သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူနည်း


ထိုင်းမြန်မာနယ်စပ် - မဲဆောက်ဖက်ကနေ လှမ်းမြင်နေရတဲ့ မြဝတီမြို့။
ထိုင်းမြန်မာနယ်စပ် - မဲဆောက်ဖက်ကနေ လှမ်းမြင်နေရတဲ့ မြဝတီမြို့။

မဟာသင်္ကြန်ကာလမှာ မဲဆောက်−မြဝတီ နယ်စပ်လမ်းကနေ နှစ်စဉ် သောင်းနဲ့ချီပြီး နေရပ်ပြန်နေကြတဲ့ မြန်မာ ရွေပြောင်းအလုပ်သမားတွေဟာ ဒီနှစ်မှာတော့ ရာဂဏန်းလောက်ပဲ နေရပ်ပြန်ကြပါတယ်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတာကြောင့်ရော၊ နေရပ်ပြန်တဲ့အခါ လမ်းခရီးမှာ အစစ်ဆေးတွေများပြီး ဖမ်းဆီးတာတွေရှိတာရောကြောင့် နေရပ်ပြန်တဲ့ မြန်မာအလုပ်သမား နည်းပါးလာတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းမှာရော၊ မလေးရှားနိုင်ငံမှာပါ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေပြောင်း အလုပ်သမားတွေဟာ ဒီနှစ်မှာတော့ ကရင်ပြည်နယ်အတွင်းမှာ မတည်ငြိမ်မူတွေကြောင့် နေရပ်ပြန်သူတွေ နည်းပါးသွားပါတယ်။

မဟာသင်္ကြန်ကာလ အလုပ်ပိတ်ရက်ရည်ရှည်ရတဲ့ မြန်မာတွေဟာ မဲဆောက်−မြဝတီ အမှတ် (၁) ချစ်ကြည်ရေးတံတားဂိတ်ကနေ နှစ်စဉ် သောင်းနဲ့ချီပြီး နေရပ်ပြန်နေကြတာပါ။ အခုအခါမှာတော့ နေရပ်ပြန်တဲ့ အလုပ်သမားတွေ နည်းပါးလာတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေကလည်း ဆိုပါတယ်။

“မြဝတီနယ်စပ် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတော့ ထိုင်းနိုင်ငံက အလုပ်သမားတွေက ပြန်လို့ မရတော့ဘူးဆိုပြီး မပြန်ကြတော့ဘူး။ တချို့ ရွာနီးချုပ်စပ်သမားတွေပဲ ပြန်ကြတယ်။ နီးနီးနားနားသမားပဲ ပြန်ကြတာ။ လမ်းတွေက ပိတ်ဆို့တာလည်းများတယ်။ အရင်ကဆို ဒီလို ရက်တွေဆို မဲဆောက်ကနေ ပြန်ကြတဲ့သူတွေက ကားတွေတောင် မရကြဘူး နေဖို့ထိုင်ဖို့က။ မြဝတီမှာ ကားတွေစောင့်ရတာ၊ ပြည်တွင်းထဲ ပြန်ဝင်ဖို့က ညအိပ်စောင့်ရတာတွေ ရှိတယ်။ အခုကတော့ လူတွေသိပ်မရှိကြဘူး။ နည်နည်းပဲရှိတယ်။”

နေရပ်ပြန်ကြသူတွေ အနေနဲ့ ဖမ်းဆီး စစ်ဆေးတာတွေ ကြုံနေရတာကြောင့်လည်း မပြန်ကြတာလို့ ဆိုပါတယ်။

“တချို ရပ်ရွာတွေပြန်ကြတော့ ဘယ်ကနေပြန်လာတာလည်း ဆိုပြီး စစ်ဆေးမူတွေ ရှိနေတယ်။ ဆိုတော့ ပြန်ဖို့က ခက်ခဲပြီး ပြန်လို့မရဲကြဘူး။ ကရင်ပြည်နယ်ထဲမှာ မာရှယ်လောထုတ်ထားတဲ့အတွက် မှတ်ပုံတင်မပါလို့ ပြန်နိုင်ရင်တောင် တခါတည်း PDF ဆိုပြီး စွပ်စွဲပြီး ဖမ်းလိုက်တာပဲ။ ပြည်တွင်းထဲ ပြန်ဝင်ရင်လည်း ဂိတ်တွေက အများကြီးပဲ။ သူတို့စစ်တပ်က စစ်နေတဲ့ ဂိတ်တွေက အများကြီးပဲ။ ဝါးတလုံးထိုး (ဝါးတလုံးနဲ့ တားပြီးစစ်တဲ့ဂိတ်) ဂိတ်တွေကအများကြီးပဲ။”

ကိုဗစ်ကပ်ဘေးကြောင့် ၃နှစ်နီးပါး မဲဆောက်−မြဝတီ ချစ်ကြည်ရေးတံတား (၁) ပိတ်ထားတာကြောင့် သင်္ကြန်ကာလမှာ နေရပ်ပြန်သူ များနိုင်တယ်လို့ ယူဆထားပေမယ့် အခုအခါမှာတော့ သင်္ကြန်အကြိုနေ့ကစပြီး ရာဂဏန်းလောက်ပဲ နေရပ်ပြန်သူ ရှိနေပါတယ်။ အရင်တုန်းကဆိုရင် နေရပ်ပြန်သူတွေကို သင်္ကြန်ကာလ ဧပြီလအတွင်းမှာ ထိုင်းဘက်က ဗီဇာကင်းလွတ်ခွင့်ပေးတာ၊ နေရပ်ပြန်တာ ပြန်ဝင်တာတွေအတွက် အခမဲ့ စီစဉ်ပေးတာ ရှိပေမယ့် ဒီနှစ်မှာတော့ ပြန်တဲ့သူနည်းတာကြောင့် အဲဒီလို အစီစဉ်တွေလည်း လုပ်ပေးတာမရှိပါဘူး။

အရင်ကတော့ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ သောင်းနဲ့ချီတဲ့ မြန်မာ ရွေ့ပြောင်း အလုပ်သမားတွေဟာ ဒီ မဲဆောက်−မြဝတီလမ်းကနေ သင်္ကြန်ကာလမှာ နေရပ်ကိုပြန်ကြပြီး အလှုအတန်းလုပ်တာ၊ ရှင်ပြုတာတွေ၊ မိဘတွေကို ပြန်ကန်တော့ကြတာတွေ လုပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် အဲဒီလို အလှုအတန်းလုပ်တာတွေလည်း သိပ်မရှိတော့ဘူးလို့ ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG