အဲဒီအပေါ်မှာ ဘယ်လောက်ထိ မှန်လဲမှားလဲဆိုတာကို အဓိကမပေါ်သေးတော့ ကျနော်တို့အနေနဲ့က အကောင်းဆုံးဖြေရှင်းသွားတာကိုပဲ လိုချင်တယ်။ ထိပ်တိုက် ပဋိပက္ခအနေနဲ့ မဖြစ်စေချင်ဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဒီကိစ္စမှာ ထိုင်းဖက်ကနေပြီ တပ်ကသော်လည်းကောင်း၊ တခြားလုံခြုံရေးအဖွဲ့အစည်းကသော်လည်းကောင်း တာဝန်ရှိသူကသော်လည်းကောင်း ဆရာတို့ KNU ကို ဆက်သွယ်လာတာ ရှိပါသလား။

ဗိုလ်မှူးစောလှငွေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ကို မဆက်သွယ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က တောက်လျှောက် ရပ်တည်မှုနဲ့ သဘောထား ရှင်းရှင်းလင်းလင်း ဆောင်ရွက်ခဲ့တဲ့အခါကြတော့ ဒီလိုကိစ္စတွေမှာ ကျနော်တို့ ဆက်စပ်ပတ်သက်တဲ့ ပြဿနာတွေ ထူးထူးထွေထွေ မရှိတဲ့အပေါ် သူတို့လည်း ကျနော်တို့ကို ဘာမှမပြောပါဘူး။ သို့သော်လည်းပဲ ဒီလိုဖြစ်မယ့် အရိပ်အရောင် အလားအလာတွေကတော့ ကျနော်တို့ သိထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ လက်ရှိမှာ ဗိုလ်ချုပ်စောလှဘွယ် တို့ DKBA နဲ့ KNU တို့ကြား ဆက်ဆံရေးက လတ်တလောအခြေအနေမှာ ဘယ်လိုရှိပါသလဲ။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်တို့ ဆက်ဆံရေးကတော့ မိခင်အဖွဲ့အစည်းကနေ ခွဲထွက်သွားပြီးတော့ မိခင်အဖွဲ့အစည်းကို ဆန့်ကျင်မှုဖြစ်တယ်။ နောက် မိခင်အဖွဲ့အစည်းနဲ့ ပြန်လည်နားလည်းပြီးတော့ မိခင်အဖွဲ့အစည်းကို တဖြည်းဖြည်းနဲ့ ပြန်ဝင်ပြီးကြိုးစားတဲ့ သားသမီးအဖွဲ့တရပ်လို့ပဲ နားလည်းတယ်။ အဲဒီအပေါ်မှာ သူတို့ရဲ့ အခြေအနေအချိန်အခါတရပ် ရောက်လာတဲ့အခါမှာ မိခင်အဖွဲ့အစည်းရဲ့ ခံယူမှုအတိုင်းကို ခံယူပြီးတော့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုအားလုံးကို တသားတည်းဖြစ်တယ်ဆိုရင် နိုင်ငံရေး၊ အုပ်ချုပ်ရေး အစစအရာရာဆိုရင် မိခင်အဖွဲ့အစည်းရဲ့ လက်အောက်ခံ တပ်မဟာတခု သို့မဟုတ် လက်အောက်ခံ အဖွဲ့အစည်းတခု ဖြစ်လာမှာပေါ့။ လောလောဆယ်မှာတော့ မိခင်အဖွဲ့အစည်းကို ဂါရဝတရားထားပြီးတော့ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ချင်တဲ့ကိစ္စတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတရပ် ဖြစ်နေတယ်။ အဓိကတော့ ကျနော်တို့နဲ့ လက်နက်ကိုင် ပဋိပက္ခထိပ်တိုက် မဖြစ်ရေးနဲ့ ကျနော်တို့နဲ့အတူတကွ ကျရောက်နေတဲ့ နယ်မြေတွေ ထပ်နေတဲ့နယ်မြေတွေမှာ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေ မရှိအောင် ဆက်ပြီးညှိစရာတွေ အများကြီးရှိပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ လက်ရှိ ဖြစ်နေတဲ့ တင်းမာမှုအခြေအနေ အခုန ရှင်းပြခဲ့တဲ့ တင်းမာမှုတွေက ထိုင်း-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်ရေး၊ လုံခြုံရေး၊ ကူးသန်းရောင်းဝယ်မှု စသည်ဖြင့် အဲဒီအခြေအနေတွေအားလုံးကို နောက်ထပ် ဘယ်လောက်အထိ ခြိမ်းခြောက်လာနိုင်သလဲ။ ဥပမာ ပစ်တာခတ်တာတို့ တံတားပိတ်တာတို့ စသဖြင့် ဒီအခြေအနေအထိ ဖြစ်လာနိုင်တယ်လို့ ဆရာမြင်ပါသလား။

ဗိုလ်မှူးစောလှငွေ ။ ။ အဲဒီလောက်အထိ ဖြစ်လာနိုင်စရာ မရှိဘူးလို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ သိရသလောက်ဆိုရင် ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ပါးပါးနပ်နပ်နဲ့ ပျော့ပျော့ပြောင်းပြောင်း စိတ်ရှည်လက်ရှည် ကိုင်တွယ်တတ်တယ်။ ဟိုဖက်ကလည်း ဗိုလ်ချုပ်လှဘွယ်တို့လည်း ဖြတ်သန်းမှု အများကြီးရှိလာပြီ။ အများကြီး ရှိလာတဲ့အပေါ်မှာ ဘာပဲဖြစ်ဖြစ် ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ သူတို့လည်း နိုင်ငံတကာအဆင့်အထိ ရင်ဆိုင်ဖို့ အသင့်ပြင်ထားတဲ့အခါကြတော့ ဥပဒေအကြောင်းအရပ်ပဲဖြစ်ဖြစ်၊ တရားမျှတခွင့်ပေါ်မှာဖြစ်စေ မှန်မှန်ကန်ကန် ရင်ဆိုင်ဖြေရှင်းတဲ့အပေါ်မှာ သဘောထားရှိတဲ့အပေါ် ကျနော်ထင်တယ် ဆိုးဆိုးဝါးဝါး ထိပ်တိုက်ပဋိပက္ခဖြစ်စရာတော့ မလိုဘူးလို့ အဲဒီလိုတွက်တယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆရာအနေနဲ့ နောက်ဆုံး ဒီပြဿနာက ဘယ်လိုမျိုး အဆုံးသတ်သွားသင့်သလဲ။ တင်းမာမှု ဘယ်လိုပြီးသွားသင့်သလဲ။ ဘယ်လိုဖြေရှင်းသင့်သလဲလို့ အကြံပေးချင်ပါသလဲ။

ဗိုလ်မှူးစောလှငွေ ။ ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ကတော့ တတ်နိုင်လို့ရှိရင် ဒီဖက်ကလည်း ဗိုလ်ချုပ်စောလှဘွယ်တို့ကလည်း သူတို့ဘာလုပ်ခဲ့သလဲဆိုတာကို အခိုင်အမာ အထောက်အထားပြနိုင်ရင် သူတို့ရင်ဆိုင်ဖို့ အသင့်ပဲ။ ဟိုဖက်ကလည်း သူမှာ အခိုင်အမာရှိတာ။ ဒီနှစ်ခုစလုံးနဲ့ ပတ်သက်လို့ကတော့ တဖတ်နဲ့တဖတ်ကတော့ condition ဖြစ်နေတယ်။ ဘယ်လိုခေါ်မလဲဆိုရင် သူတို့က အသေကိုင်စွဲထားတယ် ဖြစ်နေတော့ အဲဒီကြားထဲမှာ ကျနော်တို့ ဖြန်ဖြေနိုင်မယ့် နည်းလမ်းတရပ်။ ဆိုလိုတာက ဗိုလ်ချုပ်စောလှဘွယ် တို့လည်း စောစောကပြောသလို တိုက်ရိုက်သော်လည်းကောင်း၊ ဆိုလိုတာက ပြဿနာက မကင်းရာမကင်းကြောင်းရှိတယ်။ မရှင်းရာမရှင်းကြောင်းရှိတယ်။ မကင်းရာမကင်းကြောင်းဆိုတာက သူကိုယ်တိုင်မလုပ်ပေမယ့် တချိန်က သူပါဝင်တဲ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်သော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း DKBA နံမည်ခံပြီး လုပ်သွားမယ်ဆိုရင် သူ့အပေါ်ကျရောက်မယ်ဆိုရင် ဒီကိစ္စ မသိရတဲ့ကိစ္စ သူသွားပြီး တာဝန်ခံလို့ မရဘူး။ အဲဒီကာလတွေမှာလည်း အဲဒီလို လုပ်သွားတဲ့ပုဂ္ဂိုလ်တွေကဆိုရင် ကျနော်တို့ သက်ဆိုင်ရာ စစ်အစိုးရအောက်မှာ တိုက်ရိုက်အထောက်အပံ့ခံပြီး၊ ကိုင်ပြီး ဆောင်ရွက်သွားတဲ့အခါကြတော့။ အခုကိစ္စဆိုလို့ရှိရင်လည်း ဟိုတုန်းက အစိုးရကိစ္စဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမှာ အုပ်ချုပ်ရေး၊ စစ်ရေးအားလုံး ပါဝင်ပတ်သက်ပြီး၊ ပူးပေါင်းဆောင်ရွက်ခဲ့ကြတော့။ ဒီလို အရှုပ်အရှင်းဖြစ်လာတဲ့အခါကြတော့ နိုင်ငံနှစ်နိုင်ငံ ပတ်သက်လို့ရှိရင်လည်း ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်တဲ့အခါကြတော့ မကင်းရာမကင်းကြောင်း ထိုင်းအစိုးရနဲ့ ဗမာအစိုးရ မကင်းရာမကင်းကြောင်း။ ကျနော်တို့တွေနဲ့ ဗမာအစိုးရလည်း ကရင်အမျိုးသားရေးအတွက် မကင်းရာမကင်းကြောင်း။ ဗိုလ်ချုပ်လှဘွယ် တို့နဲ့ ကျနော်တို့လည်း မကင်းရာမကင်းကြောင်း။ ဒီလို မကင်းရာမကင်းကြောင်းတွေက နယ်စပ်တလျှောက်လုံး ဆက်နေတော့။ ထိုင်းနိုင်ငံအနေနဲ့လည်း ကျနော်တို့နဲ့ မကင်းရာမကင်းကြောင်းတွေ။ ကျနော်တို့ ပြည်သူတွေ မျက်နှာတွေကြည့်ပြီးတော့ ကျနော်တို့က အပျော့ပြောင်းဆုံးနဲ့ အပြေလည်နိုင်ဆုံးနည်းတွေရှာပြီး ဖြေရှင်းသွားမယ်ဆိုရင်တော့ အဖြေတခုတော့ တွေ့မယ်လို့ ထင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ တခု ထပ်ပေါ်လာတာက ဆရာ အခုနပြောတဲ့အထဲမှာ ထိုင်းဖက်ကလည်း သူတို့ စွပ်စွဲတဲ့အချက်ကို အသေကိုင်စွဲထားတယ်။ ဗိုလ်ချုပ်စောလှဘွယ် တို့ကလည်း သူတို့ရပ်တည်ချက်ကို အသေကိုင်ထားတယ်။ ဒီနှစ်ခုကြားမှာ တဖတ်နဲ့တဖတ် ညှိလို့မရတဲ့အခြေအနေ။ ကြားမှာညှိပေးဖို့အတွက် လိုနေတဲ့ အနေအထားမြင်မိပါတယ်။ ဆိုတော့ KNU အနေနဲ့ ထိုင်းနဲ့ DKBA ဗိုလ်ချုပ်စောလှဘွယ်တို့ကြားမှာ တရားဝင်သော်လည်းကောင်း၊ တိတ်တိတ်စိတ်စိတ်သော်လည်းကောင်း ဝင်ရောက်ဆက်သွယ် ညှိနှိုင်းပေးဖို့ KNU စိတ်ကူးရှိပါသလား။ ဒါမှမဟုတ် အဲဒီလိုမျိုး ကမ်းလှမ်းလာခဲ့ရင်ကော KNU က လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးရှိပါသလား။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်တို့အနေနဲ့တော့ မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ်စောလှဘွယ်တို့လည်း မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျနော်တို့မှာရှင်းတယ်။ လက်ဆေးနိုင်တယ်လို့ သူတို့ပြောတယ်။ ဆိုတဲ့အနေအထားမှာ ဟိုဖက်ကလည်း မဟုတ်ဘူး မင်းတို့ပတ်သက်တယ်။ ငါတို့မှာ အခိုင်အမာရှိတယ်လို့ ပြောတဲ့ကိစ္စတွေမှာ ကျနော်တို့က ဖြေရှင်းဖို့ဆိုလို့ရှိရင် ကျနော်တို့ KNU အနေနဲ့ အထိအတွေ့ဆက်စပ်မှုက တဖတ်က ကျနော်တို့ အမျိုးသားဖြစ်တယ်။ နောက် ကျနော်တို့နဲ့ ပတ်သက်တဲ့ ဆက်လက်ပြီး ညှိနှိုင်းပြီး ပေါင်းစပ်ဖို့ အဖွဲ့အစည်းတဖွဲ့ဖြစ်တယ်။ တဖတ်မှာလည်း ကျနော်တို့နဲ့ မကင်းရာမကင်းကြောင်း တကယ့်ကို ကျနော်တို့ နောက်ကျောဖြစ်တဲ့ အစိုးရအဖွဲ့အစည်း တရပ်ဖြစ်တဲ့အခါကြတော့ ကျနော်တို့ကို ချဉ်းကပ်လာမယ်ဆိုရင်တော့ ကျနော်တို့ ပါဝင်နိုင်ခွင့် ရှိတဲ့အလျောက်၊ ပေးတဲ့အလျောက်။ နှစ်ဖက်အဖွဲ့အစည်း ကျနော်တို့ကို ယုံကြည်အားကိုးတဲ့အလျောက်ကတော့ ကျနော်တို့က ပြေလည်ရာပြေလည်ကြောင်းကိစ္စအတွက်ကိုတော့ ပါဝင်ဖို့တော့ ဝန်မလေးပါဘူး။

ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

XS
SM
MD
LG