သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့ဆုံးဖြတ်


ကုလသမဂ၈အထွေထွေညီလာခံအတွင်း မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း (မတ် ၂၄၊ ၂၀၂၂၃)
ကုလသမဂ၈အထွေထွေညီလာခံအတွင်း မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း (မတ် ၂၄၊ ၂၀၂၂၃)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ပါဝင်ပတ် သက်တယ်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိတယ်လို့ နယူးယောက်မြို့ ဖယ်ဒရယ်တရားရုံးတခုကနေ အမိန့်ချလိုက်ပါပြီ။ နယူးယောက်မြို့ ဖယ်ဒရယ်တရားသူ ကြီး Nelson S.Roman ရှေ့မှောက်မှာ ရှစ်ရက်ကြာ ကြားနာစစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် သူ့မှာအပြစ်ရှိ ကြောင်းတွေ့ရှိခဲ့တာလို့ နယူးယောက်တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက ဇူလိုင် ၂၄ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဒီ ပြစ်မှုအတွက်အပြစ်ဒဏ်ကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ တရားသူကြီး Roman ကပဲ အမိန့်ချမှာဖြစ်တယ်လို့ တရားရေးရုံးထုတ်ပြန်ချက်က ဖော်ပြပါတယ်။ နိုင်ငံခြားသံအရာရှိတဦးကို တိုက်ခိုက်ဖို့ ကြံရွယ်တယ်ဆိုတဲ့ စွဲချက်မှာ အပြစ်ရှိကြောင်း တရားရုံးက စီရင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
နယူးယောက်မှာနေထိုင်သူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်ကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၅ ရက်တဝိုက်မှာ မြန်မာသံအမတ်ကြီးကို ထိခိုက်ဒဏ်ရာရအောင် ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ တရားရေးဌာနထုတ်ပြန်ချက်က ဖော်ပြပါတယ်။ သူဟာ အဲဒီကာလအတွင်း ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာစစ်ကောင်စီရဲ့လက်နက်ပွဲစားတဦးနဲ့ အဆက်အသွယ်လုပ်ခဲ့ပြီး သံအမတ်ကြီးရဲ့အတွင်းသတင်းနဲ့ သံရုံးရဲ့အတွင်းသတင်းတွေကို ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် သံအမတ်ကြီးကို ရာထူးကထွက်အောင်ဖိအားပေးတဲ့အနေနဲ့ သံအမတ်ကြီးကို လူငှားတိုက် ခိုက်ဖို့ အဲဒီလက်နက်ပွဲစားဆီကနေ ငွေလက်ခံရယူခဲ့တယ်လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။ သူ နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ရုံးမှာ သံအမတ်ကြီးရဲ့ လုံခြုံရေးဆောင်ရွက်ပေး နိုင်အောင်ဆိုတဲ့အကြောင်းပြချက်နဲ့ အနီးကပ်နေပြီး သံအမတ်နဲ့ သံရုံးအချက်အလက်တွေကို ထိုင်းက လက်နက်ပွဲစားဆီပေးပို့ခဲ့တယ်လို့ နယူးယောက် တောင်ပိုင်းခရိုင် တရားရေးရုံးက ရှေ့နေ Damian Williams က ပြောပါတယ်။
ဒီလုပ်ရပ်တွေအတွက် သူ့မှာ အပြစ်ရှိတယ်ဆိုတာကို ဂျူရီအဖွဲ့က တညီတည်းဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ နိုင်ငံရပ်ခြားအရာရှိတဦးကို တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်အရဆိုရင် သူ့ကို ထောင်ဒဏ် ငါးနှစ်အထိ အများဆုံး ပြစ်ဒဏ်ပေးနိုင်တယ်လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦီးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာသိမ်းခံရတဲ့ အရပ်သားအစိုးရကိုပဲ သူ ကိုယ်စားပြု‌ကြောင်း ကုလသမဂ္ဂမှာ ရပ်တည်ခဲ့တာပါ။
မြန်မာစစ်ကောင်စီကတော့ သူ့ကို ရာထူးကထုတ်ပယ်တယ်လို့ ကြေညာပြီး လူစားထိုးဖို့ ကြိုးစားခဲ့ပါသေး
တယ်။ ဒါပေမယ့် မြန်မာစစ်ကောင်စီဖက်က ကိုယ်စားပြုမှုတင်သွင်းသူကို ကုလသမဂ္ဂ အထွေထွေညီလာခံ က လက်မခံတဲ့အတွက် ဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂမှာ ဆက်ရှိနေသလို နယူးယောက်မှာရှိတဲ့ မြန်မာသံရုံးဟာလည်း မြန်မာအရပ်သားအစိုးရကိုပဲ ဆက်လက် ကိုယ်စားပြု ရပ်တည်နေပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG