သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးရာသီတွင်း မြဝတီတောလမ်းသွားလာရခက်ပြီး အာရှလမ်း ပြန်ပွင့်နိုင်ဖို့ မျှော်လင့်


ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တပ်ဖွဲ့ဝင်တွေ ရန်ကုန်-မြဝတီဆက်သွယ်ထားတဲ့ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးကို လုံံခြုံရေးယူနေစဥ်။ (စက်တင်ဘာ ၂၄၊ ၂၀၂၃)
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တပ်ဖွဲ့ဝင်တွေ ရန်ကုန်-မြဝတီဆက်သွယ်ထားတဲ့ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးကို လုံံခြုံရေးယူနေစဥ်။ (စက်တင်ဘာ ၂၄၊ ၂၀၂၃)

မိုးရာသီတွင်း မြဝတီတောလမ်း သွားလာရခက်ခဲနေပြီး မြို့တွင်းကုန်စည် စီးဆင်းနိုင်ဖို့နဲ့ ခရီးသွားလာသူတွေ အခက်ကြုံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် အသွားအလာတားမြစ်ထားတဲ့ အာရှလမ်းကို ပြန်အသုံးပြုနိုင်ဖို့ ဒေသခံတွေနဲ့ ကုန်သည်တွေမျှော်လင့်နေကြပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အပါအဝင် တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေကြားကတိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို အသွားအလာ တားမြစ်ထားတာပါ။ ခရီးသွားတွေနဲ့ ကုန်စည်သယ်ယူသူတွေဟာ မြဝတီတောလမ်းကို အဓိကထား အသုံးပြုနေပြီး အခု မိုးတွင်းအခါမှာတော့ သွားလာရအတော်လေး ခက်ခဲနေတယ်လို့ ပြောပါတယ်။

"အခြေအနေက ဘယ်လောက်ထိ ဖြစ်နေလဲဆိုရင် မိုးတအားရွာလို့ရှိရင် သွားလာဖို့က အဆင်မပြေဘူး။ လမ်းဟောင်းကျပြန်တော့လည်း အစကတည်းက အတက် တရက်၊ အဆင်းတရက် လုပ်ထားတဲ့လမ်းဆိုတော့ အခုဟာက အတက်ကို ၃ ရက်၊ အဆင်းကို ၃ ရက်တဲ့။ အခုက ကျနော်တို့ကားပြန်ဆင်းဖို့ မဆင်းရသေးဘူး။ မဆင်းရသေးဘူးဆိုတာ လမ်းမှာဘယ်နှစ်ရက်ကြာလို့ ကြာမယ်မှန်းမသိတဲ့အတွက်ကို ဆင်းဖို့အခက်တွေ့နေတယ်။ တောလမ်း ၃ လမ်း ရှိတယ်ဗျာ။ ၃ လမ်းလုံး အခုက ဘယ်လမ်းမှအဆင်မပြေနေဘူး။ ကျနော်တို့ တက်လာတဲ့နေ့တုန်းက ကားတိုင်းလိုလို လယ်ထွန်စက်နဲ့ ဆွဲရပြုရတာ ရှိတယ်လေ။ ကျနော်တို့ကားလည်း ဆွဲရတယ်လေ။ မိုးရွာရင်တော့ ဘယ်လိုမှ အဆင်မပြေဘူးဗျ။"

မိုးတွင်းမှာ လမ်းပျက်စီးပြီး ကားကြီးတွေ လမ်းချော်တိမ်းမှောက်တာရှိသလို၊ ကားသေးနဲ့ သွားလာသူတွေလည်း ညအိပ်ခရီးသွားလာနေရတယ်လို့ ပြောပါတယ်။ အာရှလမ်းကတော့ ပစ်ခတ်မှုတွေရှိနေလို့ အခုချိန်ထိ မဖွင့်နိုင်သေးပေမယ့် အာရှလမ်းမကြီးမှာ ပြန်သွားလာနိုင်ဖို့ မျှော်လင့်နေကြတာပါ။

"အာရှလမ်းဖွင့်ပေးမှပဲ အဆင်ပြေမှာ။ အခုလည်း မိုးတအားရွာလို့ရှိရင် သူတို့ကားတွေ မပေးတက်ဘူး။ အာရှလမ်းကြီးပဲ ဖွင့်စေချင်တာလေ။ အဲဒါမှပဲ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေမှာကိုး။ ဒီအတိုင်းဆိုရင် အရှေ့မှာ ဝါဆို၊ ဝါခေါင်ဆိုရင် လမ်းက ဆိုးသထက် ဆိုးလာဖို့ပဲ ရှိတော့တာလေ။"

လမ်းပန်းဆက်သွယ်ရေး အဆင်မပြေလို့ ကုန်ကျစရိတ်က အရင်ထက် ပိုတိုးလာနေပါတယ်။ ပြည်တွင်းမှာ သုံးစွဲနေတဲ့ ထိုင်းကုန်စည်တွေလည်း စျေးတက်နေပါတယ်။ မြဝတီမြို့ထဲမှာတော့ ပြည်တွင်းထွက်ကုန်တချို့ ပြတ်လပ်နေပြီး ထိုင်းကုန်စည်ကိုသုံးစွဲဖို့ကလည်း ကုန်ကျစရိတ်ပိုများတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"တချို့ပစ္စည်းတွေဆို လုံးဝပြတ်သွားပြီးတော့ ဟိုတလောက ဆန်တို့၊ ကြက်ဥတို့ဆို လုံးဝပြတ်ပြီးတော့မှ စျေးတအားထောင်တက်သွားတယ်။ အခုဘတ် စျေးနဲ့ကျတော့ ယိုးဒယားဘတ်စျေးကလည်း စျေးကောင်းတယ်လေ။ ဟိုရက်ပိုင်း လုံးဝပစ္စည်းပြတ်သွားတဲ့ရက်ကဆို ရွှေဘိုဆန် ၆ ပြည်တအိတ်ကို ၆၂,၀၀၀ ပေးဝယ်ခဲ့ရတယ်။ ဒါတောင် ဆန်ဆိုင်မှာလုံးဝမရလို့ အဲဒီလမ်းပေါ်မှာ သူတို့က စားဖို့ဝယ်လာတဲ့အထဲက ညီမတို့ကို ရောင်းပေးလိုက်တာ။ အင်တာနက်လိုင်းဆိုလည်း မြန်မာဆင်းကဒ်တွေဆိုရင် လုံးဝမရဘူး။ ထိုင်းဆင်းကဒ်ကလည်း ဟိုးတုန်းကတော့ လိုင်းအခြေအနေက ကောင်းတယ်။ အခုနောက်ပိုင်းကျတော့ ထိုင်းဆင်းကဒ်တွေလည်း လိုင်းမကောင်းဘူး။ မြဝတီမြို့ထဲမှာက ထိုင်းဝိုင်ဖိုင်သုံးကြတယ်။ အခု အဲဒီဝိုင်ဖိုင်တွေပျက်တာလည်း ၄ - ၅ ရက်ရှိပြီ။"

ထိုင်းဘက်ကနေ စားသောက်ကုန်ဝယ်ယူနိုင်ဖို့ လမ်းကြောင်းလွယ်ကူပေမယ့် အခုလို မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မှာ ပြည်ပကုန်စည်သုံးစွဲနိုင်ဖို့က ခက်ခဲနေတယ်လို့ ပြောပါတယ်။ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ပင်ထားချိန်မှာ အခုအသုံးပြုနေတဲ့ ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းနဲ့ ကြက်ဥတောင်လမ်းတွေဟာ မိုးရွာတဲ့အရှိန်ကြောင့် ပျက်စီးနေပြီး သွားလာရခက်ခဲနေတာပါ။ မြဝတီလမ်းမှာ သွားလာနေကြတဲ့ ကုန်တင်ယာဉ်တွေနဲ့ ခရီးသွားကား မောင်းသူတွေကတော့ မဖြစ်မနေသွားလာရမယ့် ကိစ္စရှိမှသာ အသွားအလာလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG