သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဒီမိုကရေစီ ကျဆုံးပြီလော


 တရားရုံးချုပ်ရှေ့ လုံခြုံရေးရဲများ နေရာယူထား။
တရားရုံးချုပ်ရှေ့ လုံခြုံရေးရဲများ နေရာယူထား။

ကမ္ဘောဒီးယားနိုင်ငံမှာ အတိုက်အခံပါတီကို တရားရုံးချုပ်က ဖျက်သိမ်းလိုက်တာကြောင့် တပါတီစနစ်အုပ်ချုပ်ရေး ကို ပိုပြီး ခိုင်မာသွားစေပြီဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘောဒီးယားမှာ ဒီမိုကရေစီကိုတည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်း ခဲ့တာတွေ သဲထဲရေသွန်ဖြစ်သွားပြီလို့ ဝေဖန်သူတွေကပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရေး နောက်ဆုံးအခြေအနေအကြောင်း David Boyle ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

တရားသူကြီး ကိုးဦးပါ တရားရုံးချုပ်က တညီတညွတ်ထဲဆုံးဖြတ်ပြီး ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP ကို ဖျက်သိမ်းလိုက်သလို ပါတီဝင် ၁၁၈ ယောက်ကို နောက်ငါးနှစ်အတွင်း ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုမျိုးမှ မလုပ်ရဘူးဆိုပြီးတော့လဲ ပိတ်ပင်လိုက်ပါတယ်။ အစိုးရကိုဖြုတ်ချမယ့် ပြည်ပကျောထောက်နောက်ခံပြု အစီအစဉ်တခုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP က CNRP ကို စွပ်စွဲပြီးတော့ တရားစွဲခဲ့တဲ့အပေါ် တရားရုံးချုပ် က CPP ဘက်ကနေ ဆုံးဖြတ်ပေးခဲ့တာပါ။

အစိုးရကိုဖြုတ်ချမယ့် ဘယ်လိုအကြံအစည်မျိုးကိုမှ အားပေးတာမလုပ်ခဲ့ဘူးလို့ အာဏာရပါတီက စွပ်စွဲတာခံရတဲ့ အမေရိကန်နဲ့ တခြား ပြည်ပနိုင်ငံတွေက ငြင်းထားပါတယ်။

နောက်နှစ်မှာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမတိုင်ခင် ဝန်ကြီးချုပ်ဟွန်ဆန်က အတိုက်အခံတွေကို နှိမ်နင်းနေတာမှာ အခု တရားရုံးချုပ်ဆုံးဖြတ်ချက်က နောက်ဆုံးထွက်လာတာပါ။ ဒီ့မတိုင်ခင်မှာ CNRP ခေါင်းဆောင် Kem Sokha ကို နို်င်ငံတော် ပုန်ကန်မှုနဲ့ စွပ်စွဲဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ CNRP လွှတ်တော်အမတ် အများအပြား နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။ ကမ္ဘောဒီးယားမှာ ကျန်နေသေးတဲ့ လွတ်လပ်တဲ့သတင်းစာတွေထဲက တခုဖြစ်တဲ့ The Cambodia Daily သတင်းစာကိုလဲ ပိတ်သိမ်းခဲ့ပါတယ်။ မပေးဆောင်ရသေးတဲ့ အခွန်ကြွေးကျန် အမြောက်အများပေးဆောင်ဖို့ ထုတ်ဝေသူတွေကို ငွေတောင်းခံစာ ပို့ခဲ့ပြီးတဲ့နောက် သတင်းစာကို ပိတ်သိမ်းခဲ့တာပါ။ ဒီအခွန်ငွေကိစ္စဟာ လုပ်ကြံထားတာလို့ သတင်းစာ ထုတ်ဝေသူတွေကပြောပါ တယ်။

ကမ္ဘောဒီးယားမှာ ယုံကြည်နိုင်လောက်စရာ တခုတည်းသော အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်တာကြောင့် တပါတီစနစ်နိုင်ငံ တနိုင်ငံဖြစ်သွားသလို ဒီမိုကရေစီထူထောင်ရေး ၂၅ နှစ်ကျော် ကြိုးပမ်းခဲ့တာတွေ နိဂုံးချုပ်သွားပြီလို့ ဝေဖန်သူတွေကပြောပါတယ်။

ကမ္ဘောဒီးယားမှာ ဒီမိုကရေစီမျိုးစေ့ချဖို့ ကြီးမားတဲ့ရန်ပုံငွေပမာဏ ဒေါ်လာ ၁.၆ ဘီလီယံ အစီအစဉ်နဲ့ ၁၉၉၂ ခုနှစ်ကပြီး ကုလ သမဂ္ဂက ကူညီခဲ့တာပါ။ အဲဒီအချိန်ကစလို့ ဒီမိုကရေစီနည်းကျ အစိုးရသစ်ကိုကူညီဖို့ ကုလသမဂ္ဂဝန်ထမ်းတွေ အလုံးအရင်းနဲ့ လာရောက်ခဲ့ကြပါတယ်။ ကမ္ဘောဒီးယား အသွင်ကူးပြောင်းရေး ကုလသမဂ္ဂ အာဏာပိုင်အဖွဲ့ကို ထူထောင်ပြီး လုပ်ကိုင်ခဲ့ကြပါ တယ်။ ဒီလို ကူညီလုပ်ဆောင်တာကြောင့် အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေရှိခဲ့ရုံသာမက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကနေရော၊ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ရောက်လာတဲ့ ပြည်ပတပ်ဖွဲ့ဝင် ၂၀,၀၀၀ လောက်နဲ့ ဆက်စပ်ဖြစ်လာတဲ့ အရောင်းအဝယ် တွေကြောင့်ပါ စီးပွားရေးပိုင်းလဲ ပြောင်းလဲလာခဲ့တာပါ။ ၂၅ နှစ်နီးပါးကြာအပြီး ဒီကနေ့မှာတော့ အဲဒီအခြေအနေတွေအားလုံး အဆုံးသတ်သွားခဲ့ပါပြီ။

တရားရုံးချုပ်ဆုံးဖြတ်ချက်ထွက်လာတဲ့ ကြာသပတေးနေ့မတိုင်ခင် အင်္ဂါနေ့တုန်းကပဲ ကမ္ဘောဒီးယား သတင်းထောက်နှစ်ဦးဖြစ်တဲ့ Oun Chhin နဲ့ Yeang Sothearin တို့ကို သူလျှိုလုပ်မှုနဲ့စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Radio Free Asia လွတ်လပ် သောအာရှအသံ RFA သတင်းဌာနရဲ့ သတင်းထောက်တွေဖြစ်တာကြောင့် RFA အတွက် သတင်းပို့တာကို သူလျှိုလုပ်တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့တာပါ။ RFA သတင်းဌာနကတော့ အစိုးရက သူတို့လုပ်ငန်းတွေကို အနှောင့်အယှက်ပေးတယ်ဆိုပြီး ပြီးခဲ့တဲ့လကပဲ ကမ္ဘောဒီးယားမှာ သတင်းလုပ်ငန်းတွေကို ရပ်ထားခဲ့ပြီးပါပြီ။

တရားရုံးချုပ်ဆုံးဖြတ်ချက်မထွက်ခင်ညမှာ Adhoc နဲ့ Licadho တို့လို ထင်ရှားတဲ့ လူ့အခွင့်အရေးအဖွဲ့ရုံးတွေမှာ ဆန္ဒပြသူတွေကို လက်ခံထားသလားဆိုတာ ရဲတပ်ဖွဲ့၊ စစ်ရဲတပ်ဖွဲ့နဲ့ အစောင့်တပ်ဖွဲ့တွေပေါင်းပြီး ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့သေးသလို မြို့တော်ရဲ့ အဓိကလမ်းမကြီးတွေမှာလည်း အတားအဆီးတွေ ချထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG