သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ရေကာတာ တည်ဆောက်မှု ကန်သတိပေး


ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့အနီး မဲခေါင်မြစ်လယ်မှာ တွေ့ရတဲ့ ကမ္ဘောဒီးယား ငါးဖမ်းသမားများ (ဇန်နဝါရီ၊ ၂၃၊ ၂၀၁၇)
ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့အနီး မဲခေါင်မြစ်လယ်မှာ တွေ့ရတဲ့ ကမ္ဘောဒီးယား ငါးဖမ်းသမားများ (ဇန်နဝါရီ၊ ၂၃၊ ၂၀၁၇)

တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးတင်းမာမှု တိုးလာနေချိန်မှာ- တရုတ်နိုင်ငံလို့ နာမည် မတပ်ပေမဲ့ မဲခေါင်မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေခြင်းဟာ ဘေးအန္တရာယ်များပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် အစိုးရအရာရှိတွေက သတိပေးလိုက်ပါတယ်။

ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး CICP အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ မဲခေါင်ဒေသကို နိုင်ငံတခုထဲကပဲ စီမံလုပ်ဆောင်နေခြင်းဟာ မဲခေါင်နိုင်ငံတွေအတွက်ရော အမေရိကန်အတွက်ပါ စိုးရိမ်စရာဖြစ်တယ်လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ Michael Newbill က ပြောလိုက်ပါတယ်။

ပထဝီနိုင်ငံရေး ပြောင်းလဲသွားတဲ့ အခင်းအကြောင်းကြောင့် လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ စိန်ခေါ်မှုသစ်တွေ ရှိလာခဲ့ကြောင်း သူကဆိုပါတယ်။

ကြွေးမြီပေါ် မှီခိုရမှု တိုးလာတာမျိုး နိုင်ငံတခုထဲက မြစ်ထိပ်ပိုင်းမှာ ဒါဇင်နဲ့ချီတဲ့ ရေကာတာတွေ တည်ဆောက်နေတဲ့ အငြင်းပွားဖွယ် အချိုးအစား မညီမျှမှုတွေကို တွေ့လာရကြောင်း အမေရိကန်သံရုံး ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြပါတယ်။

"နိုင်ငံတခုထဲက" ဆိုတဲ့ Newbill ရဲ့ပြောစကားဟာ တရုတ်ကို ရည်ညွှန်းတာ ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်သံရုံး အရာရှိကြီး တဦးက ပြောပါတယ်။

အမေရိကန်ဘက်ကပြောတဲ့ ဘေးအန္တရာယ်ဆိုတာက မဲခေါင်ဒေသမှာ လူသားတွေအပါဝင်၊ သဘာဝတောရိုင်း တိရိစ္ဆာန်၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မြစ်ကြောင်းကင်းလှည်းခြင်း စတဲ့ ကိစ္စတွေမှာ လက်ရှိအစိုးရတွေရဲ့ သြဇာအာဏာကို နိုင်ငံတခုထဲကပဲ ချယ်လှယ် စီမံလာတာမျိုးကို ဆိုလိုကြောင်း အဆိုပါ သံအရာရှိက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG