သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း လုပ်ကြံဖို့ ကြံစည်မှု သံသယတရားခံ အပြစ်ရှိကြောင်းဝန်ခံ


သံအမတ်ကြီး ဦးကျော်မိုးထွနး
သံအမတ်ကြီး ဦးကျော်မိုးထွနး

Zawgyi

သံအမတ်ကြီး ဦးကျော်မိုးထွန်း လုပ်ကြံဖို့ ကြံစည်မှု သံသယတရားခံ အပြစ်ရှိကြောင်းဝန်ခံ

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသား ရဲဟိန်းဇော်က အပြစ်ရှိကြောင်း ဝန်ခံလိုက်တယ်လို့ နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးက သောကြာနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းသံအမတ်ကြီးဦးကျော်မိုးထွန်းကို ထိခိုက်ဒါဏ်ရာရစေအောင်၊ သို့မဟုတ် အသက်သေဆုံးအောင်အထိ အမေရိကန်မြေပေါ်မှာ လုပ်ကြံတိုက်ခိုက်ဖို့ကြံစီရာမှာပါ ဝင်ခဲ့ကြောင်း ရဲဟိန်းဇော်က သောကြာနေ့မှာ ဝန်ခံထွက်ဆိုခဲ့ကြောင်း တောင်ပိုင်းခရိုင် တရားရုံးက တရားလိုရှေ့နေ Damian Williams က ပြောဆိုပါတယ်။
အခုအခါမှာ ရဲဟိန်းဇော်ဟာ သူ့ရဲ့အမှုအတွက် အပြစ်ဒါဏ်ချမှတ်တာကို စောင့်ဆိုင်းနေရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီးကို အပြင်းအထန်ဒဏ်ရာရအောင် ဒါမှမဟုတ် သတ်ဖြတ်ဖို့ ဇူလိုင်လ လောက်ကနေ သြဂုတ်လဆန်း တဝိုက်လောက်အတွင်း လျှို့ဝှက်ကြံစည်ခဲ့ကြောင်းလည်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန် အာဏာပိုင်တွေရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ပူးပေါင်းကြံစည်မှုမှာ ပါဝင်ဝင်သူအဖြစ် စွပ်စွဲခံထားရသူ တဦးဖြစ်တဲ့ ဖြိုးဟိန်းထွဋ် ဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ထိုင်းနိုင်ငံကလက်နက်ပွဲစား တဦးနဲ့ ဆက်သွယ် တိုင်ပင်ခဲ့တယ်လို့လည်းဆိုပါတယ်။ လက်နက်ပွဲစားနဲ့ တိုင်ပင်ရာမှာ သံအမတ်ကြီးရာထူးက ဖယ်ရှားပေးအောင် အပြင်းအထန်ဒဏ်ရာရတဲ့အထိလုပ်ဖို့ ဒါမှမဟုတ် အပြတ်ရှင်းပစ်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

လုပ်ကြံမယ့် အစီအစဉ်အတွက် စွပ်စွဲခံထားရသူ နောက်တယောက်ဖြစ်တဲ့ ရဲဟိန်းဇော်ကို ဒေါ်လာ ၄ ထောင် ၂ ကြိမ် လွှဲပေးခဲ့ပြီး၊ နောက်ထပ် ၁ ထောင်ထပ်ပေးဖို့လည်း သဘောတူခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားတာပါ။ ဖမ်းဆီးခံထားရသူတွေကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ်ဆိုရင်တော့ အမြင်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း တရားဝင် ပြောဆိုထားပြီး၊ အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာတင်ပြနေသူ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီ ကတော့သံအမတ်ကြီးကို ရာထူးကဖယ်ရှားထားပြီး၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ အလိုရှိနေတဲ့အကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်


##

Unicode







XS
SM
MD
LG