သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခနဲ့ သုံးသပ်ချက်များ - အပိုင်း (၁)


ငြိမ်းချမ်းမေတ္တာအဖွဲ့ မြန်မာနိုင်ငံက ဦးအေးလွင် နဲ့ ရခိုင်စာပေယဉ်ကျေးမှုအသင်းက ဒေါ်စောခင်တင့်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်
ငြိမ်းချမ်းမေတ္တာအဖွဲ့ မြန်မာနိုင်ငံက ဦးအေးလွင် နဲ့ ရခိုင်စာပေယဉ်ကျေးမှုအသင်းက ဒေါ်စောခင်တင့်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ရေးရာဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေ အဖြေရှာရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အစီရင်ခံစာထဲက အချက်တွေက ဘာတွေလဲ။ ဘယ်အတိုင်းအတာကို လုပ်ဆောင်နေမလဲ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဘာတွေဆက်ပြီး လုပ်ဆောင်သင့်ပါလဲ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းမေတ္တာအဖွဲ့ မြန်မာနိုင်ငံက ဦးအေးလွင် နဲ့ ရခိုင်စာပေယဉ်ကျေးမှုအသင်းက ဒေါ်စောခင်တင့်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ကို VOA ရန်ကုန် Studio မှာ ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းဆွေးနွေးထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီကနေ့ ကျမတို့ VOA မှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်က ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အကြံပေးချက် အစီရင်ခံစာ တင်သွားပါတယ်။ ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်အတိုင်းအတာအထိ လိုက်နာနိုင်မလဲဆိုတဲ့ အကြောင်းအရာကို ကျမတို့ ဆွေးနွေးကြပါမယ်။ ဆိုတော့ ပထမဦးဆုံး နည်းနည်းမိတ်ဆက်ပေးပါ။

ဦးအေးလွင် ။ ။ ကျနော်က ဟာဂျီဦးအေးလွင်ပါ။ အစ္စလာမ်ဓမ္မဗိမာန်ရဲ့ ဦးဆောင်ရေးမှူးတယောက် ဖြစ်ပါတယ်။ Religions for Peace ခေါ်တဲ့ မှတ်ပုံတင်တဲ့အခါမှာ ငြိမ်းချမ်းမေတ္တာလို့ မှတ်ပုံတင်ပါတယ်။ မြန်မာလို့ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ထူထောင်သူတဦးနဲ့ ကော်မတီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဘာသာပေါင်းစုံ လုပ်ငန်းတွေကို လုပ်နေပါတယ်။

ဒေါ်စောခင်တင့် ။ ။ ကျမနာမည် စောခင်တင့်ပါ။ ကျမကတော့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ရဲ့ ဥက္ကဋ္ဌတယောက် ဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ရခိုင်အမျိုးသမီးအသင်းရဲ့ ဒုဥက္ကဋ္ဌတယောက်လည်း ဖြစ်ပါတယ်။ ကျမအနေနဲ့ ရခိုင်အရေးကို စိတ်ဝင်စားစွာနဲ့ နှစ်ပေါင်းမြောက်မြားစွာ လေ့လာခဲ့တဲ့ ကျမရဲ့ အတွေ့အကြုံနဲ့ ကိုယ့်ရဲ့ရခိုင်ပြည်သူတွေနဲ့ မြန်မာနိုင်ငံအနေနဲ့ တကယ့်တိုးတက်မှုတွေကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကို အမြဲတမ်းလေ့လာစုံစမ်းနေတဲ့ လူတယောက် ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်ကတော့ သတင်းစာဆရာပါ။ ဒီအဖြစ်အပျက်တွေကို သတင်းဆောင်းပါးတွေနဲ့ ပုံမှန်လေ့လာပြီးတော့ ရေးနေပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ပထမဦးဆုံး လတ်တလော ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အခုမကြာသေးခင်ကမှ တကျော့ပြန် တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်တာကလဲ မစ္စတာကိုဖီအာနန်တို့နဲ့ ဦးတို့အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီးမှ အကြံပေးချက်တွေ ထုတ်ပြန်ပြီးတဲ့ အချိန်နဲ့ကိုက်ပြီးတော့ ဖြစ်တယ်လို့ အကုန်လုံးလည်း သိကြပါတယ်။ ဆိုတော့ မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ဦးတို့အဖွဲ့ အကြံပေးချက်တွေထဲက စီးပွားရေး၊ ဖွံ့ဖြိုးရေး အကုန်လုံး၊ လုံခြုံရေး ပျက်ပြားနေတယ်ဆိုတော့ ဘာတွေလုပ်သင့်တယ်လို့ အကြံပေးထားပါလဲ။ အဓိကအချက်လေး ပြောပြပါ။

ဦးအေးလွင် ။ ။ အဓိကတော့ ခြုံပြောရရင်တော့ (၃) ချက် ပြောထားတာ ရှိပါတယ်။ တစ်အချက်က ဖွံ့ဖြိုးရေးရဲ့ အကြပ်အတည်း - Development Crisis လို့ ပြောထားပါတယ်။ ဒုတိယအချက်က လူ့အခွင့်အရေး - Human Rights Crisis. တတိယအချက်က လုံခြုံရေးနဲ့ ပတ်သက်သော အကြပ်အတည်း - Security Crisis လို့ ပြောထားပါတယ်။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဆိုတာလည်း ဆက်စပ်နေပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဆိုတာလည်း သဟဇာတ ရှိရမယ်။ သဟဇာတရှိရေးကို ပျက်ပြားအောင် လုပ်နေလို့ရှိရင် ဒါတွေဟာ မအောင်မြင်နိုင်ပါဘူး။ လက်တွေ့မျက်တွေ့ကို မနေ့က ဘာသာပေါင်းစုံအဖွဲ့ သွားတယ်။ သွားတဲ့အခါမှာ ရသေ့တောင်မြို့ထဲကို မရောက်ခင်တရက်မှာ ပါတီတစ်ခုက ပုဂ္ဂိုလ်နှစ်ဦးက ဝင်ရောက်ပြီး ဒီမှာ ဘင်္ဂလီအကြမ်းဖက်သမား နှစ်ယောက်ပါတဲ့အဖွဲ့ လာလိမ့်မယ်။ မင်းတို့ ဆန္ဒပြကြဆိုပြီးတော့ ရိုးသားတဲ့ပြည်သူတွေကို အဲဒီလို ပြောလိုက်တဲ့အခါကြတော့ ငြိမ်းချမ်းရေးနဲ့ သဟဇာတ လုပ်ဖို့လာတဲ့ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်လေးဦးကို သံပုံးတီးတယ်။ ခဲနဲ့ပေါက်တယ် အဲဒီလို ဖြစ်လာတယ်။ ကျနော် ဆိုလိုချင်တာက ပရောဂတွေနဲ့ အမြတ်ထုတ်ချင်တဲ့ လူတွေက အခြေအနေကို ပိုဆိုးအောင် မီးလောင်ရာလေပင့် လုပ်နေပါတယ်။ အဲဒီတော့ သဟဇာတ ဖြစ်ဖို့အတွက် တရားမျှတမှုဆိုတာ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်မှာ။ နောက်တချက်က Human Rights ပါ။ လူ့အဖွဲ့အစည်း နှစ်ခုစလုံးဟာ၊ အသိုင်းအဝိုင်း နှစ်ခုစလုံးက ခေတ်အဆက်ဆက်မှာ ခါးစီးအောင် ခံခဲ့ရတယ်။ ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီတော့ အဲဒီဟာဖြင့်ရင် သက်ဆိုင်ရာက အုပ်ချုပ်ခဲ့တာ ဗြိတိသျှလက်ထက်ထဲက သူတို့ရဲ့ အုပ်ချုပ်မှုမှာ Divide and Rule ခေါ်တဲ့ ခွဲခြားဆက်ဆံပြီးတော့ လိုရင်လိုသလို၊ မလိုရင်မလိုသလို အသုံးချခံခဲ့ရတဲ့ အင်မတန်ကို သယံဇာတ ပေါကြွယ်ဝတဲ့ ရခိုင်ပြည်။ လူအရင်းအမြစ်များမှာလည်း တန်းဖိုးရှိပြီးတော့ အင်မတန်ကို အစွမ်းအစရှိတဲ့လူတွေဟာ အဲဒီလို ဖိနှိပ်ခံခဲ့ရတဲ့အပေါ်မှာ ဒီလိုပြဿနာတွေက ဖြစ်လာတာပေါ့။

လူ့အခွင့်အရေးနဲ့ အမျိုးသားရေး ဆိုတာလေး နည်းနည်းပြောချင်တယ်။ လူ့အခွင့်အရေးဆိုတာ လူတစုံတဦးရဲ့ အခွင့်အရေးကို ဒါဟာ ချိုးဖောက်လိုက်မယ်ဆိုရင် လူ့အခွင့်အရေးကို မဟုတ်တော့ဘူး။ လူအများစုကြောင့် လူနည်းစု ချိုးဖောက်ခံရတာဖြစ်ဖြစ်၊ လူနည်းစုကြောင့် လူများစု အချိုးဖောက်ခံရတာဖြစ်ဖြစ် ဒါ လူ့အခွင့်အရေးကို မဟုတ်ဘူး။ လူ့အခွင့်အရေးလုပ်လို့ အမျိုးသားရေး ထိခိုက်မယ်ဆိုတာ လုံးဝမှားယွင်တဲ့ အယူအဆ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အဓိက အရေးကြီးတာက လူ့အခွင့်အရေးရယ်။ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးရယ်။ ဒီအချက် (၃) ချက်ကို မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ဦးတို့အဖွဲ့က အစီရင်ခံစာ ရေးပြီးတော့ အကြံပေးချက်တွေ ပေးခဲ့ပါတယ်။ ဒါတွေအတွက်ကို ဘာတွေလုပ်မယ်ဆိုပြီးတော့ ပြောထားတယ်။ စောစောကတော့ အကြမ်းမျဉ်း ပြောတော့လဲ ဒီ (၃) ချက်ပေါ့။ ဘာအချက် ဘယ်အချက်လို့ မပါဘူးပေါ့။ ဆိုတော့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်ရဲ့ အရေးကို တကယ်ထဲထဲဝင်ဝင် သိပြီးတော့ ရခိုင်ပြည်နယ် လူထုအတွက်၊ အမျိုးသမီးရေးရာအစ အကုန်လုံး ထဲထဲဝင်ဝင်သိတဲ့ လူတယောက်အနေနဲ့ ဆရာမကြီးဒေါ်စောခင်တင့် ပြောပြပေးပါ။ ဒီအကြံပေးချက်တွေထဲမှာ ဘယ်အချက်က လိုက်နာဖို့ အဆင်မပြေ ဖြစ်နေတာလဲ။ အဲဒါလေးကို နည်းနည်းပြောပြပေးပါ။

ဒေါ်စောခင်တင့် ။ ။ ကျမအနေနဲ့ ပထမဦးဆုံး ပြောချင်တာက ဒီနေ့ ကျမတို့ ရခိုင်ပြည်သူတွေဟာ တကယ့်ကို ရက်ရက်စက်စက် ရခိုင်လူမျိုးအပါအဝင် မျိုးနွယ်စုတွေနဲ့ တခြားလူ့အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်မှာ ရက်ရက်စက်စက် ဒီလို သတ်ဖြတ်ခံနေရတယ်။ ဒုက္ခရောက်နေကြတယ်ဆိုတာ မြေပြင်အနေအထားမှာ တကယ်ဖြစ်နေတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီတော့ ရခိုင်တွေရဲ့ ကာလကြာရှည် ခံစားနေရတဲ့ ဒီခါးသီးမှု အတွေ့အကြုံပေါ်မှာ ကျမတို့ ဖြေသိမ့်ခွင့်မရဘဲနဲ့ ဆက်လက်ပြီးတော့ ဒီဟာတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ မလိုလားအပ်တဲ့ အခြေအနေ အဖြစ်အပျက်တွေဟာ ပိုပြီးဖြစ်လာရတဲ့ဆိုတဲ့ Causes လေးကို အကုန်လုံးက သိဖို့လိုပါတယ်။ အဲဒီတော့ အခုန ဆရာဦးအေးလွင် တင်ပြသလို သွားလိုက်တဲ့အခါမှာ ရခိုင်ဘက်က ဒီလိုတုံ့ပြန်တယ်ဆိုတဲ့ပေါ်မှာ ဆရာ့အနေနဲ့ ခံစားရတာကို ကျမ နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ရခိုင်တွေရဲ့ ခံစားနေရတဲ့ အင်မတန် အသည်းနှလုံးထဲက ခံစားနေရတဲ့ ခံစားချက်အပေါ်မှာ ဒီအချိန်မှာ ဘယ်လိုပဲပြောပြော ဒီလိုဖြေသိမ့်တဲ့ဟာနဲ့ သွားလုပ်လို့ရှိရင် ကျမတို့ ရခိုင်တွေအတွက် ပိုပြီးတော့ ခံစားရသလို ဖြစ်သွားတယ်။

အဲဒီတော့ ကျမတို့က အလုပ်တလုပ် လုပ်မယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေကဖြစ်ဖြစ် အခြေအနေအရပ်မှန်ကို သုံးသပ်ပြီးတော့ ဒီအခြေအနေမှာ ဒီလိုသွားသင့်တယ်။ ဒီအခြေအနေမှာ ဒီလိုပြောသင့်တယ် ဆိုတာလေးကို ချင့်ချိန်ဖို့ လိုပါတယ်။ ဒီလိုမချင့်ချိန်လိုက်ရင် အခုန ဦးအေးလွင်ပြောသလို ထိပ်တိုက်တွေ့မှုလေးတွေ ဖြစ်လာတဲ့အခါကြတော့ မြန်မာပြည်သူတွေအနေနဲ့၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အမြင်ချင်းက ပိုပြီးတော့ ပြန့်သွားတဲ့အတွက်ကြောင့် ရခိုင်တွေအတွက် ပိုပြီးတော့ နစ်နာသွားတယ်။ အဲဒါကြောင့် အန်တီတို့ဘက်က သတင်းသမားတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ဒီဟာတွေအပေါ်မှာ ဒီလိုမျိုး ထပ်ပြီးတော့ မဖြစ်ဖို့ သတိယူရမယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။

ဆိုတော့ အစ္စလာမ်တွေဘက်က ငါးလုပ်ငန်းတွေကို လှေကြီးလှေငယ်တွေနဲ့ ထွက်ပြီးတော့ ပင်လယ်ပြင် ရေပိုင်နက်တွေမှာ အများကြီး လုပ်နိုင်တဲ့အချိန်မှာ ရခိုင်တွေဘက်က လှေငယ်လေးတွေနဲ့ သူတို့ရဲ့ ဝမ်းစာကို မလုပ်နိုင်ခဲ့ဘူး။ ဒီလို ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့အတွက်ကြောင့်မို့ လူကိုပါ ဒဏ်ရာရအောင် လုပ်တဲ့အတွက်ကြောင့်မို့ သူတို့ရဲ့ စီးပွားရေး ပျက်တောင်မကလို့ ဒီ စီးပွားရေး အကုန်လုံးကို ဆုံးရှုံးနစ်နာပြီးတော့ ပင်လယ်ထဲကို၊ ရေထဲကို မဆင်းဝံ့ဘဲ ဖြစ်သွားတဲ့ ရခိုင်တွေရဲ့ တံငါးလုပ်ငန်း အခြေအနေ ဒါတွေကို ကျမတို့ စစ်တွေကို သွားတဲ့အခါ၊ ဒီဘက်က တိုင်းရင်းသားတွေ တင်ပြတာ ကျမတို့ တကယ့်တကယ် ကြားသိခဲ့ရပါတယ်။

အဲဒီတော့ ဒီလိုဟာမျိုးတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒါဟာ ရခိုင်တွေဘက်က နည်းနည်းလေး ရှိတဲ့ဟာ လုံးဝကို ပျက်သုဉ်းသွားတာ။ အစ္စလာမ်ဘက်က နည်းနည်းပဲ ဆုံးရှုံးသွားတာ။ ဒါတွေအပေါ်ကို ကျမတို့ နှစ်ဖက်မြင်ဖို့ ကျမတို့ အရေးကြီးပါတယ်။ အဲဒီတော့ လယ်ယာမြေပေါ်မှာဆိုရင်လည်း ကျမတို့က အစ္စလာမ်ဘက်က ဒီနေ့ မောင်းတော၊ ဘူးသီးတောင်မှာ လယ်သမားတွေဟာ အစ္စလာမ်ဘက်က အများကြီး လယ်လုပ်ကြတယ်။ ဒါပေမဲ့ ဒီနေ့မှာ သူတို့ကိုယ်တိုင်က လယ်မလုပ်ဘူး။ ဒီလယ်မလုပ်ဘူး။ ဒီလယ်မလုပ်ဘူးဆိုတာ ပြီးခဲ့တဲ့ (၁၀) လတာ ကာလအတွင်းမှာ သူတို့က လယ်လုပ်မယ့်အချိန်မှာ ဘာကြောင့် လယ်မလုပ်ဘူးလဲဆိုရင် အဲဒီအချိန်မှာ ရခိုင်ဘက်က ဆူပူတာတွေ၊ ရခိုင်ဘက်က တွန်းအားပေးတာတွေ၊ ရခိုင်ဘက်က ဖိအားပေးတာတွေ၊ ဘာမှမရှိပေမယ့်လို့ ဒီလယ်လုပ်ငန်းကို မလုပ်တဲ့အတွက်ကြောင့်မို့ ဘာဖြစ်လို့ ဒီ ဘင်္ဂလီလူမျိုးတွေဟာ ဘူးသီးတောင်၊ မောင်းတောမှာ လယ်ယာတွေကို ဘာဖြစ်လို့ ခါတိုင်းလို့ ဘာဖြစ်လို့ မလုပ်သလဲ။

ဒါဟာ အင်မတန်မှ ထူးဆန်းတဲ့ အတွေ့အကြုံလေးတခု ဖြစ်နေပါတယ်ဆိုတာကို ကျမတို့ဘက်က အများကြီး ရှုမြင်ခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ကျမတို့ဘက်က အစိုးရဘက်က အကုန်လုံး ဒါတွေကို စနစ်တကျ စဉ်းစားဖို့ လိုပါတယ်။ အဲဒီတော့ ကျမ ပြောချင်တာက ဖြစ်နေတဲ့အပေါ်မှာ အစဉ်တစိုက် ရခိုင်အရေးကို၊ အကုန်လုံးကို လက်တွေ့ကျကျ နှစ်ဘက်စလုံးမျှအောင် လေ့လာပြီးတော့မှ အစိုးရဘက်က ဘာတွေကို လက်ဦးမှုရအောင် လုပ်ရမလဲ။ ဘာတွေကို အပြုသဘောဆောင်တဲ့ အတားအဆီးတွေနဲ့ ထားရမလဲ။ ဒါတွေကို အစိုးရဘက်က လုပ်သွားဖို့ လိုအပ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီပြဿနာကဆိုရင် အိမ်နီးချင်းမှာ သွားပြီးတော့ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဆိုတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ သူနဲ့ပြေလည်ဖို့ကို ဘာလုပ်သင့်တယ်လို့ ထင်ပါလဲ ဦးစည်သူအောင်မြင့် အကျဉ်းချုံလေး ပြောပါအုံး။

ဦးစည်သူအောင်မြင့် ။ ။ ကျနော် နားလည်သလောက်ဆိုရင် အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်ချက်က တော်တော်လေးကို ကောင်းပါတယ်။ သူတို့က ဘာပြောသလဲဆိုတော့ အကြမ်းဖက်တဲ့ကိစ္စကို သူတို့က လက်လည်းမခံဘူး။ နောက် ဒီအကြမ်းဖက်တိုက်ဖျက်ရေးအတွက်လည်း ကူညီမှာပဲ။ ပြီးတော့မှ ဒုက္ခသည် ဘာညာ ပြေးလာတဲ့ဟာတွေကို ပွင့်ပွင့်လင်းလင်းပြောရင် သူတို့က လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှုပ်ထွေးသွားမှာစိုးလို့။ ရှေ့ပြဿနာတွေ မပြီးခင်၊ နောက်ပြဿနာတွေ ဖြစ်မှာစိုးလို့ ဒါပေမဲ့ ကုလသမဂ္ဂဘက်နဲ့ နိုင်ငံတချို့က ဖိအားပေးတဲ့အခါကြတော့ အခုတော့ ဖွင့်ပေးလိုက်ရ၊ မသိကျိုကျွံ သဘောပေါ့။ ဆိုတဲ့အခါကြတော့ သူ့ရဲ့သဘောထားက ကျနော်ထင်တယ် အိမ်နီးချင်းကောင်းပီပီသသနဲ့ ရှိနေသေးတယ်လို့ ကျနော် နားလည်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အိမ်နီးချင်းနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ဘာလုပ်သင့်တယ်ဆိုတာလေး ပြောပြပါ။

ဒေါ်စောခင်တင့် ။ ။ အခုန ဦးအေးလွင် တင်ပြသွားတာလည်း တော်တော်လေး ပြည့်စုံသွားပါပြီ။ ဒီဟာက ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံနဲ့ အနီးဆုံး နိုင်ငံဖြစ်တယ်။ ဒီပြဿနာတွေက နယ်နမိတ် Border ဘက်မှာ ကျော်သွားနေတဲ့ မြေဆက်ပြဿနာ ဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံစလုံးက ဒါကို ခေါင်းအေးအေးထားပြီးတော့ သမာသမတ်ကျအောင် ဒါတွေကို သံတမန်နည်းလမ်းအရ ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ အခုလည်း လုပ်နေပါတယ်။ နှစ်ဘက်စလုံးလည်း အရင်ထက်စာရင် အများကြီး မြန်မာပြည်ကရော၊ ဘင်္ဂလားဒေ့ရှ်ကရော ဆက်စပ်ပြီးတော့ လုပ်နေတဲ့ဟာတွေက အများကြီး ရှိလာတဲ့အတွက်ကြောင့်မို့ ရှေ့ဆက်ပြီးတော့ တိုးတက်အောင်လုပ်ဖို့ ရှိပါတယ်။ နောက်ဆုံးအနေနဲ့ ကျမပြောချင်တာတစ်ခု ရှိပါတယ်။ အရေးကြီးတဲ့အချက်ပါ - ဒါက ကော်မရှင်ရဲ့ အရေးကြီးတဲ့အချက်မှာ ကျမ ပေးထားခဲ့ပါတယ်

ဒီ ရခိုင်ပြည်အနေနဲ့ ဒါကို တကယ်လုပ်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်ရဲ့ အနေအထားက အင်မတန်မှ ဖြေရှင်းရခက်တယ်။ ရှု့ပ်ထွေးတယ်။ ဒါကြောင့်မို့ ဒီပြဿနာကို ကိုင်တွယ်ဖို့ဆိုလို့ရှိရင် ဒီတာဝန်ကို တာဝန်ယူရမယ့် ဝန်ကြီးအဆင့်ရှိတဲ့ တာဝန်ခံတဦးအနေနဲ့ ရခိုင်ပြည်မှာ ခန့်ထားဖို့လိုတယ်။ အဲဒါ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ Rules of Law Center တခု စစ်တွေမှာ တည်ထားဖို့ လိုတယ်။ အဲဒီမှာ ဝန်ထမ်းတွေဟာ အကုန်လုံး ရခိုင်တပြည်နယ်လုံး လွတ်လပ်စွာ သွားလာခွင့် ရှိရမယ်။ အဲဒီသူတပါး တင်ပြတဲ့အချက်တွေပေါ်မှာလည်း ကျမတို့ လိုက်နာဖို့လိုတယ်။ ဒီတချက် ။ နောက်တချက်က ရခိုင်ပြည်နဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးအဆင့်ရှိတဲ့ ဝန်ကြီးတပါး သက်သက်ခန့်ထားဖို့ လိုပါတယ်။

သူ့ကို အထောက်အကူပြုမယ့် အဖွဲ့တွေလည်းထားဖို့ လိုပါတယ်။ ဒီအထောက်အကူပြု လုပ်ငန်းတွေဟာ ရခိုင်ပြည်အတွင်းမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေ တိုင်ပင်ပြီးတော့ လေးလတကြိမ် အစီရင်ခံစတွေကို တက်ပြီးတော့ Specialist - ရခိုင်ရဲ့အပေါ်မှာ ဒီဟာကို ဝန်ကြီးသက်သက်အဆင့်နဲ့ ထားသင့်ပါတယ်လို့ ကျမတို့က ပေးထားတဲ့ Recommendation ဟာ တကယ်ကို ရခိုင်ပြည်သူတွေနဲ့ မြန်မာအစိုးရ လုပ်ဖို့ လိုအပ်ပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။

XS
SM
MD
LG