ထောင်ပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူ့ပါတီ - CPP ကို ထောက်ခံသူတွေနဲ့ Killing Fields လို့ခေါ်တဲ့ ခမာနီ အုပ်ချုပ်တဲ့ ကာလအတွင်း အသက်မသေဘဲ ကျန်ရစ်ခဲ့ကြသူတွေဟာ အစွန်းရောက် မော်ဝါဒီ ခမာနီခေါင်းဆောင် Pol Pot ပြုတ်ကျသွားတဲ့ ၃၉ နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ ကမ္ဘောဒီးယားကို ခမာနီတွေ အုပ်ချုပ်တဲ့ ကာလအတွင်း လူပေါင်း ၁.၇ သန်းလောက် သေဆုံးခဲ့ကြရတာပါ။
အတီးအမှုတ်၊ အကအခုန်တွေနဲ့ ဖျော်ဖြေမှုနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မိန့်ခွန်းကို နားထောင်ဖို့အတွက် လူပေါင်း လေးသောင်းလောက် တက်ရောက်ခဲ့ပါတယ်။ ခမာနီတွေကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် လက်ရှိအာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ - CPP ကို ထောက်ခံသူတွေက ကျေးဇူး တင်နေကြပါတယ်။
CPP ကိုထောက်ခံသူ Sith Pahat ဆိုသူကတော့ - လူတွေ အစုလိုကအပြုံလိုက် သတ်ဖြတ်တဲ့ ခမာနီလက်ထက်မှာ အသက်မသေဘဲကျန်နေခဲ့တဲ့အတွက် ဒီကနေ့ဟာ သူ့အတွက် ဒုတိယအကြိမ်မြောက် ပြန်လည် မွေးဖွားခြင်းဖြစ်ကြောင်း၊ ဒီနေ့ကို သူ့အနေနဲ့ ဘယ်လိုမှ မေ့ဖျောက်ပစ်လို့ ရနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။
Pol Pot ရဲ့ အင်္ကျီအမဲရောင်ဝတ် ပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးသွားကြပြီးတဲ့နောက် ဗီယက်နမ်နဲ့ ဟွန်ဆန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံကာကွယ်ခဲ့ကြပေမယ့် ၁၉၉၈ ခုနှစ်မှာ လက်နက်ချ အရှုံးပေးလိုက်ရပါတယ်။ လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အဲဒီအချိန်တုန်းက တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
အပြစ်မဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၂ သန်းလောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဆက်နွယ်ပြီး ခမာနီခေါင်းဆောင်ဟောင်းတွေကို ကုလသမဂ္ဂ ဦးဆောင်တဲ့ ရာဇဝတ်ခုံရုံးက စွဲချက်တင်၊ အရေးယူခဲ့ပါတယ်။