သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီး သေဆုံးသူ ၄၈ ဦးအထိရှိပြီ


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ရတဲ့ တောမီးလောင်ကျွမ်းမှုမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ရှာဖွေရေးအဖွဲ့ဝင်တွေ ထပ်မံတွေ့ရှိခဲ့တဲ့အတွက် သေဆုံးသူအရေအတွက် စုစုပေါင်းဟာ အခုဆိုရင် ၄၈ ယောက်အထိ ရှိသွားပါပြီ။

လူဦးရေ ၂ သောင်း ၇ ထောင်ရှိပြီး၊ ရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၇ ထောင်ကျော် ဆုံးရှုံးခဲ့ရတဲ့ Paradise မြို့နဲ့ အနီးတဝိုက်မှာတော့ ရှာဖွေရေးအဖွဲ့တွေက အနံ့ခံခွေးတွေ၊ DNA မျိုးဗီဇ စစ်ဆေးမှုတွေနဲ့ ရှာဖွေနေကြတာပါ။ ပျောက်ဆုံးနေသူ အရေအတွက်ကတော့ ၂၀၀ ကျော် ရှိနေဆဲဖြစ်ပါတယ်။ မြို့ရဲ့ မြောက်ဖက်နဲ့ အရှေ့ဖက်မှာ တောမီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ်ပြီး၊ အရေးပေါ်ဝန်ထမ်းတွေလည်း ရှာဖွေရေး လုပ်ငန်းတွေ ဆက်လုပ်နေကြတာပါ။

မနေ့ကထပ်မံ ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်း ၆ လောင်းဟာ နေအိမ်တွေမှာ တွေ့ခဲ့တာဖြစ်ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အတတ်နိုင်ဆုံး သတိပေးခဲ့ကြောင်းနဲ့ လက်ရှိမီးဘေးအန္တရာယ်ကို ဖြေရှင်းပြီးနောက်ပိုင်းမှာတော့ ရှေ့အနာဂတ်အတွက် သင်ခန်းစာယူနိုင်စရာတွေကို လေ့လာနိုင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ကယ်လီဖိုးနီးယား ပြည်နယ်ဟာ တောမီးလောင်ကျွမ်းမှုနဲ့ နှစ်စဉ်ကြုံရလေ့ရှိပြီး အထူးသဖြင့် ပူနွေးခြောက်သွေ့ပြီး၊ လေတိုက်တဲ့ အချိန်မျိုးမှာ ပိုမိုပျံ့နှံ့လေ့ရှိတတ်ပါတယ်။ တောမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်သမား ထောင်ချီကြိုးပမ်းနေကြပြီး၊ မနေ့နှောင်းပိုင်း အထိကတော့ မီးလောင်ကျွမ်းမှုရဲ့ ၃၅ ရာခိုင်နှုန်းလောက်ကို ထိန်းနိုင်ခဲ့တာပါ။ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG