သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ နဲ့ နိုင်ငံတကာဖိအား


ကိုလွင်ကိုလတ် (ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဘုတ်အဖွဲ့ဝင်)
ကိုလွင်ကိုလတ် (ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဘုတ်အဖွဲ့ဝင်)

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရှေ့နှစ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာချဉ်းကပ်တဲ့နေရာမှာ စီးပွားရေး သံတမန်ရေးအရ သိမ်မွေ့မနေဘဲ ပြည်သူတွေအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေလုပ်ဖို့ တွန်းအားပေးချိန်တန်ပြီလို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဘုတ်အဖွဲ့ဝင် ကိုလွင်ကိုလတ် က ပြောဆိုပါတယ်၊ အမေရိကန်သမ္မတ Barack Obama မြန်မာနိုင်ငံကို ဒုတိယတခေါက်လာရင် ထိရောက်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွေအတွက်ကို တွန်းအားပေးသင့်တယ်လို့ VOA နဲ့ မေးမြန်းခန်းမှာ ကိုလွင်ကိုလတ်က ပြောပါတယ်၊ လက်ရှိအစိုးရ၊ အဓိက အတိုက်အခံ NLD ပါတီ နဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေးထက်ကို ပြည်သူကို အာမခံနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ နိုင်ငံရေးစနစ်တခု တည်ဆောက်နိုင်ရေးကို အဓိက အာရုံစိုက်သင့်တယ်လို့ ဆိုပါတယ်၊ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေခဲ့စဉ် ကိုလွင်ကိုလတ် ကို ကိုသားညွန့်ဦးက VOA Studio မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုလွင်ကိုလတ်တို့ YSPS အနေနဲ့က ပညာရေးတင်မကဘူး၊ အစိုးရအဖွဲ့။ နောက် နိုင်ငံရေးနဲ့ ပတ်သက်လို့ သုတေသနတွေ။ တချို့ လေ့လာချက်တွေလည်း လုပ်တယ်ဆိုတော့ လက်ရှိ အစိုးရအဖွဲ့နဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရ ဖွဲ့ခဲ့တာ အခုဆိုရင် လာမယ့်နှစ်ဆိုရင် သက်တမ်းပြည့်ပါပြီ။ အဲဒီတော့ အခုတော်တော်များများ အကဲခတ်နေကြတာ။ အထူးသဖြင့် အမေရိကန်လွှတ်တော်က အမတ်တချို့က အကဲခတ်နေကြတာက အခုဒီနှစ်ပိုင်းအတွင်းမှာ သူတက်ခါစကတော့ အပြောင်းအလဲတွေကို နည်းနည်းလျင်လျင်မြန်မြန် လုပ်တယ်။ ဒီနှစ်ပိုင်းအတွင်းမှာတော့ အပြောင်းအလဲတွေလုပ်တာ၊ တိုးတက်မှုတွေ နှေးသွားတယ်။ တချို့နေရာတွေမှာ နောက်ပြန်လှည့်တဲ့ အခြေအနေတွေတောင် ရှိတယ်ဆိုပြီးတော့ ထောက်ပြကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းခံရတဲ့ကိစ္စတွေ။ သတင်းမီဒီယာ လွပ်လပ်ခွင့်တွေ၊ အကန့်အသတ်ခံရတဲ့ကိစ္စတွေ။ ဒီသုံးသပ်ချက်နဲ့ ပတ်သက်လို့ ကိုလွင်ကိုလတ် ဘယ်လိုမြင်သလဲ။

ကိုလွင်ကိုလတ် ။ ။ ကျနော်တို့အမြင် ပြောရရင်တော့ ၂၀၁၂ ကာလအထိ သူတို့ဘက်က နိုင်ငံရေးအရ ဖြေလျှော့လာတွေကို တွေ့ရတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့အခါမှာ သီအိုရီတွေအရ ပြောကြတယ်ဆိုရင်တော့ ကျနော်တို့က အသွင်ကူးပြောင်းတဲ့အဆင့်ကို မရောက်သေးဘူးလို့ ကျနော်တို့ ယူဆတယ်။ လက်ရှိ အခြေအနေက ဖြေလျှော့တဲ့အဆင့်လောက်မှာပဲ ရှိတယ်။ အဲဒီ ဖြေလျှော့မှုကတောင်မှ ၂၀၁၂ နောက်ပိုင်းမှာ ကျနော်အမြင်ပြောရရင် ရပ်သွားတယ်လို့တောင် ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်တော့ ကျနော်တို့က အသွင်ကူးပြောင်းမှုကို တကယ်သွားမယ်ဆိုရင် လက်ရှိရှိတဲ့ အခြေခံဥပဒေကိုယ်တိုင်က အသွင်ကူးပြောင်းမှုကို အာမခံချက်ပေးနိုင်တဲ့ အခြေခံဥပဒေ မဟုတ်ဘူး။ အဲဒီတော့ ဒီအခြေအနေဟာ သူတို့ တကယ်အပြောင်းအလဲကို သွားချင်တယ်ဆိုလို့ရှိရင် ဒီအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးက အင်မတန်အရေးကြီးတယ်။ ဆိုလိုချင်တာက အသွင်ကူးပြောင်းမှုကာလကို ဖော်ပြနိုင်တဲ့ အခြေခံဥပဒေမျိုး Transitional Constitution မျိုး ဖြစ်သင့်တယ်။ အဲဒီဟာကို ပြန်ကြည့်တော့လဲ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း သူတို့ဘာမှလုပ်တာ မတွေ့ရဘူး။ နောက်တခါ တဖက်ကကြည့်တော့ အုပ်ချုပ်ရေးပိုင်း။ အစိုးရ ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ခံမှုအပိုင်းတွေ ပြန်ကြည့်တော့လဲ ထားပါတော့ မီဒီယာလွတ်လပ်ခွင့် အနည်းအကျဉ်းရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်။ ပြည်သူလူထုက သူတို့ရဲ့ ဆန္ဒတွေကို ထိုက်သင့်သလျောက် အတိုင်းအတာတခု လွတ်လပ်စွာ လုပ်ခွင့်ရတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်တိုင်က ပြည်သူ့အသံ လွှတ်တော်အသံလို့ ပြောတာပဲ။ ဒါပေမဲ့ ဘာသွားတွေ့လဲဆိုတော့ လက်တွေ့ကျတော့ ဘာမှ အကောင်အထည် မဖော်ပေးဘူး။ အဲဒီတော့ အနေအထားက ဘာသွားတွေ့လဲဆိုတော့ မင်းတို့ကို လွတ်လပ်ခွင့်ပေးမယ်၊ ပြောချင်ရာပြော။ အဲဒီအဆင့်က သူတို့အနေနဲ့ နိုင်ငံရေးအရ အမှတ်ရတယ်။ ဒါပေမဲ့ လက်တွေ့ ဘာမှလုပ်မပေးနိုင်ဘူး။

ကိုသားညွှန့်ဦး ။ ။ လက်ရှိဖွဲ့စည်းပုံက အထောက်အကူ မဖြစ်စေဘူးဆိုတာ ဘယ်လို အချက်တွေမျိုးလဲ ထောက်ပြလို့ရမလား။

ကိုလွင်ကိုလတ် ။ ။ အသွင်ကူးပြောင်းမှုကို အထောက်အကူ မပြုဘူးဆိုတာ အရမ်းရှင်းတယ်ဗျာ။ ဥပမာ ဒီအခြေခံဥပဒေဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်ဆိုရင် ပြင်ရမယ်ဆိုတာ လူတိုင်းသိတဲ့ကိစ္စ။ ဒါပေမဲ့ အဲဒီလို ပြင်ရမယ့်ကိစ္စမှာ တဖက်က (၄၃၆) က အရမ်းအခုအခံ ဖြစ်နေတယ်။ အဲဒီတော့ ပထမဦးဆုံး တကယ် စေတနာမှန်နဲ့ ပြုပြင်ပြောင်းလဲမှုကို တကယ် သွားမယ်ဆိုလို့ရှိရင် ဒီ Amendment Procedure ဟာ ပိုပြီးတော့ လွယ်ကူအောင်။ ပိုပြီးတော့ ဒီမိုကရေစီနည်းကျ ပြောင်းလဲနိုင်အောင် သူတို့ဘက်စပြီး ကြိုးစားပေးရမယ်။ ဒါကို ကျနော် ပြောတာပါ။

ကိုသားညွှန့်ဦး ။ ။ သူတို့ဘက်ကလဲ အခုတော့ ဖွဲ့စည်းပုံ ပြင်ဖို့အတွက် လိုအပ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဖို့အတွက် လမ်းဖွင့်ပါတယ်လို့တော့ ပြောနေပါတယ်။ အစိုးရပိုင်းကရော၊ လွှတ်တော်ပိုင်းကရော။ အဲဒီတော့ ဘာတွေ အခက်အခဲ ရှိလို့လဲ။

ကိုလွင်ကိုလတ် ။ ။ ဒါပေမဲ့ ဖွဲ့စည်းပုံ ပြင်ဖို့လိုအပ်တယ်လို့ ပြောပေမဲ့ အခုပြည်တွင်းမှာ အသံတွေ ပိုပိုကျယ်လာတာက ဘာတွေက အဓိကဖြစ်နေသလဲဆိုတော့ အစိုးရပိုင်းဖက်က သူတို့ lobby လုပ်တဲ့အပိုင်းတွေ၊ သူတို့လုပ်တဲ့ အပိုင်းတွေက ဘာသွားတွေ့လဲဆိုရင် အခုဆိုရင် PR ကို တင်ချင်တဲ့အပိုင်းတွေ ရှိလာတယ်။ PR ကို တင်တယ်ဆိုတာ ၂၅ ရာခိုင်နှုန်းကိုလည်း မလျှော့ဘူး။ PR ကိုလည်း ထပ်တင်အုံးမယ်။ ဒါမျိုးတွေ လုပ်လာတဲ့အပိုင်းတွေကို ကြည့်ရလို့ရှိရင် သူတို့က ပြင်ဆင်ဖို့ထက်စာလို့ရှိရင် အာဏာကို ဆက်လက်ကိုင်စွဲရေးဖက်ကို ပိုပြီး ဦးတည်နေတယ်ဆိုတာ အရမ်းထင်ရှားတယ်။ နောက်တခုက ကျနော်တို့က အပြောင်းအလဲက ပြည်သူဆီကို မရောက်သေးဘူး။ ပြည်သူလူထုက ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို ပြောမယ်။ အဓိက ဘာပြောချင်လဲဆိုရင် ဥပမာ လွှတ်တော်ရဲ့ ဘတ်ဂျက်တွေ။ နိုင်ငံတော်အစိုးရ ချပေးလိုက်တဲ့ ဘတ်ဂျက်တွေ တော်တော်များများဟာ ၂၀၁၃-၂၀၁၄ မှာ ဆိုလို့ရှိရင် ပြည်သူလူထုဆီကို တိုက်ရိုက်မရောက်ဘူး။ တခါ ပွင့်လင်းမြင်သာမှုမရှိတဲ့အပိုင်းက ကန်ထရိုက်ပေးတဲ့အပိုင်းမှာ ဥပမာ ပြောရလို့ရှိရင် ကျောင်းတကျောင်းဆောက်ဖို့အတွက် သိန်း ၄၅၀ လောက် ချပေးတယ်။ အဆင့်အဆင့် ကန်ထရိုက်တွေနဲ့ ပေးလိုက်တာက အောက်ခြေကို ရောက်တဲ့အခါမှာ သိန်း ၂၀၀ လောက်ပဲ ကျန်တော့တယ်။ ဒါမျိုးတွေက အများကြီးပဲ။ ဒါတွေက ပြည်သူတွေ သိတာမဟုတ်ဘူး။ လွှတ်တော်ကလည်း ပြောတယ်။ ပြည်သူထဲက အသံတွေကလည်း ရှိနေတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရက ဒါတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ အရမ်းလစ်ဟင်းနေတာကို တွေ့ရတယ်။ အဲဒီတော့ ဒီလိုလစ်ဟင်းမှုက ဘာဖြစ်လဲဆိုတော့ လွတ်လပ်မှုတော့ပေးတယ်။ ပြောတာတွေလည်း ပြောကြတာပဲ။ ဒါပေမဲ့ ပြည်သူဘာပြောပြော ငါတို့က ဒီအတိုင်းပဲဆိုတာ ဖြစ်နေတယ်။ ဒါက သာမန်လူ နားလည်အောင်ပြောတာ။ အပြောင်းအလဲက ပြည်သူဆီ မရောက်ဘူး။ နောက်တခု ပိုဆိုးတာက ပြည်သူလူထုက ၂၀၁၂ နောက်ပိုင်း NLD ရွေးကောက်ပွဲ ဝင်သွားတဲ့အချိန်မှာ အပြောင်းအလဲတခုခုများ ရှိမလားလို့ သူတို့ မျှော်လင့်တယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ပြည်သူက ဘာမှ မခံစားရဘူး။ နောက်တခါ ပိုဆိုးသွားတာက ပြည်သူလူထုရဲ့ အမြင်မှာ မြေသိမ်းယာသိမ်းကိစ္စတွေ။ တချိန်တုန်းက သူတို့မျက်စိရှေ့မှာတင် ကစားနေတဲ့ ကစားကွင်းတွေ။ ဘာလိုပဲပြောပြော သူတို့ မျက်စိထဲမှာ ရှိနေတဲ့ နေရာတွေ အဆောက်အအုံတွေက တချိန်တုန်းက အစိုးရပိုင်တွေ။ အခု ပုဂ္ဂလိပိုင်တွေ ဖြစ်သွားကြတယ်။ ဒါပေမဲ့ အဲဒီလူတွေကလဲ စောစောကပြောသလို အစိုးရနဲ့ နီးစပ်တဲ့ လူတွေပဲဖြစ်တယ်။ တချိန်တုန်းက ပြည်သူလူထုက သူတို့ပိုင်တယ်လို့ မြင်တဲ့အရာအားလုံးဟာ ဒီအသွင်ကူးပြောင်းမှု ကာလအောက်မှာ တခြားလူပုဂ္ဂိုလ်တွေနဲ့ ခရိုနီပိုင်တယ်ဆိုတာကို သူတို့ မျက်စိထဲမှာ မြင်သွားရတာတွေ အများကြီး။ ဒါကြောင့်မို့ ဒီအပြောင်းအလဲဟာ ဒီအခြေအနေဟာ ဘယ်လိုမှ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေအထိတော့ မဖြစ်သေးဘူး။

ကိုသားညွှန့်ဦး ။ ။ အစိုးရ အသုံးစရိတ်ကိစ္စကို နောက်ပိုင်းမှာ မေးပါမယ်။ ပထမ မေးခွန်းကို ပြန်ကောက်ချင်ပါတယ်။ ဒီနောက်ပိုင်းမှာ အပြောင်းအလဲတွေ တိုးတက်မှုတွေ တန့်သွားတယ်။ တချို့အခြေအနေတွေ ဆိုးလာတယ်ဆိုတာ ဘာကြောင့်လို့ ထင်လဲ။ ရွေးကောက်ပွဲ နီးလို့လား။

ကိုလွင်ကိုလတ် ။ ။ ရွေးကောက်ပွဲ နီးတာလည်း အဓိက ကျမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ က အားလုံးအတွက် အရေးကြီးတာပေါ့။ ကျနော်တို့က ဒီ ၂၀၁၅ ကို မြင်စေချင်တဲ့ပုံစံက ပါတီတွေ၊ လူမျိုးစုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားလို့ မြင်တာမျိုးကိုတော့ ကျနော်တို့ သိပ်မကြိုက်ဘူး။ တကယ်တမ်း မြင်ရမှာက တနိုင်ငံလုံး အကျိုးစီးပွားလို့ မြင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ စောစောက ပြောသလို ၂၀၁၅ မှာ ရွေးကောက်ပွဲမှာ နိုင်ဖို့ပဲ စဉ်းစားနေကြတာနဲ့စာရင် ပြည်သူကို အာမခံနိုင်တဲ့ နိုင်ငံရေးစနစ်တခု တည်ဆောက်ဖို့နဲ့ ပြည်သူကို အာမခံနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်မှုတွေ။ အဲဒါတွေကို လုပ်ဖို့ပိုပြီးတော့ အကုန်လုံးက ဇောင်းပေးသင့်တယ်။ ကျနော် ပြောချင်တာ လက်ရှိအစိုးရကော၊ အတိုက်အခံပါတီဖြစ်တဲ့ NLD၊ တိုင်းရင်းသားတွေကော အဲဒါကို ပိုပြီးဇောင်းပေးစေချင်တယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် ပြည်သူလူထုက နိုင်ငံရေးအပေါ်ကို မြင်တဲ့အမြင်က သူတို့ မျှော်လင့်ချက်တွေ လျော့သွားတယ်ဆိုရင် ဒါ မကောင်းဘူး။

ကိုသားညွှန့်ဦး ။ ။ အခု ကိုလွင်ကိုလတ်အနေနဲ့ လက်ရှိ နိုင်ငံတကာမှာလည်း တွေ့မှာပဲ နိုင်ငံတကာအစိုးရတွေလည်း မြန်မာနိုင်ငံအစိုးရနဲ့ အတော်လေး နီးနီးကပ်ကပ် ဆက်ဆံလာတာရှိတယ်။ သူတို့ကလဲ ပြောနေတာက အခုနောက်ပိုင်း တိုးတက်မှု နှေးသွားတယ်ပေါ့။ နိုင်ငံတကာရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ ဒီအစိုးရအဖွဲ့ကို ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ ဘယ်လိုမြင်သလဲ။

ကိုလွင်ကိုလတ် ။ ။ နိုင်ငံတကာက ချဉ်းကပ်တာကတော့ သံတမန်အရေးရဖြစ်သလို၊ တချို့ကိစ္စတွေမှာ အရမ်းသိမ်မွေ့လွန်အားကြီးနေတယ်။ ဒါပေမဲ့ ကျနော်ထင်တယ် ကျနော်တို့က ၂၀၁၅ နီးလာပြီ၊ သိပ်ပြီးတော့ သိမ်သိမ်မွေ့မွေ့ ဝေ့လည်ကြောင်ပတ် လုပ်နေလို့ မရတော့ဘူး။ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ ပြည်သူမြင်လာအောင်၊ နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီအစိုးရကို ဝိုင်းပြီးတော့ တွန်းအားပေးဖို့ လိုမယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ မတိုင်ခင်မှာ အခြေခံဥပဒေ ပြုပြင်ပြောင်းရေးကို တစုံတရာ မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ ၂၀၁၅ ဟိုဘက်ပေါ်လာတဲ့ အစိုးရက လက်ရှိ အစိုးရနဲ့ ဘာမှကွာခြားမှု ရှိမှာမဟုတ်ဘူး။ ဒါကြောင့်မို့ နိုင်ငံတကာက ဟုတ်တယ် သံတမန်ရေးအရ ချဉ်းကပ်တာတွေကို လက်ခံပါတယ်။ သို့သော်လဲ ဒီအခြေအနေမှာတော့ စီးပွားရေးတွေ၊ သံတမန်ရေးတွေထက် ပြည်သူလူထုအမြင်မှာ တကယ့် အပြောင်းအလဲဖက်ကို မျှော်လင့်လို့ရနိုင်တဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ၊ အခြေခံဥပဒေ ပြောင်းလဲမှုတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပိုမိုပေါ်ပေါက်လာအောင်လို့ နိုင်ငံတကာက ဒီအချိန်မှာ ပိုပြီးတော့ ဇောင်းပေးပြီး ချဉ်းကပ်သင့်တယ်လို့ ယူဆတယ်။

ကိုသားညွှန့်ဦး ။ ။ နိုင်ငံတကာနဲ့ ပတ်သက်လို့ပါပဲ။ တချို့ မြင်ကြတာက နိုင်ငံတကာအစိုးရအဖွဲ့တွေက မြန်မာအစိုးရက ပြောင်းတာကနည်းနည်း ကိုယ့်ဘက်က နိုင်ငံတကာက ပြောင်းတာများများ။ အထူးသဖြင့် အမေရိကန်မှာဆိုရင် လွှတ်တော်ဘက်က အစိုးရကို ဝေဖန်တယ်။ အိုဘားမားအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ သိပ်နီးကပ်လွန်တယ်၊ အလျှော့ပေးလွန်တယ်ဆိုပြီးတော့ သူတို့ မြင်နေကြတယ်။ ဝေဖန်ကြတယ်။ ဒါနဲ့ ပတ်သက်လို့။

ကိုလွင်ကိုလတ် ။ ။ ကျနော် အဲဒီအမြင်ကိုတော့ ကျနော်တို့နဲ့ သဘောထားတူတယ်ပေါ့။ ကျနော်နဲ့ သဘောထားတူတယ်လို့ ထင်တယ်။ စောစောက ပြောသလို ၂၀၁၂ တုန်းက သမ္မတအိုဘားမား လာခဲ့တယ်။ သူမလာခင် ခရီးစဉ်ရှေ့မှာ အပြောင်းအလဲတွေ ရှိခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်။ အဲဒီလိုမျိုး ဖြေလျှော့မှုတွေ ရှိတယ်။ ဒါပေမဲ့ ၂၀၁၂ နောက်ပိုင်းမှာ ဖြေလျှော့မှုက အရမ်းနည်းသွားပြီ။ ကျနော်တို့ အခု အရမ်းစိတ်ဝင်စားနေတာက အိုဘားမား ခရီးစဉ်။ သူ ဒီခရီးစဉ်ကို လာတဲ့အခါမှာ ၂၀၁၂ တုန်းက လာခဲ့တဲ့ ခရီးစဉ်နဲ့ အခုလာတဲ့ ခရီးစဉ်တွေထဲမှာ ဗမာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေရှိသလဲဆိုတာကို လက်တွေ့ကျကျ သူပြောနိုင်ဖို့ လိုလိမ့်မယ်။ သူလာတဲ့အခါမှာလဲ အဲဒီ မေးခွန်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။

ကိုသားညွှန့်ဦး ။ ။ ဘာတွေ ပြောစေချင်လဲ။

ကိုလွင်ကိုလတ် ။ ။ စောစောက ပြောသလိုပေါ့ အဓိက အရေးကြီးတာကတော့ နိုင်ငံရေးမှာ အခြေခံဥပဒေတွေက အရေးကြီးတယ်။ ဒီ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ လက်တွေ့ကျတဲ့ ပြောင်းလဲမှုဖြစ်စေ။ ဒါမှမဟုတ် ဒီပြောင်းလဲမှုကို တွန်းအားပေးနိုင်တဲ့ … ကျနော် ဒီအချိန်မှာ မြင်တာကတော့ တွေ့ဆုံဆွေးနွေးရေးတွေပေါ့။ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ တချို့ကလဲ လေးပွင့်ဆိုင် ပြောနေကြတယ်။ ဒါမျိုး တွေ့ဆုံဆွေးနွေးရေးတွေက ပိုအရေးကြီးတယ်။ ဒါမျိုးတွေကိုဖြစ်အောင်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တွန်းအားပေးသင့်တယ်။ ဒီ နှစ်ခု - တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် တွန်းအားပေးမလား။ ဒါမှမဟုတ် အစိုးရဟာ အိုဘားမားအစိုးရ ခရီးစဉ်မတိုင်မီ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က တိကျတဲ့ ပြောင်းလဲလိုမှုကို ခိုင်ခိုင်မာမာပြဖို့ လိုတယ်။ အဲဒီလို ဖြစ်အောင် တွန်းအားပေးသင့်တယ်လို့ ထင်တယ်။

ကိုသားညွှန့်ဦး ။ ။ တွေ့ဆုံဆွေးနွေးရေးလို့ ပြောရအောင် အခု သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့တွေ တွေ့ကြတယ်။ အမျိုးသားဒီမိုကရေစီခေါင်းဆောင်နဲ့လည်း တွေ့တာတွေ ရှိပါတယ်။ ၈၈ ခေါင်းဆောင်တွေနဲ့ တွေ့တာတွေလည်း ရှိပါတယ်။ အဲဒီတော့ ဘယ်လိုမျိုး တွေ့ဆုံဆွေးနွေးရေးလဲ။

ကိုလွင်ကိုလတ် ။ ။ နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြည်သူရဲ့ ထောက်ခံမှု အားကောင်းတဲ့လူတွေ Legitimacy အားကောင်းတဲ့လူတွေက တွေ့ပြီးတော့ နိုင်ငံရေးအဖြေရှာတာဟာ ပိုပြီးခိုင်မာလိမ့်မယ်လို့ ထင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရှင်းနေတာတွေကို ရှုပ်အောင်လုပ်တဲ့ ဖြစ်စဉ်မျိုး အဲဒါမျိုးတွေနဲ့ နိုင်ငံရေးကို ဝေ့လည်ကြောင်ပတ် သွားနေတာကတော့ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတဲ့နိုင်ငံတိုင်းမှာတော့ ရွေးကောက်ပွဲတွေ မလာခင်မှာ နိုင်ငံမှာအသီးသီး အာဏာရနေတဲ့ ခေါင်းဆောင်၊ အတိုက်အခံဘက်က ခေါင်းဆောင်တွေ၊ သြဇာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြားထဲမှာ တကယ်ခိုင်မာတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ၊ အဖြေရှာနိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေနဲ့ သွားခဲ့တာ။ အခု ကျနော်တို့ မြန်မာနိုင်ငံအနေအထားက ရှုပ်တယ်။ ကျနော်မြင်တာ ရှုပ်အောင်လည်း လုပ်နေတယ်လို့ ထင်တယ်။ လက်ရှိလဲပဲ MPC ကနေ တနိုင်ငံလုံး အပစ်ရပ်စဲရေးဆိုတာ လုပ်နေတာရှိတယ်။ ဒါပေမဲ့တကယ်တမ်းကြတော့ အပစ်ခတ်ရပ်စဲပြီးသာ အဖွဲ့အစည်းတွေက အများကြီးပါ။ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့က နှစ်ဖွဲ့လောက်ပဲရှိတယ်။ ဒါမျိုးတွေလဲ ရှိတယ်။ ဆိုလိုချင်တာက ဒီအချိန်မှာ စောစောက ပြောသလို တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စ၊ NLD နဲ့ တွေ့ဆုံဆွေးနွေးတာ၊ တပ်မတော်တို့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုဆီကို ဦးတည်စေချင်တယ်။ ဒီအချိန်မှာ ထပ်ပြီးတော့ ပါတီအနိုင်ရရှိရေးနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့အစည်းကိုပဲ ဦးတည်နေမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည် အနာဂတ်က မကောင်းဘူးဗျ။ ဒါကြောင့်မို့ ၂၀၁၅ အခင်းအကျင်းနဲ့ ၂၀၁၅ အလွန်မှာ ဘယ်လို လုပ်မလဲဆိုတာကို သတ္တိရှိရှိနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသင့်တဲ့အချိန် ရောက်နေပြီလို့ ထင်တယ်။

ကိုသားညွှန့်ဦး ။ ။ နောက်ဆုံးအပိုင်းတခု မေးချင်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က တက်လာကတည်းကပြောတယ်။ အာဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဆိုပြီးတော့ ကော်မရှင်တွေလည်း ဖွဲ့ပြီးတော့ လုပ်ကိုင်နေတာရှိတယ်။ တကယ်ပဲ လက်တွေ့ကျကျ မြန်မာနိုင်ငံမှာ အာဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေ လုပ်နိုင်နေပြီလား။

ကိုလွင်ကိုလတ် ။ ။ လုံးဝ မလုပ်နိုင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်က လက်ရှိ အစိုးရနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်တွေနဲ့ ပတ်သက်ပြီး အတိုင်းအတာတခုအထိ သိတယ်။ ကျနော်တို့ဘက်က လုပ်နေတာတွေလည်းရှိတယ်။ ဘတ်ဂျက်တွေရဲ့ တဝက်လောက်ဟာ လုံးဝ အကျင့်ပျက်အာဂတိ လိုက်စားမှုတွေထဲမှာ ပါသွားတယ်။ နောက်တခါ ခင်များတို့လဲ ကြားမှာပါ လွှတ်တော်မှာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဆိုတာရှိတယ်။ ဒီကော်မတီကနေ နောက်ပိုင်းထုတ်ထားတဲ့ဟာတွေဆိုရင် လွှတ်တော်ကနေ ချပေးလိုက်တဲ့ ဘတ်ဂျက်တွေဟာ အစိုးရအဖွဲ့ အကြီးအကဲတွေရဲ့ အကျင့်ပျက်ချစားမှုအောက်ထဲမှာ တဝက်လောက် ပျောက်သွားတယ်ဆိုတာ သူတို့ တရားဝင် လွှတ်တော်မှာ ပြောထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဆောင်ရွက်သင့်တယ်လို့တော့ ငွေစာရင်းပူးပေါင်းရေး ကော်မတီက လွှတ်တော်မှာပြောတာ။ ဒါပေမဲ့ သမ္မတက အဲဒါတွေကို ကြပ်ကြပ်မတ်မတ် လုပ်နိုင်တာ မတွေ့ဘူး။

ကိုသားညွှန့်ဦး ။ ။ ကိုလွင်ကိုလတ် ကျေးဇူးအများကြီး တင်ပါတယ်။

ကိုလွင်ကိုလတ် ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG