(Zawgyi / Unicode)
မြန်မာစစ်တပ်အနေနဲ့ ဗုံးကြဲတာတွေ ပစ်ခတ် သတ်ဖြတ်တာတွေ ရပ်ပစ်ဖို့ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြဖို့ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို က ပန်ကြား လိုက်ပါတယ်။
ကယားပြည်နယ်အရှေ့ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၃၅ ဦး ခရစ်စမတ် အခါသမယမှာ စစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့နောက် စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ပစ်ဖို့နဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းဖို့ အခုလို ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ အခုလို ခုရက်ပိုင်းအတွင်းမှာရော လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာမှာပါ တွေ့မြင်ခဲ့ရတဲ့ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တွေအဆုံးသတ်ဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းသလို မြန်မာနိုင်ငံအတွက်ရော ရက်ရက်စက်စက် အသတ်ခံခဲ့ရသူတွေအတွက်ပါ ဆုတောင်း ပေးနေကြောင်း လည်း ပြောပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူးဆိုမြို့နယ် မိုဆိုးရွားအနီး ဖြစ်ပွါးခဲ့တဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်မှု သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၂၆ မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် KNPP နဲ့ PDF လက်နက်ကိုင်တွေက စတင်တိုက်ခိုက်လို့ အပြန်အလှန် ပစ်ခတ်ရင်း အရပ်သားတွေ သေဆုံးရတာလို့ ပြောပါတယ်။
ကာဒီနယ် ချားလ်စ်ဘိုကတော့ မိုဆိုးရွာလူအများအပြား အသတ်ခံရမှုဟာ စိတ်နှလုံးကြေကွဲဖွယ်ရာ ရက်ရက်စက်စက် သတ်ဖြတ်မှု ဖြစ်ပြီး ပြင်ပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ ခရစ်တော်ဖွားမြင်တဲ့နေ့အဖြစ်အများက ပွဲကျင်းပနေချိန်မှာ မြန်မာလူထုကတော့ သေဆုံးမှုတွေ ပျက်စီးမှုတွေနဲ့အတူ ကံဆိုးမိုးမှောင်ကျနေပြီး မြန်မာနိုင်ငံဟာ အခုအခါမှာ စစ်တလင်း ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
လက်နက်ကိုင် တိုက်ခိုက်နေသူအားလုံး လက်နက်တွေမကိုင်ကြဖို့ ပန်ကြားလိုက်သလို တပ်မတော်အနေနဲ့ အပစ်မဲ့ပြည်သူတွေအပေါ် ဗုံးကြဲတာ ပစ်ခတ်တာ၊ နေအိမ်တွေ ဘုရားကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို ဖျက်ဆီးနေတာတွေ ရပ်ပစ်ပြီး လက်နက်ကိုင်တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ပါ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ့ပြဿနာကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ဖြေရှင်းမှ ရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
(Unicode)