(Zawgyi/Unicode)
ပဋိပက္ခတွေ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တမန်တော်တွေ အဖြစ် ခရစ်ယာန် ဘုရားကျောင်းတွေက ဆောင်ရွက်ကြဖို့ အာရှ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုက တိုက်တွန်းလိုက်ပါတယ်။
ငြိမ်းချမ်းရေးကို ကုစားဖို့ဆေး အရေးပေါ်လိုအပ်နေကြောင်း၊ ငြိမ်းချမ်းရေးကို ပေးပါမယ်ဆိုတဲ့ ဘုရင်သခင်ရဲ့နှုတ်ကပါတ်တော်ကို နှလုံးသွင်းပြီး ခရစ်ယာန်အားလုံး အတူတကွ ပေါင်းစည်းကြဖို့ လိုအပ်ကြောင်း ခရစ်ယာန် စည်းလုံးညီညွတ်မှု ဆုတောင်းပွဲ သီတင်းပတ် အစ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကာဒီနယ် ချားလ်စ်မောင်ဘိုက သတင်းစကား ပေးပို့တဲ့ အကြောင်း UCANews က ဖော်ပြပါတယ်။
အခက်အခဲတွေကို စည်းလုံးမှုနဲ့သာ ကျော်လွှားနိုင်မယ်ဆိုတာကို ကမ္ဘာ့ ကပ်ဘေးရောဂါကြီးက သတိပေးလိုက်တာ ဖြစ်တယ်လို့လည်း ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။ မြန်မာပြည်သူတွေ အတွက်ကတော့ တခြားသော ပြသနာကြီးတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။ ဆယ်စုနှစ် ၇ ခုကြာ စစ်ပွဲဟာလည်း ကပ်ဘေးကြီးဖြစ်ပါတယ်။ IDP စခန်းတွေမှာ လူပေါင်း ထောင်နဲ့ချီ နေထိုင်နေရတာဟာလည်း ကပ်ဘေးကြီး ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၊ နောက် အရင်းအမြစ်တွေ ဆုံးရှုံးနေရတာဟာလည်း ကပ်ဘေးကြီး ဖြစ်ပါတယ်။ မဆုံးနိုင်တဲ့ စစ်ပွဲတွေကြားမှာ မျိုးဆက်နဲ့ချီ နေထိုင်နေရတာဟာလည်း ကပ်ဘေးကြီး ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ပြောကြားခဲ့ပါတယ်။
ဆယ်စုနှစ် ၇ခုကြာ စစ်ပွဲကြောင့် ဘာမှ ဖြေရှင်းနိုင်ခဲ့တာ မရှိဘူးလို့ ထောက်ပြပြီး ငြိမ်းချမ်းရေး သည်သာ တခုတည်းသော ဖြစ်နိုင်ခြေ ရှိတဲ့ နည်းလမ်းဖြစ်ကြောင်း၊ ခရစ်ယာန်တွေ ဖြစ်တာနဲ့ အညီ တရားမျှတမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးကို ဦးတည် ကြိုးပမ်းကြဖို့လည်း ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက တိုက်တွန်းခဲ့ပါတယ်။
...........
(Unicode)