သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိမ်းဆည်းလယ်ယာများ ပြန်လည်ရရှိရေး


မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂတာဝန်ခံ မစုစုနွေ
မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂတာဝန်ခံ မစုစုနွေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အစိုးရက သိမ်းဆည်းထားတဲ့ မြေယာတချို့ ပြန်ရတာမျိုးတွေ ရှိပေမယ့် လယ်ယာလုပ်ခွင့် မပေးတော့တာမျိုး ခြိမ်းခြောက်ခံဝန်ချက်တွေ ထိုးရတာမျိုးတွေ ရှိတယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂတာဝန်ခံ မစုစုနွေး က ပြောပါတယ်။ သိမ်းဆည်းလယ်ယာတွေ ပြန်လည်ရရှိရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ မစုစုနွေးကို ကိုဇော်ဝင်းလှိုင် က ရန်ကုန် ဗွီအိုအေရုံးမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ မစုစုနွေး အခုလို ဗွီအိုအေကို လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။


မစုစုနွေး ။ ။ ဟုတ်ကဲ့ ကျမတို့ကလည်း ဗွီအိုအေဌာနကို ကျေးဇူးတင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ၂၀၁၂ မှာ ကျနော်တို့ သိရတာက တောင်သူလယ်သမား ဥပဒေဆိုတာမျိုး လွှတ်တော်က ပြဌာန်းပြီးတော့ ပေါ်လာတယ်၊ လုပ်ဆောင်လာတာတွေရှိတယ်။ အစိုးရဖက်ကလည်း အောက်ကနေ မစုစုနွေးတို့လို တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်တွေအရ၊ တောင်သူလယ်သမားတွေရဲ့ တောင်းဆိုချက်တွေအရ သူတို့ဖက်ကလည်း ဥပဒေတွေ ပြဌာန်းပြီး ကော်မတီတွေဖွဲ့ပြီး လုပ်လာတာရှိတယ်။ အဲဒီလို ကော်မတီတွေဖွဲ့ လုပ်လာတာက တောင်သူလယ်သမားတွေအတွက် အကျိုးရှိတာကို တွေ့ရသလား။ ဘယ်လိုပုံစံ ဖြစ်လာသလဲ။


မစုစုနွေး ။ ။ လယ်ယာမြေဥပဒေ ၂၀၁၂ မတ်လ (၃၀) ရက်နေ့က သူတို့ ထုတ်ပြန်တယ်။ (၃၁) ရက်နေ့မှာ အကြုံဝင်တာကစပြီး ကျမတို့ လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီးတော့ လယ်ယာမြေ အငြင်းပွားမှုပြဿနာတွေ အများကြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ တက်လာတာ ကျမတို့နိုင်ငံအတွက် အကြီးမားဆုံး ပြဿနာလို့ ကျမတို့ မြင်ပါတယ်။ အဲဒီမှာ ကျမတို့ ဘာတွေ့ရသလဲဆိုတော့ ဒီဥပဒေရဲ့ နောက်ဆက်တွဲမှာ လယ်ယာမြေတွေကို ၁၉၈၈ ခုနှစ်က သိမ်းဆည်းတယ်။ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို လွှတ်တော်ထဲကနေ မြေယာနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ဆိုပြီး ဖွဲ့စည်းတယ်။ ဒါ ဦးတင်ထွဋ်က ဥက္ကဋ္ဌ။ ဖွဲ့စည်းတာ ကျေးရွာအဆင့်အထိပေါ့။ ကော်မတီတွေ ဖွဲ့စည်းတယ်။ လယ်ယာမြေ ပြဿနာတွေက အခုလိုမျိုး ရင်ဆိုင်နေရတာတွေက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း မြင်တွေ့သွားပါတယ်။ ကျမတို့နဲ့ တောင်သူလယ်သမားတွေကိုလည်း ကျမတို့ရှေ့တင် ကတိကဝတ်တွေ ပေးသွားခဲ့တာကိုလည်း မြင်ရပါတယ်။ ဒါတွေက မှန်ကန်နေပါတယ်။ “ကျနော်တို့တောင် အခုလို မြင်ရတွေ့ရတာ ရင်တောင်တုန်ပါတယ်” ဆိုပြီးတော့။ ဒီအစီရင်ခံစာတွေကို သေသေချာချာ တင်ပြီးတော့ ဆုံးဖြတ်ပေးပါမယ်ဆိုပြီးတော့ ကတိကဝတ်တွေ ပေးသွားပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်တဲ့အခါကြတော့ ကျမတို့ ဒီ အစီရင်ခံစာတွေကို ကြည့်လိုက်တဲ့အခါမှာ တောင်သူလယ်သမားတွေဖက်က မှန်ကန်တဲ့ဖက်က ရပ်ပြီးတော့ သူတို့ စုံစမ်းစစ်ဆေးခဲ့သလို ကျမတို့ရှေ့မှာ ကတိကဝတ်တွေ ပေးခဲ့သလို အစီရင်ခံစာမှာ ရေးတင်ထားတာကို ကျမတို့ မတွေ့ရပါဘူး။ ဒီလုပ်ငန်းရှင် ကုမ္ပဏီဖက်က လိုက်ပြီးတော့ ဘက်လိုက်တဲ့အနေနဲ့ ရေးတင်ထားတာတွေကို တွေ့ရပါတယ်။ ဒါကြောင့်မို့ သိမ်းဆည်းခံ တောင်သူလယ်သမားက မြေယာဥပဒေနဲ့ မြေယာဖြေရှင်းရေးကော်မတီတွေရဲ့ ဆုံးဖြတ်ချက်မှာ နစ်နာမှုတွေ အများကြီး ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ၂၀၁၂ လယ်ယာမြေဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ သဘောက အသိမ်းခံထားရတဲ့မြေတွေ၊ လယ်သမားတွေဆီက သိမ်းထားတဲ့မြေတွေ၊ လယ်သမားတွေ လျှောလျှောရှုရှုနဲ့ ပြန်ရသွားတဲ့ သာဓကမျိုးတွေ ရှိဖူးသလား။ မစုစုနွေးတို့ ကြားဖူးသလား။ ဥပမာ ဥပဒေတော့ ပြဌာန်းလိုက်ပြီ ကဲ မတရားသိမ်းထားတဲ့ စောစောကလို လွှတ်တော်ကော်မရှင်က၊ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က လာပြီးစုံစမ်းတယ်။ မှားနေတယ်၊ မတရား အသိမ်းခံထားရတယ်ဆိုတာလည်း သိတယ်။ ဒီလယ်မြေကို လယ်သမားက မူလပိုင်ရှင်ဖြစ်တဲ့အတွက် သူကိုပဲ ပြန်ပေးလိုက်ပါဆိုပြီး အဲဒီလိုမျိုး လျှောလျှောရှုရှု ပြန်ပေးလိုက်တာမျိုး ရှိဖူးသလား။


မစုစုနွေး ။ ။ ကျမတို့ တွေ့ဖူးတာ၊ ကျမတို့ တိုင်းနဲ့ပြည်နယ် သွားနေတာပါ။ ၂၀၁၂ လယ်ယာမြေဥပဒေအရ ဒါကတော့ မှန်ကန်နေတယ်။ ခင်များ ချက်ချင်း ဆုံးဖြတ်ပေးလိုက်တယ်။ နစ်နာတဲ့လူ ယူသွားဆိုတာမျိုး မရှိခဲ့ပါဘူး။ ကိုယ်မှန်ရက်နဲ့ အမှန်တရား ပေါ်ပေါက်ပြီးတော့ ကိုယ်လယ်ယာမြေ ကိုယ့်လက်ထဲပြန်ရောက်ဖို့ကို နည်းမျိုးစုံနဲ့ ကြိုးစားပြီး ခက်ရာခက်ဆစ် ရခဲ့တာပါ။ အဲဒီလိုမျိုး ရခဲ့တောင်မှ ကုမ္ပဏီတောင်မှ ကိုယ့်ခြေထောက်ပေါ် ရပ်တည်တဲ့ ကုမ္ပဏီက သိမ်းထားတဲ့၊ စီမံကိန်းအောင်မြင်တဲ့ လယ်ယာမြေတွေဆိုရင် ဒါက တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီး မြေယာကော်မတီအဖွဲ့ကနေ ဖိအားပေးပြီးတော့ ပေးခိုင်းတာ။ အစိုးရနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်တဲ့ လုပ်ငန်းရှင်အကြီးစားတွေဖြစ်တယ်။ အခုခေါ်နေတဲ့ ခရိုနီတွေ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေဆိုရင် လယ်သမားတွေ တောင်းဆိုတာတို့၊ လယ်သမားရေး ဆောင်ရွက်သူတွေ သွားပြီးတော့ ကူညီဆောင်ရွက်ပေးတယ်ဆိုရင် လယ်သမားရေး ဆောင်ရွက်တဲ့သူတွေကို ပုဒ်မ (၁၈) နဲ့ တရားစွဲတယ်။ လယ်သမားတွေဆိုရင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး ထောင်ချတာမျိုးတွေရှိတယ်။ တပ်မတော်က သိမ်းတာတွေဆိုရင် ကျမတို့ နည်းမျိုးစုံနဲ့ ပြန်ရတာတွေရှိတယ်။ မရသေးတာတွေ ရှိတယ်။ အဲဒီလို ရတဲ့လူတွေကလည်း ပေးတဲ့အခါကြရင် ဘယ်လို ပေးသလဲဆိုတော့ လုပ်ပိုင်ခွင့်ပေးတာ မဟုတ်ဘူး။ လုပ်ပိုင်ခွင့်ဆိုတာ ပုံစံ (၁) နဲ့ လျှောက်ပြီး ပုံစံ (၇) ချပေးတာ လုပ်ပိုင်ခွင့်။ အဲဒီလို လုပ်ပိုင်ခွင့် မရဘူး။ တပ်မတော်သိမ်းဆိုပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်သိမ်းနယ်မြေ ပြန်ပေးထားပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီလို ပြောတဲ့အခါမှာ ပေးတဲ့ လယ်ယာမြေတွေက လုပ်ပိုင်ခွင့် မပေးဘူး။ ပုံစံ (၁) လျှောက်ပြီးတော့ ပုံစံ (၇) ချပေးတာ မဟုတ်ဘူး။ ပေးတဲ့အခါမှာ မြို့နယ်အုပ်ချုပ်ရေးမှုးတွေရဲ့ ရုံးမှာ မြေယာကော်မတီတွေ အကုန်လုံးထိုင်ပြီးတော့ “ခင်များတို့ အေးအေးဆေးဆေးနေကြ၊ ဟိုတိုင်ဒီတိုင် မလုပ်နဲ့ အေးအေးဆေးဆေးနေ၊ ဘာပြဿနာမှ မကြားချင်ဘူး။ ဒီလယ်ယာမြေတွေကို လုပ်ကိုင်စားသောက်။ ခင်များတို့ အေးအေးဆေးဆေး မနေရင် အချိန်မရွေး ပြန်သိမ်းလို့ ရပါတယ်” ဆိုတဲ့ ကတိကဝတ်တွေနဲ့ လက်မှတ်ထိုးပြီး ပေးတာမျိုးတွေကို ကျမတို့ တွေ့ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ စုံစမ်းရေးကော်မရှင်က သူ့ရဲ့ လုပ်ဆောင်ချက်တွေက သူတို့ စုံစမ်းပြီးရင် ၂၀၁၂ က ပြဌာန်းခဲ့တဲ့ ဒီဥပဒေနဲ့ လုပ်ဆောင်ချက်တွေနဲ့ ဘယ်လို ချိန်းဆပြီး သူတို့လုပ်သလဲ။ သူတို့ စုံစမ်းလို့ ရတာတွေကို ဘယ်ကို တင်ပြသလဲ။ အစိုးရကို တင်ပြတာလား။ လွှတ်တော်ကို တင်ပြတာလား။ ဘယ်သူက ဆုံးဖြတ်သလဲ။ ဒါမှမဟုတ် တိုင်းဒေသကြီး အစိုးရကနေ သက်ဆိုင်ရာ မြို့နယ်ကျေးရွာ အုပ်စုတွေကို ပြန်ပြီးတော့ ညွှန်ကြားချက် ပြန်ပေးတာလား။ စုံစမ်းရေးကော်မရှင်က ရလာတဲ့အဖြေတွေကို။


မစုစုနွေး ။ ။ ကျမတို့ သိထားတာတော့ သူတို့နဲ့ အစည်းအဝေးတွေမှာ မေးခဲ့တဲ့ မေးခွန်းတွေ ရှိပါတယ်။ သူတို့ ကျမတို့ကို ဖြေတာကတော့ သူတို့က သိမ်းဆည်းခံမှု မြေယာနဲ့ အခြားမြေယာ စုံစမ်းရေးကော်မရှင်။ ကျနော်တို့က စုံစမ်းစစ်ဆေးပြီးတော့ ဒါက ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်ထဲကို တင်ပေးရုံပါ။ ဆုံးဖြတ်မှာက လက်ရှိ အစိုးရအဖွဲ့အစည်းက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျနော်တို့က ဆုံးဖြတ်လို့ မရပါဘူးလို့ ကျမတို့ကို ဒီလိုပြောထားတာရှိတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုနောက်ပိုင်းမှာလည်း သူတို့ နည်းနည်းလေး လယ်သမားအချင်းချင်း မကျေနပ်တာတို့။ ကျနော်တို့ကြားတာ လယ်ယာမြေတွေ ပြန်ချပေးတယ်။ တချို့ကိစ္စတွေ ပြန်ပေးတယ်။ အချင်းချင်း မကျေနပ်အောင် လုပ်တယ်ဆိုတဲ့ ပုံစံမျိုး အသံတွေလည်း ထွက်နေတော့ အဲဒါက ဘယ်လိုမျိုး ဖြစ်တာလဲ။


မစုစုနွေး ။ ။ နံပတ်တစ် ကျမတို့ ဘယ်ကနေ စတွေ့ရသလဲဆိုရင် ပြင်ဦးလွင်။ ပြင်ဦးလွင်မှာ တဖက်နဲ့တဖက် သိမ်းဆည်းခံထားရတဲ့ တောင်သူလယ်သမားတွေကို တဖက်က ကုမ္ပဏီ၊ တဖက်က ဒေသခံတောင်သူလယ်သမားတွေ။ သိမ်းဆည်းခဲ့တာက အစိုးရက သိမ်းဆည်းခဲ့တယ်။ သိမ်းဆည်းတုန်းက ၂၀၁၂ လယ်ယာမြေဥပဒေနဲ့အညီ နစ်နာကြေး၊ လျော်ကြေးပေးခဲ့တာတွေ မရှိဘူး။ မရှိတော့ အစိုးရက သိမ်းပြီးတော့ ကုမ္ပဏီကို ချပေးလိုက်တယ်။ ကုမ္ပဏီက ကော်ဖီ စီမံကိန်းကို အောင်မြင်စွာ မလုပ်နိုင်ဘူး။ ဘာ ကော်ဖီပင်မှလဲ မရှိဘူး။ အဲဒီတော့ ၂၀၁၂ လယ်ယာမြေဥပဒေ ထွက်လာတဲ့အခါ လယ်သမားတွေက ဒါ စီမံကိန်း မအောင်မြင်တဲ့အတွက် ကျနော်တို့ လိုချင်တယ်ဆိုပြီးတော့ တောင်းတဲ့အခါကြတော့ လယ်သမားတွေကို မပေးဘဲနဲ့ ကုမ္ပဏီဘက်ကို လိုက်တယ်။ လယ်သမားတွေက ဝင်လုပ်မယ်ဆိုပြီးတော့ အကြောင်းကြားတဲ့အခါကြတော့ ဟိုဘက် ကုမ္ပဏီဘက်က လူမိုက်တွေငှားပြီးတော့ လယ်သမားတွေကို ဖုန်းဆက်ခေါ်ပြီးတော့ ရိုက်မှုတွေဖြစ်လို့၊ ဆေးရုံတွေဘာတွေ တင်ရတာတွေရှိတယ်။ အခု တရားရုံးမှာ တရားရင်ဆိုင်နေရတာတွေ ရှိတယ်။ ဒါက ကျမတို့ တွေ့ရတယ်။ နံပတ်နှစ်က ဟင်္သာတမြို့နယ် ကျောက်ရဲကျေးရွာအုပ်စုမှာ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပြောခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ကလည်း ပြောခဲ့တယ်။ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးတွေ ဘယ်လိုပဲပြိုပြို နယ်နမိတ် သတ်မှတ်ထားတဲ့ မျဉ်းကြောင်းက ဘယ်တော့မှ မပြောင်းလွှဲဘူးဆိုတာကို ပြောကြားထားတယ်။ ဒါကို မြို့နယ်အုပ်ချုပ်ရေးမှုးတွေက လေးစားလိုက်နာမှု မရှိဘဲနဲ့ နှစ်ဖက် တောင်သူလယ်သမားအချင်းချင်းကို ပဋိပက္ခဖြစ်အောင် တုတ်တပျက် ဒါးတပျက် သွေးထွက်သံယိုဖြစ်အောင်။ အမျှော်မျဉ်းအတိုင်း မခွဲပေးဘဲနဲ့ ဒီဘက်က ဆန္ဒထုတ်ဖော်လို့ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်လို့ဆိုပြီး ဧရာဝတီတိုင်းဘက်ကဆိုင်တဲ့ မြေနုကျွန်းကို ပဲခူးတိုင်းဘက်ကို ချပေးလိုက်တယ်။ ကျမ သွားကြည့်တဲ့အခါကြတော့ ဧက (၇၇၀) ရှိတဲ့ မြေနုကျွန်းက အမျှော်မျဉ်းအတိုင်း ခွဲမယ်ဆိုရင် ဧရာဝတီတိုင်းဘက်က တဖက်၊ ပဲခူးတိုင်းဘက်က တဖက်။ အဲဒီတော့ ပဲခူးတိုင်းဘက်က တဖက်ကို ပဲခူးသားတွေကို မချဘဲနဲ့ ဧရာဝတီတိုင်းဘက်ကို ကျော်ပြီးတော့ ချထားပေးခြင်းဟာ တောင်သူလယ်သမားအချင်းချင်း ပဋိပက္ခဖြစ်အောင်၊ သွေးထွက်သံယိုဖြစ်အောင်။ ပြည်သူအချင်းချင်းကို ရန်တိုက်ပေးထားတာကို ကျမတို့ မြင်ရတယ်။ အဲဒါတင် မဟုတ်ဘူး ဧရာဝတီတိုင်း အလန်းကြီးမြို့နယ်မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေကို အများစုကို ချပေးပြီးတော့ နစ်နာတဲ့ တောင်သူလယ်သမားတွေက သွားပြီးတော့ တောင်းဆိုတဲ့အခါမှာလည်း သူတို့ကိုလည်း ချပေးလိုက်တယ်။ ချပေးလိုက်တဲ့အခါကြတော့ ဟိုဘက်က အများစု နဲ့ အနည်းစု ပဋိပက္ခဖြစ်အောင် ဖန်တီးထားတာမျိုးတွေ တွေ့ရတယ်။ ဒါတွေက ကျမတို့ မြင်တွေ့ရတာတွေပေါ့။ ဒီလိုမျိုး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးမှုတွေက ၂၀၁၄ မှာ ကျမတို့ လယ်သမားအရေး ဆောင်ရွက်တဲ့လူတွေအနေနဲ့ မြင်တွေ့ရတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ တဖက်မှာ မစုစုနွေးတို့လို တခြား တောင်သူလယ်သမားအရေးကို တက်တက်ကြွကြွ လှုပ်ရှားနေသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတာတွေ မရှိဘူးလား။ အာဏာပိုင်တွေဘက်ကဖြစ်ဖြစ်၊ ခရိုနီတွေဘက်ကဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေဘက်ကဖြစ်ဖြစ် အဲဒီလိုကြုံဖူးလား။


မစုစုနွေး ။ ။ ကျမကိုတော့ အဲဒီလိုမျိုး တိုက်ရိုက်ခြိမ်းခြောက်တာမျိုးတွေတော့ မရှိဘူး။ ကျမတို့ သွားလို့ရှိရင် ကျမကိုတော့ တိုက်ရိုက်လာပြီးတော့ မခြိမ်းခြောက် မပြောဘူးပေါ့။ ဒါပေမဲ့ ကျမတို့ တောင်သူလယ်သမားခေါင်းဆောင်တွေကို ကျမ ဘယ်သွားမယ်။ ဘယ်လာမယ် အစ။ နောက်ဘိတ်ဆုံး ဘယ်ခုံနံပါတ်မှာ စီးမယ်ဆိုတဲ့အစ သူတို့ မေးတာမျိုးတွေရှိတယ်။ နောက်တခု ကျမတို့ သွားတဲ့အခါကြရင် နောက်က နောက်ရောင်ခံပြီးတော့ လိုက်တာမျိုးတွေရှိတယ်။ ကျမကို တိုက်ရိုက်ခြိမ်းခြောက်တာမျိုးတွေ မရှိဘူး။ ဒါပေမဲ့ သူတို့ ဖန်တီးနေတဲ့အကွက်ကို ကျမတို့ မြင်တယ်။ လယ်သမားအချင်းချင်းကို နယ်မြေခံရဲကအစ မလာဘဲနဲ့ အခုလို ရန်တိုက်ပေးတဲ့ကြားထဲမှာ ကျမတို့ ရှိနေမယ်။ ကျမတို့ ရှိနေမယ်ဆိုရင် ပြည်သူတွေလုပ်လို့ ကျမတို့ ထိခိုက်သေသွားတာပါလို့ ဖန်တီးထားတာမျိုးကိုတော့ မြင်ရပါတယ်။ သူတို့ မလာတဲ့အတွက် ပြည်သူတွေက သူတို့ကို လုပ်လိုက်တာပါ။ ပြည်သူတွေတောင် လက်မခံတော့ဘူး။ နိုင်ငံရေးသမားတွေ လယ်သမားရေး ဆောင်ရွက်တဲ့သူတွေ၊ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူတွေ ပြည်သူတွေက လက်မခံလို့ သွေးထွက်သံယိုတွေ ဖြစ်ပြီးတော့ အခုလိုမျိုး သေကျေပျက်စီးတာ ရှိပါတယ်ဆိုတာမျိုးကို ကမ္ဘာကို အစားထိုးဖို့အတွက်ကို ပြည်သူအချင်းချင်း ကြားထဲမှာ ကျမတို့ကို။ ကျမတို့က မနေဘူးလေ သွားမယ်။ အဲဒီလိုမျိုး ချပြနေတယ်လို့ မြင်နေပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အဲဒါတွေရဲ့ အခု ဖြစ်လာတာလဲ နှစ်နဲ့ချီကြာလာပြီ။ ဒီဟာတွေရဲ့ အကျိုးရလဒ်ကို ဘာမြင်သလဲ။ ရှေ့အနာဂတ်မှာ ဆိုကြပါစို့။ အခု ၂၀၁၄ က ကုန်တော့မယ်။ ၂၀၁၅ မှာ ဘယ်လို အလားအလာမျိုး မြင်မိသလဲ။


မစုစုနွေး ။ ။ ကျမတို့ နံပတ်တစ်အချက်အနေနဲ့ ပြောမယ်ဆိုရင် ၂၀၁၂ လယ်ယာမြေဥပဒေ ထွက်ပြီးနောက်ပိုင်းမှာ လယ်သမားတွေကို ထောင်ချောက်ဆင်ပြီးတော့ (၄၄၇)၊ (၄၂၇) တွေနဲ့ တရားစွဲဖို့အတွက်ကို သူတို့ ထောင်ချောက်ဆင်ထားတဲ့ အချက်တစ်ချက်ကို အောင်မြင်စွာနဲ့ လယ်သမားတွေကို ထောင်ထဲ ထည့်နိုင်ခဲ့တယ်။ ဒုတိယအချက်အနေနဲ့ ၂၀၁၄ မှာ စလာပြီ။ လယ်သမားအချင်းချင်း ပဋိပက္ခဖြစ်အောင်၊ သွေးထွက်သံယိုတွေဖြစ်အောင်၊ သေကျေပျက်စီးအောင် အဲဒီကြားထဲမှာ ပါဝင်မယ့် ဖြေရှင်းဆောင်ရွက်ပေးမယ့် လူမှုအဖွဲ့အစည်းတွေ အသက်အန္တရာယ်တွေ စိုးရိမ်ရအောင် ဖန်တီးထားတယ်။ အဲဒီတော့ ၂၀၁၄ ကုန်၊ ၂၀၁၅ မှာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအရ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲတွေ စတော့မှာဖြစ်တယ်။ အဲဒီမှာ ကျမတို့ စိုးရိမ်ပါတယ်။ ၂၀၁၅ ကျရင် လောင်စာအဖြစ် ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားတွေကို နိုင်ငံရေးရဲ့ ပရိယာရ်တွေ၊ နိုင်ငံရေးရဲ့ ထောင်ချောက်တွေထဲမှာ ဘယ်လောက်အထိ အသုံးချပြီးတော့ ဆောင်ရွက်မလဲဆိုတာမျိုး ကျမတို့ စိုးရိမ်ပါတယ်။ အားလုံးအတွက်ကို ကျမတို့ စိုးရိမ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ မစုစုနွေး ကျေးဇူးတင်ပါတယ်။


မစုစုနွေး ။ ။ မြန်မာနိုင်ငံ တောင်သူလယ်သမားအားလုံးရဲ့ကိုယ်စား ဗွီအိုအေသတင်းဌာနကိုလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG