သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စံချိန်မီ နိုင်ငံရေးသိပ္ပံကျောင်းရှိဖို့


ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ YSPS (Yangon School of Political Science) လို့ခေါ်တဲ့ မြန်မာနိုင်ငံ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို နိုင်ငံတကာစံချိန်မီ သင်ကြားလေ့လာရေးဌာနကြီးတခုဖြစ်အောင် ရည်ရွယ်ကြိုးစားနေပါတယ်လို့ ဒီကျောင်းကို စတင်ထူထောင်လာခဲ့သူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြတ်သူ က ပြောဆိုပါတယ်။ ဗွီအိုအယ်ဒီတာ ဦးသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကိုမြတ်သူ ကျနော်တို့ ဗွီအိုအေက လာပြီးတော့ မေးမြန်းတာကို အခုလက်ခံဖြေကြားပေးကို အများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံးမေးချင်တာက YSPS ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း စပြီးတော့ တည်ထောင်ဖြစ်တဲ့ စိတ်ကူး။ ကိုမြတ်သူကလည်း ဒီကျောင်း စပြီးတော့ ဖွဲ့စည်းတဲ့အထဲမှာ ပထမဦးဆုံး ကမကထပြုခဲ့တဲ့ လူတယောက်လည်း ဖြစ်ခဲ့တယ်ဆိုတော့ ဘယ်လို စိတ်ကူးမျိုးနဲ့ စပြီးတော့ ကျောင်းကိုတည်မိတာလဲ။

ဦးမြတ်သူ ။ ။ ကျနော် ထောင်ထဲမှာရှိကတည်းက ဒီစိတ်ကူးပေါ်ခဲ့တယ်။ အထဲထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေလည်းတွေ့တယ်။ တော်တော်များများက နိုင်ငံရေးသိပ္ပံဆိုတာကို စနစ်တကျ လေ့လာသင်ကြားခွင့်မရတော့ တချို့အခြေခံ concept လေးတွေ အားနည်းတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ နှစ်ပေါင်းခြောက်ဆယ်လောက်က ဒီနိုင်ငံရေးသိပ္ပံဆိုတာကို ဘယ်သူမှ သင်ကြားခွင့်မရခဲ့ဘူး။ အဲဒါကြောင့်မို့ ဒီလိုအခြေအနေ ဖြစ်နေတာပေါ့။ ကျနော် ထောင်ကထွက်လာတဲ့အခါမှာ လူဖော်ကိုင်ဖက် သူငယ်ချင်းတွေရှိတယ်။ သူတို့ကလည်း ဒီလို နိုင်ငံရေးသိပ္ပံကျောင်းထောင်ဖို့ စိတ်ကူးတူနေတာကို တွေ့ရတယ်။ ကျနော်တို့ စုစုပေါင်း (၁၁) ယောက်လောက်က စုပေါင်းပြီးတော့ ဒီနိုင်ငံရေးသိပ္ပံကျောင်းကို စပြီးထောင်ခဲ့တာပါ။

ဦးသားညွှန့်ဦး ။ ။ အဲဒီတော့ စပြီးတော့လုပ်တဲ့အချိန်မှာ သင်မယ့်ဆရာကအစ လူအရင်းအမြစ် နဲ့ ထောက်ပံ့ရေးပစ္စည်းတွေအတွက် ဘယ်လိုစပြီး လုပ်ခဲ့ကြသလဲ။

ဦးမြတ်သူ ။ ။ ကျနော်တို့ ကိုယ့်ဘာသာကိုယ် လုပ်ခဲ့ကြတာပါ။ ဘယ်အထောက်အပံ့မှ မရခဲ့ကြဘူးပေါ့။ အကုန်လုံး ကိုယ့်ပိုက်ဆံကိုယ်စိုက်တယ်။ နောက် ဆရာတွေကလည်း ကိုယ့်ဘာသာ လေ့လာမှုနဲ့ ကိုယ်ဘာသာကိုယ် သင်ကြတာ။ အားလုံးကလည်း နိုင်ငံရေးသိပ္ပံကို အရမ်းစိတ်ဝင်စားကြတဲ့ လူတွေဆိုတော့ ကိုယ့်ဘာသာကိုယ် လေ့လာထားကြတာလည်း အများကြီးပဲ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် သင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ ငှားမယ့်ပိုက်ဆံလည်း မတတ်နိုင်ဘူး။ နောက်ပြီးတော့ အဲဒီတုန်းကတော့ ကိုထွန်းမြင့်အောင်တို့ဆီကလည်း နည်းနည်းပါးပါး အကူအညီရတယ်။ အခမ်းငှားဖို့ ဘာဖို့ညာဖို့။ Personal ကူညီတာတွေ ဘာတွေရှိတယ်။ အကုန်လုံး ကိုယ်ဘာသာကိုယ် ထူထောင်ခဲ့ကြတာပါ။

ဦးသားညွှန့်ဦး ။ ။ ကိုယ့်ဘာသာ လေ့လာတယ်ဆိုတာက ကိုယ့်ဘာသာ ထောင်ထဲမှာပဲ လေ့လာခဲ့ကြတာလား။ ပြင်ပမှာ လေ့လာတဲ့အတတ်ပညာကော ရှိလား။

ဦးမြတ်သူ ။ ။ ထောင်ထဲမှာဆိုတာက…

ဦးသားညွှန့်ဦး ။ ။ ဆိုလိုတာက ကျောင်းနဲ့ နိုင်ငံရေးသိပ္ပံကို သေချာ တက်ခဲ့ကြတဲ့လူတွေပါလား။

ဦးမြတ်သူ ။ ။ နိုင်ငံရေးသိပ္ပံကို သေချာတက်ခဲ့တဲ့လူတွေကတော့ (၁) ယောက် (၂) ယောက်လောက်ပဲပါမယ်။ ဥပမာ ကိုစိုးမြင့်အောင်ဆိုရင် ပြင်သစ်ကနေ Political Science နဲ့ Master ရတယ်။ ကျနော်က LSE (London School of Economics and Political Science) ကနေ Political Theory နဲ့ Master ရတယ်။ ဒီလောက်ပဲ။ ကျန်တဲ့လူတွေကတော့ ကိုယ်ဘာသာကိုယ် study လုပ်ကြတယ်။

ဦးသားညွှန့်ဦး ။ ။ နောက် ကျောင်းသားတွေနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ကျောင်းသားတွေကို ဘယ်လိုရွေးချယ်သလဲ။ ကျောင်းသားတွေက နိုင်ငံရေး field ထဲကလား။ နိုင်ငံရေးလုပ်ငန်းတွေ တက်ကြွတဲ့ လှုပ်ရှားသူတွေလား။

ဦးမြတ်သူ ။ ။ ကျောင်းစစဖွင့်ချိန်ုတုန်းကတော့ အဲဒီတုန်းက သိပ်လဲ မပွင့်လန်းသေးတော့ ကိုယ့်နီးစပ်ရာတွေပဲ။ များသောအားဖြင့် တက်ကြွလှုပ်ရှားသူတွေ များပါတယ်။ နောက်ပိုင်းကျတော့ ကျနော်တို့ အကုန်လုံး open ပါ။ တက်ကြွလှုပ်ရှားတဲ့ လူတွေကော၊ NLD တို့ဘာတို့ နိုင်ငံရေးပါတီက အကုန်လုံးကို သတင်းအသစ် တခါဖွင့်မယ်ဆိုတိုင်း ကျနော်တို့ သူတို့ကို application form တွေ ကျောင်းလျှောက်လွှာတွေ ပို့ပေးပါတယ်။ Background ပေါင်းစုံ၊ အားလုံးကို open to all, civil society ထဲက လူတွေလည်းရှိတယ်။ သာမန်နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားရုံသက်သက်နဲ့ လာတက်ချင်ကြတဲ့လူတွေကိုလည်း လက်ခံပါတယ်။

ဦးသားညွှန့်ဦး ။ ။ လူငယ်တွေရဲ့ နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု ဘယ်လိုရှိသလဲ။

ဦးမြတ်သူ ။ ။ လူငယ်တွေ နိုင်ငံရေးသိပ္ပံကို တော်တော်စိတ်ဝင်စားလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တလျှောက်လုံးမှာ နိုင်ငံရေးသိပ္ပံဆိုတာ ဘာမှန်းမသိခဲ့ရဘူး။ အခုနပြောသလို သင်တန်းဆိုတာလဲ တက္ကသိုလ်တွေမှာလဲ နိုင်ငံရေးသိပ္ပံဌာနဆိုတာ လုံးဝမရှိခဲ့ကြဘူး။ လုံးဝ မသိခဲ့ကြဘူး။ နောက် ပွင့်လင်းလာတဲ့အချိန်မှာလဲ ဒီဂျာနယ်တွေမှာ နိုင်ငံရေးအကြောင်းတွေ ပွင့်ပွင့်လင်းလင်း ရေးလာကြ ပြောလာကြဆိုတော့ ဒါတွေကို ဖတ်မိတော့လဲ ပိုပြီးတော့။ သူတို့ရဲ့ အာရုံတွေကို နိူးဆွကြတဲ့အခါကြတော့ ဘာပဲပြောပြော နိုင်ငံရေးသိပ္ပံကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ တော်တော်ကြီးကို စိတ်ဝင်စားလာတာကို တွေ့ရတယ်။

ဦးသားညွှန့်ဦး ။ ။ အခုနပြောသလို တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံရေးသိပ္ပံမရှိဘူး။ ဒီမှာပဲ သင်ပေးတဲ့အခါကြတော့ ဒီမှာသွားပြီး gap ဖြစ်တာမျိုး ကြုံဖူးလား။ ဥပမာ တက်လာတဲ့ ကျောင်းသားတွေကလိုက်ဖို့၊ သင်ရိုးညွှန်းတမ်းတွေနဲ့ လိုက်မှီဖို့ အခြေအနေ။

ဦးမြတ်သူ ။ ။ အဲဒီအခက်အခဲတော့ တော်တော်လေးရှိတယ်။ ဥပမာ အခုနပြောသလို ဘယ်မှာမှ မသင်ခဲ့ရဘူးဗျာ။ နောက် တက္ကသိုလ်တွေမှာလည်း ဒီလိုဌာနတွေ မရှိတော့။ နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီးတော့ academic paper လို့ဟာမျိုးဆန်ဆန် ဒီမှာက မရှိကြဘူး။ အဲဒီတော့ လူတွေက စနစ်တကျ၊ သိဖို့တတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ တချို့ ဒီနှစ်စဖွင့်တဲ့ Advance course မှာဆိုရင် Professor လာတုန်းကဆိုရင် တော်တော်လေးကို အခက်အခဲဖြစ်တယ်။ သူက ဟိုမှာ သင်ရိုးညွှန်းတမ်းကို နည်းနည်းလေး adapt လုပ်ပြီးတော့ သင်တယ်။ ဒါပေမဲ့ တချို့ဟာတွေမှာ ဒီမှာ လုံးဝမကြားဘူးတဲ့ concept တွေ၊ သဘောထားတွေ၊ သဘောတရားတွေ ပါလာတယ်။ အဲဒီလိုမျိုးလေးတွေတော့ တွေ့ရတယ်။

ဦးသားညွှန့်ဦး ။ ။ လက်ရှိ ကိုမြတ်သူတို့ YSPS က လုပ်နေတဲ့ သင်ရိုးညွှန်းတမ်း။ သင်ကြားရေးပုံစံက ဘယ်လို ပုံစံမျိုးနဲ့ သွားနေသလဲ။

ဦးမြတ်သူ ။ ။ သင်ရိုးညွှန်းတမ်းကတော့ ပထမတော့ ကျနော်တို့က အခုနပြောသလို ဒီက political science ကို ဘာမှမသိတဲ့လူတွေ ဒါမမဟုတ် နည်းနည်းစနစ်တကျ မတတ်ထားတဲ့လူတွေအတွက်တော့ သူတို့အတွက် လွယ်ကူမယ့် သင်ရိုးညွှန်းတမ်းကို ရှာတယ်။ ကျနော်တို့ အရင်တုန်းက သုံးတာတော့ W. Phillips Shively ရဲ့ Power and Choice ရဲ့ စာအုပ်ကို အခြေခံပြီးသင်တာ။ လွယ်လွယ်ကူကူနဲ့ အခြေခံအချက်အလက်တွေ။ နိုင်ငံရေးသိပ္ပံရဲ့ အခြေခံအချက်အလက်တွေ လွယ်လွယ်ကူကူနဲ့ နားလည်းလွယ်တဲ့ဟာကို အခြေခံပြီးတော့ ကျနော်တို့ သင်တယ်။ အခု Diploma Course မှာတော့ Advance ပိုဖြစ်တယ်။ ကျနော်လည်း LSE တက်တုန်းက LSE courses တွေမှာ enroll လုပ်ပြီးမှ တချို့ curriculum တွေကိုလည်း ကျနော်တို့က ကြည့်ပြီးတော့မှ ဗမာပြည်အနေအထားနဲ့ သင့်လျော်သလောက်ကို ကျနော်တို့က ပြုပြင်ပြောင်းလဲပြီးမှ သင်နေတာတွေ ရှိပါတယ်။

ဦးသားညွှန့်ဦး ။ ။ သင်ကြားရေးပုံစံက ဘယ်လိုသွားလဲ။

ဦးမြတ်သူ ။ ။ သင်ကြားရေးပုံစံကတော့ နိုင်ငံတကာတက္ကသိုလ်တွေအနေနဲ့ ပြောမယ်ဆိုရင်တော့ seminar မျိုး ပုံစံပေါ့။ ပထမ (၁) နာရီကျော်ကျော်လောက်က lecture ပေးမယ်။ နောက်ပိုင်းကျန်တဲ့ (၁) နာရီ သို့မဟုတ် နာရီဝက်က Discussion ပေါ့။ ဆရာက ပထမ Lecture ရိုက်မယ်။ အဲဒီအချိန်မှာ နားမလည်းတာရှိရင် lecture ရိုက်နေတဲ့အချိန်မှာ မေးလို့ရတယ်။ ပြီးသွားလို့ရှိရင် ကိုယ်သဘောတူတာတွေ မတူတာတွေ အကုန်လုံးကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖလှယ်လို့ရတယ်။ ကျောင်းသားအချင်းချင်းကြားမှာ။ အဲဒီအခါမှာ ကျနော်တို့ကို ဖန်တီးထားတဲ့ ပတ်ဝန်းကျင်က အားလုံးက ဘယ်သူရဲ့ မေးခွန်းသော်၎င်း၊ ဘယ်သူရဲ့ မှတ်ချက်သော်၎င်း။ ဘယ်ဟာမှ မှားတယ်ဆိုတာ မရှိဘူးဆိုတဲ့ အခြေခံပေါ်မှာ ဒီကျောင်းရဲ့ ပတ်ဝန်းကျင်ကို ဖန်တီးထားပါတယ်။ ကျနော်တို့တိုင်းပြည်မှာ တချို့က ရှိုးတိုးရှန့်တန့် ဖြစ်တာပေါ့ဗျာ။ ငါပြောလိုက်ရင် လူရယ်စရာများ ဖြစ်မလား။ ငါ knowledge နည်းလို့ လူတွေက မှားတယ်ပြောမလား။ ဒီပညာရပ်ပိုင်ဆိုင်ရာမှာ မှားတယ်ဆိုတာ လူဦးနှောက်က ထွက်လာတာ မှားတယ်လို့ ဒီနေရာမှာ ဘယ်လိုအခြေအနေမျိုးမှာမှ အဖြစ်မခံပါဘူး။ အားလုံးကို လေးလေးစားစားနဲ့ လေးလေးနက်နက်နဲ့ ဆရာကလည်း ပြန်ပြီးဖြေရှင်းတယ်။ မသိတာရှိရင်မေးတယ်။ ဆွေးနွေးတဲ့အခါမှာလည်း ဒီပတ်ဝန်းကျင်ကို သေချာဖန်တီးပေးထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခုနောက်ပိုင်းအခြေအနေမှာ မြန်မာနိုင်ငံမှာ ကျနော် သတိထားမိသလောက် နိုင်ငံရေးသိပ္ပံတို့၊ ဖွံ့ဖြိုးရေးတို့ သင်ကြားပေးနေတဲ့ သင်တန်းကျောင်းတွေ တွေ့ရပါတယ်။ အတော်များများ တချို့ဖောင်ဒေးရှင်းတွေကလုပ်တယ်။ တချို့အဖွဲ့အစည်းတွေကလုပ်တယ်။ ဒီအဖွဲ့အစည်းတွေရဲ့ နောက်ခံနိုင်ငံရေး background တွေ ရှိကြတယ်။ အခု YSPS က ဘယ်လို နောက်ခံမျိုးနဲ့ ဘယ်လို သင်ကြားတာရှိသလဲ။

ဦးမြတ်သူ ။ ။ ကျနော်တို့က နိုင်ငံရေးသိပ္ပံကို ပညာရပ်ဆန်ဆန် ဘာအစွဲအလန်းမှသော်၎င်း၊ ဘယ်လို ကိုယ်သန်ရာသန်ရာကို စွဲပြီးတော့ သင်တာမျိုးသော်၎င်း အဲဒါမျိုးကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ ပညာရပ်ဆန်ဆန်၊ သန့်သန့်ရှင်းရှင်း ပညာရပ်ကို မျှဝေဖို့ဆိုပြီးတော့ အားလုံးက အဲဒီစိတ်ကူးမှာ တထပ်တည်း တူကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို သင်ပေးမှ တကယ်လို့ အားလုံးက open လည်းဖြစ်မယ်၊ ဘောင်ကန့်သတ်မှု မရှိဘဲနဲ့ ကိုယ့်ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ ချင့်ချိန်သုံးသပ်ပြီးမှ အရမ်းလွတ်လပ်တဲ့ သင်ရိုးညွှန်းတမ်း၊ ပြီးလို့ရှိရင် လုံးဝဘက်လိုက်မှုမရှိတဲ့ အစွဲအလန်း မရှိတဲ့ သင်ရိုးညွှန်းတမ်းဖြစ်အောင် ကျနော်တို့က ဦးစားပေးပါတယ်။ ဘယ်လို ကျနော်တို့မှာ ကြိုတင်ရည်ရွယ်ထားတဲ့ ဘယ် trend ကို ဦးစားပေး သင်မယ်ဆိုတာမျိုး မရှိပါဘူး။ ဥပမာဆိုရရင် ဒီ democratization မှာဆိုရင် တချို့က development ကို ဦးစားပေးသင်မယ်။ ကျနော်တို့ကတော့ မဟုတ်ဘူး ဒီမှာ democratization နဲ့ ပတ်သက်လာလို့ရှိရင် modernization theory approach ရှိမယ်။ ဒါမှမဟုတ်လို့ရှိရင် historical sociology approach ရှိမယ်။ ဒါမှမဟုတ် transitional approach ရှိမယ်။ အဲဒီမှာ နိုင်ငံတကာမှာရှိတဲ့ သီအိုရီတွေ ဘာရှိလဲဆိုတာကို အားလုံးကို ချပေးလိုက်တာ။ သူတို့ဘာသာသူတို့ သုံးသပ်ပါစေ။ သူတို့ဘာသာ သူတို့ ဗမာပြည်အခြေအနေက ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို သူတို့ဘာသာသူတို့ အခန်းထဲမှာလည်း သူတို့ တယောက်နဲ့တယောက် လွတ်လွတ်လပ်လပ် ဖလှယ်ခွင့်ရှိတယ်။ နောက် လွတ်လပ်စွာ ယုံကြည်ခွင့် ရှိတယ်။

ဦးသားညွှန့်ဦး ။ ။ ဒီကျောင်းက ထွက်လာတဲ့ ကျောင်းသားတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ကိုမြတ်သူ ဘယ်လို အကဲဖြတ်မိလဲ။ ကျေနပ်အားရမှု ရှိသလား။ လိုအပ်မယ်လို့ ထင်သေးသလား။

ဦးမြတ်သူ ။ ။ လောလောဆယ်တော့ နှစ်လသုံးလပဲဆိုတော့ သိပ်အများကြီးတော့ မပေးနိုင်သေးဘူးပေါ့။ ဒါပေမဲ့လဲ အတိုင်းအတာတခုအထိတော့ ကျေနပ်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကျောင်းသားတွေဆိုရင် သူတို့ သက်ဆိုင်ရာကျောင်းတွေမှာ ကျောင်းသားသမဂ္ဂမှာ ခေါင်းဆောင်တွေ ဖြစ်လာတယ်။ ပါတီမှာဆိုရင်လည်း လူငယ်ထဲမှာ နည်းနည်းလေး စည်းရုံးရေးအားကောင်းလာပြီးတော့ လူငယ်ခေါင်းဆောင်လေးတွေ ဖြစ်လာတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးသိပ္ပံကို အခြေခံတွေကို သိလာတဲ့အခါကြတော့ အဓိကတော့ စည်းရုံးတဲ့အခါမှာဖြစ်ဖြစ်၊ ဟောပြောတဲ့အခါမှာဖြစ်ဖြစ် ဒါတွေကို သူတို့အတွက် တကယ်ကို assets တွေပါ။

ဦးသားညွှန့်ဦး ။ ။ နောက်တခုက YSPS အနေနဲ့ အခုရပ်တည်နေတဲ့ နေရာမှာ တခြားပြင်ပ တက္ကသိုလ်ကောလိပ်တွေနဲ့ ချိတ်ဆက်မှု ရှိပါသလား။ ဥပမာ မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ တခြားနိုင်ငံတကာမှာဖြစ်ဖြစ်။

ဦးမြတ်သူ ။ ။ ဗမာပြည်မှာတော့ မရှိဘူး။ ဗမာပြည်မှာ မရှိဘူးဆိုတာက ဒီမှာက နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်တဲ့ ဘယ်ဌာနမှလဲ မရှိပါဘူး။ နိုင်ငံတကာမှာတော့ တချို့ professors တွေနဲ့ ကျနော်တို့က ချိတ်ဆက်ပြီး လုပ်တာတွေရှိတယ်။ ဒါပေမဲ့ တက္ကသိုလ်ချင်းချိတ်တဲ့ အနေအထားတော့ မရောက်သေးဘူး။ ဒါပေမဲ့ ကျနော်တို့ အဲဒါကိုရောက်အောင် ကြိုးစားနေပါတယ်။ ဥပမာ Professor Christian Stoke လို ဆရာမျိုး။ University of Oslo က။ သူဆိုရင် အခုလက်ရှိ Diploma Course မှာဆိုရင် One course ကို သူလာပြီး (၁၀) ရက် lecture လာပေးသွားတယ်။ အဲဒီလို ပုဂ္ဂိုလ်ရေးအရ ဒီမှာလာပြီးတော့ ချိတ်ဆက်ပြီး သင်ကြားနေတာ ရှိပါတယ်။ ကျနော်တို့ idea ကလည်း ရှင်းရှင်းပြောရရင် Funding ဘာညာကလဲ အဲဒီလောက်ကြီး မတောင့်တင်းတော့ ဆရာတွေကို ငှားနိုင်တဲ့ အနေအထားမရှိဘူး။ ဒါပေမဲ့ ကျနော်တို့ဆီမှာ အသိအကျွမ်းရှိတယ်။ ကျနော်တို့ရဲ့ contact တွေရှိတယ်။ အဲဒီလိုလူတွေကို ကျနော်တို့က channel လုပ်ပေးတာပေါ့။ ဒီကလူတွေ သူတို့တွေရဲ့ resources တွေကို သူတို့တတွေ ချဉ်းကပ်ခွင့်ရအောင် ဒီပညာတွေကို လူငယ်တွေရအောင် ကျနော်တို့က ကြားထဲကနေပြီးမှ အဲဒီလို channel လုပ်ပေးပြီးမှ ပညာတွေကိုရအောင် ကြိုးစာနေတာ ရှိပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခု YSPS လည်ပတ်နေတဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်လို့၊ ရန်ပုံငွေနဲ့ ပတ်သက်လို့ ဘယ်လိုရှိသလဲ။ ဘယ်က အကူအညီတွေ ယူထားတာရှိသလဲ။

ဦးမြတ်သူ ။ ။ ကျနော်တို့ ... ပရော်ဂျက်ဆိုပြီးတော့ British Council နဲ့ ချိတ်ပြီးတော့ တချို့ funding ယူတာရှိပါတယ်။ နောက်ပြီးတော့ National Endowment for Democracy ကနေ funding ယူတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့လုပ်ချင်တဲ့ program ကိုပဲ ကျနော်တို့ပြည်သူတွေကို ပေးချင်တဲ့အရာ၊ ဒီတိုင်းပြည်နဲ့ ကိုက်တဲ့ဟာတွေကိုပဲ ဦးစားပေးပြီးတော့ ဖော်ဆောင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်တခုကတော့ အခု ကိုမြတ်သူတို့ စဖွင့်တာ ၂၀၁၁ က စလောက်တယ် ထင်ပါတယ်။ ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံ တစုံတရာ ပွင့်လင်းလာတဲ့အခြေအနေထားတော့ ရှိတာပေါ့။ တခြား အခက်အခဲတွေ၊ အကန့်အသတ်တွေ။ အထူးသဖြင့် အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေ ကြုံရဖူးသလား။ အခုနောက်ပိုင်းမှာပေါ့

ဦးမြတ်သူ ။ ။ ရှိတယ်ဗျ။ အာဏာပိုင်တွေက တိုက်ရိုက်ဖိအားပေးတာတော့ မရှိဘူး။ ဒါပေမဲ့ သူတို့က နိုင်ငံရေးသိပ္ပံဆိုတာကို အတော်စိုးရိမ်တယ်။ တချို့ အာဏာပိုင်တွေ လာမေးတာတွေရှိတယ်။ ကျနော်တို့က ဖိတ်ခေါ်ပါတယ်။ သိချင်တာရှိရင်လာမေး။ ဘာမှ လျှို့ဝှက် လုပ်နေတာမရှိဘူး။ ကျနော်တို့က ပညာရပ်ဆန်ဆန် နိုင်ငံခြားသိပ္ပံတွေကို သင်ကြားပေးတာ။ ဒါပေမဲ့ နိုင်ငံရေးသိပ္ပံဆိုတဲ့ စကားလုံးကို ဖြုတ်ခိုင်းတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေလည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာကို တခါမှ မကြားဖူးဘူး။ ဒီမှာ နိုင်ငံရေးသိပ္ပံ သင်တယ်ဆိုတာကို။ ဒီဟာကို သူတို့ နည်းနည်းစိုးရိမ်တာတွေရှိတယ်။ နောက်တခုကတော့ indirectly ဖိအားပေးတာတွေ ရှိမရှိတော့ ကျနော်တက်အပ်တော့ မပြောနိုင်ပါဘူး။ ဘာအခက်အခဲကြုံရသလဲဆိုတော့ တနှစ်လောက် ငှားပြီးရင် ကျနော်တို့ကို အဲဒီနေရာတွေမှာ ဆက်ငှားဖို့ မလွယ်တော့တဲ့ အခက်အခဲကတော့ အမြဲတမ်းကြုံတယ်။ ဒါကြောင့်မို့ ကျနော်တို့ နေရာတွေကို ခဏခဏ ပြောင်းရတယ်။ အခုလာမယ့် မေလမှာဆိုရင်လဲ ထပ်ပြောင်းရအုံးမယ်။ နောက်ကွယ်မှာ ဘာတွေရှိသလဲဆိုတာကို တက်အပ်တော့ မသိဘူး။ ဒါပေမဲ့ ဒီလို အခက်အခဲတွေတော့ ကြုံတွေ့ရတာရှိတယ်။

ဦးသားညွှန့်ဦး ။ ။ အခု လုပ်နေတာတွေနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကို ဘယ်လောက်အထိ ကျေနပ်အားရမှု ရှိသလဲ။ ကျောင်းလည်ပတ်မှု၊ ကျောင်းသွားနေတာနဲ့ ပတ်သက်လို့၊ ရှေ့ရေးနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ မျှော်မှန်းထားသလဲ။ ကျေနပ်အားရမှုကော ရှိရဲ့လား။ ပြီးသွားတဲ့ ကာလကို။

ဦးမြတ်သူ ။ ။ ကျနော်တို့အားလုံးဟာ တက်ညီလက်ညီနဲ့ အလုပ်လုပ်တဲ့အပေါ်မှာတော့ တော်တော်လေး အားရမှုတော့ ရှိပါတယ်။ ဒါပေမဲ့ အခုနပြောတဲ့ ကျနော်တို့ ဖြစ်ချင်တယ့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဆိုတာတော့ စိန်ခေါ်မှုတွေတော့ ရှိသေးတာပေါ့။ ဘဏ္ဍာရေးအခက်အခက အစ resource personnel အခက်အခဲတွေက။ နိုင်ငံတကာ အသိအမှတ်ပြုတယ်။ Institute level တခုအနေနဲ့ ဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ အောင်မြင်မလား၊ မအောင်မြင်ဘူး ဆိုတာကိုတော့ စောင့်ကြည်ရပါမယ်။
XS
SM
MD
LG