သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အမေရိကန်ခရီး ဦးအောင်ဒင်အမြင်


သမ္မတဦးသိန်းစိန် ဝါရှင်တန်ဒီစီ သမ္မတကြီးလင်ကွန်း အမှတ်တရ အဆောက်အအုံကို သွားရောက်လေ့လာနေစဉ်။
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုကို နှစ်နိုင်ငံဆက်ဆံရေးအတွက် ရောက်ရှိလာမယ့် မြန်မာသမ္မတ ဦးသိန်းစိန် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နဲ့ အမေရိကန်နိုင်ငံမှာ မြန်မာ့အရေးဆောင်ရွက်နေသူ ဦးအောင်ဒင် ကို ဦးသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့  ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။ ဒီ ခရီးစဉ်ဟာ နှစ်ပေါင်း (၄၇) နှစ်အတွင်း မြန်မာအစိုးရအကြီးအကဲအနေနဲ့ အမေရိကန်ပြည်ထောင်စုကို တရားဝင်လာရောက်တဲ့ ပထမဦးဆုံး ခရီးစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတချို့  ပေါ်လာပြီး နိုင်ငံရေးအရ တိုးတက်မှု ရှိလာတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဘက်က အရင်တုန်းက ပြဌာန်းထားတဲ့ ပိတ်စို့မှုတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံရေးမှု တိုးမြှင့်ကျင့်သုံးလာပြီးနောက် သမ္မတအိုဘားမားကိုယ်တိုင် ပြီးခဲ့တဲ့ နိုဝင်ဘာလ က မြန်မာနိုင်ငံကို သွားရောက်ခဲ့သလို၊ အခု သမ္မတဦးသိန်းစိန်ကို ဝါရှင်တန်မြို့ တော်ကို ဖိတ်ကြားခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်ရဲ့  ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်၊ ၈၈ မျိုးဆက် ဗကသ ခေါင်းဆောင်တဦးလည်းဖြစ်၊ မြန်မာ့အရေးဆောင်ရွက်နေတဲ့ US Campaign for Burma (USCB) ကို အရင်က ဦးဆောင်တာဝန်ယူခဲ့သူ ဦးအောင်ဒင် ကို တွေ့ဆုံမေးမြန်းထားပါတယ်။ ဦးအောင်ဒင် က သမ္မတဦးသိန်းစိန်ရဲ့  ခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

ဦးအောင်ဒင် ။ ။ ပထမအချက်ကတော့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကျနော့်မှာ mixed feelings ခံစားချက် နှစ်ခုရှိတယ်။ တခုကတော့ မကြိုက်ဘူးပေါ့။ မကြိုက်ဘူးဆိုတာက သမ္မတဦးသိန်းစိန် ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေက ကျနော်တို့အားလုံး ကျေနပ်လက်ခံနိုင်လောက်အထိ အရှိန်အဟုန်ကြီးကြီးမားမားနဲ့ မရှိသေးဘူး။ အပြောင်းအလဲ မရှိဘူးလားဆို ရှိတယ်။ သို့သော်လည်း အပြောင်းအလဲတွေက အကန့်အသတ်နဲ့ဖြစ်ပြီးတော့ ရှေ့ ဆက်သွားတဲ့နေရာမှာလည်း နှောင့်နှေးနေတဲ့ဟာတွေလည်း ရှိတယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ သမ္မတအိုဘားမားကနေ သမ္မတဦးသိန်းစိန်ကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီကို ဖိတ်ကြားတာမျိုးက သိပ်များလွန်တယ်လို့ ကျနော်တို့ အတွေးအခေါ်မှုက သိပ်ရက်ရောလွန်တယ်လို့ အဲဒီလိုတွေးမိတယ်။ ဒါကြောင့် မကြိုက်ဘူး။

ဒါပေမဲ့ တဖက်ကကျတော့ သမ္မတအိုဘားမာကိုယ်တိုင်က ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီကို ဖိတ်တယ်ဆိုတာက အမေရိကန်အစိုးရရဲ့  နိုင်ငံခြားရေးရာ မူဝါဒမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးတနေရာမှာ ရှိနေတုန်းပဲလို့ သက်သေပြတာပဲ။ ဒါကိုတော့ ကျနော်တို့က ကြိုက်တယ်။ ခင်များတို့လည်း သိတဲ့အတိုင်းပဲ မြန်မာပြည်ရဲ့ ကိစ္စက တကယ်တမ်း ကမ္ဘာ့အရေးအခင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးရာ ပေါ်လစီမှာ အောက်ဆုံးလောက်မှာပဲ ရှိခဲ့တယ်။ ကျနော် အမေရိကန်ရောက်တာ (၁၂) နှစ်ရှိပြီ။ ကျနော် ရောက်ခါစ ၂၀၀၁ ခုနှစ်လောက်ဆိုရင် အမေရိကန်ပြည်ထောင်စုမှာဆိုရင် မြန်မာပြည်ဆိုတာကို မသိတဲ့လူတွေ အများကြီးရှိတယ်။ နောက် အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးမူဝါဒကို ကြည့်မယ်ဆိုရင် ဗမာပြည်က ဟိုအောက်ဆုံးမှာပဲရှိတယ်။ တဖြည်းဖြည်းနဲ့ ဒီအခြေအနေကနေ တိုးတက်လာပြီးတော့ အိုဘားမားရဲ့  ပထမသက်တမ်း နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် လက်ထက်မှာ မြန်မာနိုင်ငံရဲ့  အခြေအနေဟာ အမေရိကန်နိုင်ငံရဲ့  ထိပ်တန်းဦးစားပေး အရေးအခင်းတရပ် ဖြစ်လာခဲ့တယ်။ ဆိုတော့ အခုပြီးသွားပြီပေါ့။ အိုဘားမားရဲ့  ပထမ (၄) နှစ် သက်တမ်းပြီးသွားခဲ့ပြီ။ ဟယ်လာရီ ကလင်တန်လည်း မရှိတော့ဘူး။ အခု နိုင်ငံခြားရေးဝန်ကြီးက ဂျွန်ကယ်ရီ ဖြစ်နေပြီ။ အိုဘားမားရဲ့  ဒုတိယသက်တမ်း စနေပြီ။ ဒီအချိန်မှာ အမေရိကန်အစိုးရသည် မြန်မာနိုင်ငံရဲ့  အရေးကိစ္စကို အာရုံစိုက်တုန်းပဲလားဆိုတာကို ကျနော်တို့က ရင်ထိတ်ပြီး စောင့်ကြည့်နေရတယ်။ တကယ်လည်း မြန်မာနိုင်ငံအစိုးရသည် အမေရိကန်အစိုးရရဲ့  ထိပ်တန်းဦးစားပေး အကြောင်းအရာတရပ် မဟုတ်တော့ဘူးဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စုရဲ့  ထောက်ခံပံ့ပိုးမှုတွေက အများကြီးလျော့သွားနိုင်တာပေါ့။ အခုတော့ အမေရိကန်အစိုးရရဲ့  ထိပ်ဆုံးပုဂ္ဂိုလ် သမ္မတအိုဘားမား ကိုယ်တိုင်က ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီကို ဖိတ်တယ်ဆိုတော့ တနည်းအားဖြင့် ကျနော်တို့ သက်သေပြနိုင်တာကတော့ မြန်မာနိုင်ငံအရေးအခင်းသည် အခြေအနေသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့  ထိပ်ဆုံးတနေရာမှာ ရှိနေတုန်းပဲလို့ ကျနော်တို့ ယုံကြည်လက်ခံလို့ ရတာပေါ့။ ဒီအတွက် ကျနော်တို့ ကြိုက်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဦးအောင်ဒင်တို့ အခုန သုံးသပ်သလို မြန်မာနိုင်ငံအတွင်းက အပြောင်းအလဲတွေမှာ အကန့်အသတ်တွေ ရှိတယ်ဆိုပေမယ့် အရင်တုန်းက အရေးယူပိတ်စို့မှုတွေ ပြဌာန်းခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက အခုလို သမ္မတဦးသိန်းစိန်ကို သမ္မတအိုဘားမား ဖိတ်ကြားလိုက်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအပေါ်မှာ အရေးယူမှုတွေနဲ့ ပတ်သက်တဲ့ ခေတ်တခေတ်က ကုန်ဆုံးသွားပြီလို့ ပြောလို့ရမလား။ နောက်ပြီးတော့ မြန်မာပြည်ရဲ့  ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန်ပြည်ထောင်စုက လုံးလုံးထောက်ခံလိုက်ပြီလို့ ကျနော်တို့ ပြောလို့ရနိုင်မလား။

ဦးအောင်ဒင် ။ ။ ပြောင်းလဲမှုကို ထောက်ခံတယ်ဆိုတာတော့ ဟုတ်တယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိ အပြောင်းအလဲတွေကို ကျေနပ်တယ်။ သဘောကျတယ်။ ဒါပေမဲ့ ဆက်ပြီးပြောင်းလဲဖို့လည်း မျှော်လင့်တယ်။ ဆက်ပြီးပြောင်းလဲတဲ့နေရာမှာ ဒါကြောင့်မို့ အခုန စီးပွားရေးပိတ်စို့မှု အပါအဝင် အရေးယူမှုတွေကို လုံးဝရုတ်သိမ်းတာ မဟုတ်သေးဘူး။ အရေးယူတဲ့ ဥပဒေကလည်း လက်ရှိဆက်ပြီးတော့ အသက်ဝင်နေဆဲ၊ တည်ရှိနေဆဲပဲ။ အဲဒီ ဒီဥပေဒကိုမှ သမ္မတရဲ့  ကင်းလွှတ်ခွင့်အာဏာကို အသုံးချပြီးတော့ ခေတ္တရပ်ဆိုင်းတာ။ ဆိုတော့ ဥပဒေက သက်ဝင်ရှိနေဆဲ ဖြစ်တာကြောင့်မို့ သမ္မတသည် မြန်မာနိုင်ငံအခြေအနေက ထင်သလို ရှေ့ ဆက်မသွားဘဲ နောက်ကိုပြန်ဆုတ်မယ့် လက္ခဏာရှိလို့ရှိရင် နောက်ဘက်ကို ပြန်သွားမယ်ဆိုလို့ရှိရင် ရှိပြီသာ sanction တွေကို ပြန်ပြီး အရေးယူလို့ရတယ်။ သမ္မတနဲ့ လက်ထဲမှာက ရှေ့ တိုးနိုင်၊ နောက်ဆုံးနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။

ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအခြေအနေတွေကို သူတို့ အကောင်းမြင်ပေမယ့် လုံးလုံးကြီးကို ရာခိုင်နှုန်းအပြည့် ကျေနပ်တဲ့အဆင့် မရောက်သေးဘူး။ မရောက်သေးတဲ့ အခြေအနေကြောင့် စီးပွားရေးပိတ်စို့မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေက သမ္မတလက်ထဲမှာ ရှိနေအုံးမယ်။ တကယ်လို့များ မြန်မာနိုင်ငံအခြေအနေဟာ တကယ်ကိုပဲ ရာနှုန်းပြည့် မျှော်လင့်သလို ဖြစ်လာပြီဆိုရင် ဒီ စီးပွားရေးပိတ်စို့မှုတွေ ဥပဒေကအစ အပြီးတိုင်ဖျက်သိမ်းမယ့် အနေအထားရှိပါတယ်။
ကျနော်တို့ ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတရဲ့  အမျိုးသားလုံခြုံရေးကောင်စီ က အရာရှိနဲ့ တွေ့ပါတယ်။ သူတို့က ကျနော်တို့ကို ဖိတ်ပြီးတော့ ဦးသိန်းစိန်ရဲ့  ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ဖိတ်ရသလဲ။ ရှင်းပြတယ်။ အဲဒီမှာ သူတို့ အဓိကပြောတာကတော့ အမေရိကန်အစိုးရရဲ့  သုံးသပ်ချက်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်ဖြစ်ပေါ်ဖို့ဆိုရင် အကောင်းဆုံးလမ်းကြောင်းကတော့ ဦးသိန်းစိန်နဲ့ ဆက်ပြီးတော့ တိုက်ရိုက်ဆက်ဆံတာ၊ ဦးသိန်းစိန်ကို ဆက်ပြီးအားပေးတာ။ အဲဒါပဲ ဖြစ်လိမ့်မယ်တယ့်။ ဒါက သူတို့ရဲ့  မူလအယူအဆ။ မကောင်းသေးတဲ့အပိုင်းတွေ အများကြီးရှိတာကို သူတို့သိတယ်။ အဲဒီ မကောင်းသေးတဲ့အပိုင်းတွေကို ကောင်းလာအောင် လုပ်ဖို့အတွက် ကောင်းသောငြားလည်း အများကြီးမရွေ့ သေးတဲ့အပိုင်းတွေကို ဆက်ပြီးရွေ့ ဖို့အတွက် သူတို့ ဦးသိန်းစိန်နဲ့ ဆက်ပြီးတိုက်ရိုက်ဆက်ဆံပြီးတော့ အားပေးမယ်ပေါ့။ အဲဒီလို ရပ်တည်မှုနဲ့ အခုလိုမျိုး ဦးသိန်းစိန်ကို အိုဘားမား က ဝါရှင်တန်ဒီစီကို ဖိတ်တာ။ ကျနော်တို့က မျှော်လင့်ပါတယ်။ အဲဒီလိုမျိုး ဖိတ်ပြီးတော့ သမ္မတအိုဘားမား နဲ့ ဦးသိန်းစိန်တို့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရာကနေ ဦးသိန်းစိန်အနေနဲ့ ပိုပြီးတော့ ကောင်းတာတွေကို ရဲရဲရင့်ရင့် လုပ်နိုင်တဲ့သတ္တိတွေ ပိုပြီးရှိလာဖို့ပဲ မျှော်လင့်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဆက်ဖြစ်ပေါ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ အခုန ဦးအောင်ဒင် ပြောသလို ဆက်ပြီးတော့ မျှော်လင့်တာတွေ ရှိတယ်ဆိုရင် အခု ဒီဖိတ်ကြားမှု၊ သမ္မတအိုဘားမား ဖိတ်ကြားတဲ့အချိန်မှာ သမ္မတဦးသိန်းစိန်နဲ့ အဲဒီ မျှော်လင့်ချက်တွေကို ဆွေးနွေးကြမယ့်ဆိုရင် ဘယ်လို အကြောင်းအရာတွေကို အဓိက ဆွေးနွေးမလဲ။ အခု ဖိတ်ကြားမှုက မြန်မာပြည်ရဲ့  ပြောင်းလဲမှုတွေကို ထောက်ခံတဲ့ သင်္ကေတ သဘောမျိုးသက်သက်ပဲလား။ ဖိတ်ကြားရုံသက်သက်ပဲလား။ ဆွေးနွေးမယ်ဆိုရင်ကော ဘယ်လို အကြောင်းအရာတွေ အဓိက ဆွေးနွေးမယ်လို့ မျှော်လင့်ပါသလဲ။

ဦးအောင်ဒင် ။ ။ ကျနော်တို့ အဓိက ဆွေးနွေးခဲ့တာကတော့ အဓိက (၄) ချက်။ နံပတ် (၁) ကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စ။ အခု နိုင်ငံရေးအကျဉ်းသားတွေ တစ်ထောင်နီးပါး လွှတ်ပေးတာရှိတယ်။ သို့သော် လွှတ်တာက အကန့်အသတ်နဲ့ လွှတ်ပေးတာဖြစ်တယ်။ ခြွင်းချက်မရှိ လွှတ်တာမဟုတ်ဘူး။ ပြစ်မှုဆိုင်ရာကျင့်ထုံဥပဒေ (၄၀၁/၁) နဲ့လွှတ်တယ်။ အဲဒါက သမ္မတကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ ပြစ်ဒဏ်ကို သက်သာခွင့်ပြုတာ။ ဒါပေမဲ့ ပုဒ်မ (၄၀၁ ပုဒ်မခွဲ (၃)) အရ အခုန လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သမ္မတမကြိုက်တဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင် သူုတိ့ကို ပြန်ပြီးတော့ ဖမ်းဆီးပြီး ထောင်ချခွင့်ရတယ်။ အခုဆို ဗိုလ်ကြီးဟောင်း နေမျိုးဇင်။ သူကို နောက်တမှုနဲ့ ပြန်ဖမ်းတယ်။ ပြီးတော့ နောက်တမှုအပြင် အရင်ရှိခဲ့တဲ့ ကြွေးဟောင်း (၆) နှစ်ကိုပါ ခံစားရမယ်။ အဲဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တော့လွှတ်တယ်။ သို့သော် ခြွင်းချက်မရှိ မဟုတ်ဘဲနဲ့ အကန့်အသတ်နဲ့ လွှတ်တာမျိုး လုံးဝဖျက်သိမ်းပေးဖို့ ကျနော်က တောင်းဆိုတယ်။ အဲဒါမျိုးကို သမ္မတ အိုဘားမားကနေ သမ္မတဦးသိန်းစိန်ကို ပြောလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။
ဒုတိယအချက်ကတော့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းတာ။ ရခိုင်ကော်မရှင်ရဲ့  အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်းမှာ သမ္မတကိုယ်တိုင်က ဒီ အစီရင်ခံစာကို လက်ခံတယ်။ အစီရင်ခံစာမှာပါတဲ့ အကြံပြုချက်တွေကို လက်ခံတယ်။ အဲဒီ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကော်မတီဖွဲ့ပြီးတော့ အခု ဆောင်ရွက်နေတာတွေရှိတယ်။ ဆိုတော့ ကောင်းပါတယ်။ သို့သော် ဘာတွေ့ရသလဲဆိုတော့ တရားဥပဒေ စိုးမိုးရေး။ အကြမ်းဖက်မှုတွေကို ဦးဆောင်ဦးရွက်ပြု ကျူးလွန်ခဲ့တဲ့လူတွေကို အခုအချိန်အထိ လွတ်မြောက်နေဆဲပဲ။ ဆိုပါတော့ ဂျွန်လထဲမှာ သံတွဲမှာထင်တယ်။ မူစလင်ဘုရားဖူးဆရာကို ကားပေါ်ကနေ ဆွဲချပြီးတော့ နေခင်းကြောင်တောင်မှာ သတ်ဖျက်ခဲ့တဲ့ကိစ္စ။ အဲဒီ ကိစ္စကို ကျူးလွန်သူတွေက အခုထိ လွတ်မြောက်နေဆဲ။ တရားခံမပေါ်နိုင်ဘူး။ အဲဒီလိုမျိုး ဖြစ်ခဲ့တဲ့ ကိစ္စတွေပေါ်မှာ တရားဥပဒေနဲ့ မျှမျှတတ စီရင်နိုင်မှုဆိုလို့ရှိရင် ကျူးလွန်သူတွေကို တရားဥပဒေဘောင်အတွင်းမှာ အရေးယူဖို့ လိုပါတယ်။ အဲဒီလို အရေးယူမှုက အခု ကျနော်တွေ့သလောက်က အင်မတန် အားနည်းနေသေးတယ်။

ဒုတိယအချက် အခုဆိုပါတော့ ဒုက္ခသည်စခန်းတွေမှာ အများစုက မူစလင်တွေက အများစုတွေ။ ဗုဒ္ဓဘာသာ ရခိုင်တွေကနည်းတယ်။ မူစလင်က အများစုဖြစ်တယ်။ သူတို့ ရရှိနေတဲ့ အထောက်အပံ့။ သူတို့နေထိုင်နေရတဲ့ ဒုက္ခသည်စခန်း အခြေအနေက အများကြီး ဆိုးဝါးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက် ပြင်ဆင်ပေးဖို့လိုတယ်။ လူသားချင်း စာနာမှုအတိုင်းအတာနဲ့ပဲ ဒုက္ခရောက်နေတဲ့ လူတွေရဲ့  ပြဿနာတွေကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကအစ အကုန်လုံး ထိထိရောက်ရောက် ဖြေရှင်းပေးဖို့လိုတယ်။ နောက်တချက်ကတော့ အကြမ်းဖက်မှုတွေကို နောက်မဖြစ်အောင် တားဆီးတာ။ အဲဒီလို တားဆီးနိုင်တာ ပိုအရေးကြီးတယ်။ ဖြစ်တာဖြစ်သွားပြီ။ ဖြစ်တာကို ဥပဒေအရ ထိထိရောက်ရောက် အကောင်အထည်ဖော် အရေးမယူနိုင်ဘူး။ နောက်တခါ လက်ရှိဖြစ်နေတဲ့ ဒုက္ခသည်တွေကိုလည်း ထိထိရောက်ရောက် ထောက်ပံ့မကူညီနိုင်ဘူး။ နောက်တခါ နောက်ဖြစ်မယ့် ပဋိပက္ခတွေကိုလည်း မတားဆီးနိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့  အခြေအနေက ပိုပြီးဆိုးလိမ့်မယ်။ အခု ကျနော်တို့ တွေ့နေရတာက အပြောင်းအလဲဆိုတဲ့ ကာလတခုမှာပဲ မကောင်းဆိုးဝါး အင်အားစုများက အင်အားနဲ့ ဒုနဲ့ဒယ်နဲ့ ပေါ်လာတယ်။ အဲဒါ ဘာတွေလဲဆိုတော့ လူထုထဲကပဲ။ အလွန်အကျွံ မျိုးချစ်စိတ် ကြီးမားတဲ့လူတွေ။ ဘာသာရေးအစွန်းရောက်တဲ့လူတွေ။ အဲဒီလူတွေက ဘာနဲ့သွားတွဲသလဲဆိုရင် အစိုးရထဲက ခေတ်ဟောင်းကို ပြန်တမ်းတနေတဲ့၊ ခေတ်ဟောင်းကို ပြန်သွားချင်တဲ့ အစိုးရထဲက အစိတ်အပိုင်းတွေနဲ့ သွားပေါင်းမိတဲ့အခါကြတော့ လူမျိုးရေးပဋိပက္ခတွေ၊ ဘာသာရေးပဋိပက္ခတွေကို ရှေ့ လျှောက် အခုလည်း ဖန်တီးနေတယ်။ နောက်လည်း ဖန်တီးလိမ့်မယ်ဆိုတာကို တွေ့နေရတယ်။ အဲဒီလူတွေရဲ့  ဖန်တီးချက်တွေကိုလည်း အမှန်တော့ သက်သေအထောက်အထားတွေ အများကြီးရှိပါတယ်။ တရားခွေတွေရှိတယ်။ ဗွီဒီယိုဖိုင်တွေ ရှိမယ့် စသဖြင့်။ အဲဒါတွေကို သမ္မတဦးသိန်းစိန်အနေနဲ့ ထိထိရောက်ရောက် အရေးယူတာ မတွေ့သေးဘူး။

ဦးသိန်းထိုက်ဦး ။ ။ နိုင်ငံရေး အကျဉ်းသားအရေး၊ ရခိုင်အရေး။

ဦးအောင်ဒင် ။ ။ နောက်တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေး။ ဘာပဲပြောပြော ဒီအစိုးရလက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းစစ်ဖြစ်တာကို ဝန်ခံတယ်။ ပြည်တွင်းစစ် ရှိနေတဲ့ကာလပတ်လုံး တိုင်းပြည်မတိုးတက်ဘူးဆိုတာကိုလည်း ဝန်ခံတယ်။ ဒါက ကောင်းတဲ့အချက်။ အဲဒီ ဝန်ခံချက်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့အတွက် ဦးသိန်းစိန်က လမ်းပြမြေပုံ ချမှတ်ပြီးတော့ ဆွေးနွေးနေကြတာရှိတယ်။ ဒါတွေက ကောင်းပါတယ်။ ကောင်းပေမယ့် ကျနော်တို့ တွေ့ရတာက ကွဲလွှဲမှုတွေ အများကြီးရှိတယ်။ ဘာလဲဆိုတော့ သမ္မတရဲ့  ကိုယ်စားလှယ် ဝန်ကြီးဦးအောင်မင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံတဲ့နေရာမှာ သူက ကတိကဝတ်တွေ အများကြီးပေးခဲ့တာရှိတယ်။ အဲဒီ ကတိကဝတ်တွေကို တကယ်တမ်း သမ္မတဘက်က အကောင်အထည်ဖော်နိုင်သလားဆိုတာကို ကျနော်တို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားလူမျိုးများ တောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်။ ဒါတွေအားလုံးက ဒါတွေကို ဖြည့်ဆည်းမယ်ဆိုရင် ဖွဲ့စည်းပုံအုပ်ချုပ်ရေး အခြေခံဥပဒေကို ပြင်ရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးမှ တိုင်းရင်းသားတွေကို သူတို့ဒေသ၊ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်။ သူတို့ကံကြမ္မာ သူတို့ဆုံးဖြတ်ခွင့်တွေကို ပေးရမယ်။ အဲဒီလို ပေးဖို့အတွက် သမ္မတလက်ထဲမှာ ဥပဒေပြုအာဏာမရှိဘူး။ ဥပဒေပြုအာဏာက လွှတ်တော်လက်ထဲမှာပဲရှိတယ်။

အခုအချိန်အထိ သမ္မတကသာ အားသွန်ခွန်စိုက်နဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုးစားနေပေမယ့် လွှတ်တော်ဘက်က ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ လက္ခဏာမျိုး၊ ပြင်ချင်တယ်ဆိုတဲ့ လက္ခဏာမျိုး မရှိဘူး။ မရှိတဲ့အပြင် လွှတ်တော်ထဲက ကိုယ်စားလှယ်တချို့ ကဆို၊ အထူးသဖြင့် ကြံ့ဖွံ့ခေါင်းဆောင်တချို့ ကဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ အခွင့်အရေးတွေက သူတို့ပြောနေတဲ့ ဖယ်ဒရယ်နဲ့အတူတူပါပဲလို့ ပြောနေတာရှိတယ်။ ဆိုတော့ တဖက်မှာ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးအတွက် အစိုးရဘက်က အားသွန်ခွန်စိုက် ဆွေးနွေးပွဲတွေလုပ်လုပ် တိုင်းရင်းတွေ တောင်းဆိုနေတဲ့ ကတိကဝတ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးတော့ အာမခံချက် မပေးနိုင်လို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေးက မရှိဘူး။ ဆိုတော့ သမ္မတအနေနဲ့ သူ့လွှတ်တော်နဲ့ သူတို့ကြားမှာ ဘယ်လောက် နားလည်းမှုရှိသလဲ။ ဘယ်လောက် အတူတကွ လုပ်ကိုင်နေတာတွေ ရှိသလဲ။
လွှတ်တော်ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဟေ့ ဆိုတဲ့ ကြွေးကြော်မှုမျိုး၊ ဆန္ဒမျိုး မရှိဘူးဆိုခဲ့ရင်တော့ ဒါကို သူတို့ အများကြီး သတိထားဖို့လိုတယ်။ တဖက်မှာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးသလို၊ တဖက်မှာ သူ့ရဲ့  လွှတ်တော်၊ သူ့ရဲ့ ပါတီလွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အဆင်သင့်ရှိလာအောင် တောင်းဆိုဖို့လည်း လိုတယ်။ ဒါလည်း ကျနော်တို့ တင်ပြထားတဲ့ အချက်တချက်ဖြစ်တယ်။

ဦးသိန်းထိုက်ဦး ။ ။ နောက်ဆုံးတချက်က။

ဦးအောင်ဒင် ။ ။ နောက်ဆုံးတချက်က အရပ်ဖက် လူ့အဖွဲ့အစည်းတွေ။ အခု ကျနော်တို့ ပြောပြောနေတဲ့ အပြောင်းအလဲတွေက ထင်သလောက်မသွားဘူး။ တဖက်မှာလည်း နောက်ကြောင်းပြန်ဆုတ်ဖို့အတွက် ကြိုးစားနေတဲ့ အမှောင်ထုကြီးလည်းရှိတယ်။ နောက်တခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆက်ရှိနေတုန်းပဲ။ အဲဒီကြားထဲမှာ ကျနော်တို့ အဓိကအချက်က အခုနပြောတဲ့ ဘာသာရေး၊ လူမှုရေး ပဋိပက္ခတွေ ဖြစ်ပေါ်အောင် လှုံဆော်နေတဲ့ အင်အားစုတွေရှိတယ်။ ဒီကြားထဲမှာ ကျနော်တို့ရဲ့  အဓိကမျှော်လင့်ချက်က အရပ်ဖက်လူ့အဖွဲ့အစည်းတွေ။ သူတို့ အားကောင်းမယ်၊ သန်စွမ်းမယ်၊ ကြံ့ခိုင်မယ်ဆိုလို့ရှိရင် သူတို့ကနေ ရှိနေတဲ့ တံခါးကို ပိုပြီးကျယ်ပြန့်အောင် ဖွင့်ပေးနိုင်လိမ့်မယ်။ ပြီးတော့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို သူတို့ရဲ့  ညီညွှတ်မှုအားနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒကို အခြေခံပြီးတော့ တားဆီးနိုင်လိမ့်မယ်။ ဆိုတော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းဖို့အတွက် အစိုးရဖက်က အများကြီး အကူအညီပေးဖို့ လိုပါတယ်။ ဒီအဖွဲ့အစည်းတွေကို ဥပဒေနဲ့ ချုပ်ချယ်ကန့်သတ်ထားတဲ့ မတရားဥပဒေတွေကို ဖျက်သိမ်းပစ်ဖို့ လိုပါတယ်။ ဒီ အဖွဲ့အစည်းတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ လိုပါတယ်။ ဒီ အဖွဲ့အစည်းတွေရဲ့  ရပ်တည်မှုကို လွတ်လပ်စွာရပ်တည်ခွင့်ကို အာမခံချက်ပေးဖို့ လိုပါတယ်။ ဒါက အခုနပြောတဲ့ နံပတ် (၄) အချက်။ ဆိုတော့ တခြားအချက်တွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီ (၄) ချက်က ကျနော် အဓိကထား ဆွေးနွေးပြီးတော့ သမ္မတရဲ့  အမျိုးသားလုံခြုံရေးကောင်စီက ပုဂ္ဂိုလ်တွေကို အကြံပေးခဲ့တာပါ။

ဦးသိန်းထိုက်ဦး ။ ။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ မြန်မာ့အရေး ဦးဆောင်ဦးရွက် လှုပ်ရှားနေသူတဦးလည်းဖြစ်တဲ့ ဦးအောင်ဒင် ကို မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်ရဲ့  အမေရိကန်ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့  သဘောထားအမြင်ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
XS
SM
MD
LG