သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ပလက်ဝအမတ် ပြန်လွှတ်ပေးဖို့ AA အဖွဲ့ကို တောင်းဆို


ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း။ (ဓာတ်ပုံ - အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်)
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း။ (ဓာတ်ပုံ - အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်)

(Zawgyi/Unicode)

ရခိုင်လက်နက်ကိုင်AA အဖွဲ့ကနေဖမ်းဆီးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုပြန်လွှတ်ပေးဖို့ ခူမီးလူငယ်များအသင်းနဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကနေ သဘောထားထုတ်ပြန်တောင်းဆိုထားတာပါ။

ဦးဝှေ့တင်းဟာ AA စွပ်စွဲထားသလို ခူမီးလူငယ်တွေကို သွေးထိုးလှုံ့ဆော်ပြီး တပ်မတော်သတင်းပေး လုပ်ဆောင်တာ မဟုတ်ဘူးလို့ ခူမီးလူငယ် တာဝန်ရှိသူတွေက ဆိုပါတယ်။ AA တာဝန်ရှိသူကတော့ ဦးဝှေ့တင်းကိုစစ်ဆေးနေဆဲဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ပြောပေမဲ့ မိသားစုဝင်တွေကစိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုဆက်သွယ်စုံစမ်း ထားတဲ့ နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်း အဖမ်းခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး ပြန်လွှတ်ပေးဖို့ ခူမီးလူငယ်များ အသင်းနဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကနေ သဘောထားကြေညာ ချက် ထုတ်ပြန်ထားတာပါ။

ခူမီးလူငယ်များအသင်းအတွင်းရေးမှူး ကိုကျော်အောင်ကတော့ AAရခိုင်လက်နက်ကိုင်အဖွဲ့ကနေဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကိုပြန်လွှတ်ပေးဖို့တောင်းဆိုတယ်လို့ပြောပါတယ်။

“ကျွန်နော်တို့ပလက်ဝမြို့နယ်အတွင်းမှာ ဒီ ပြည်သူတွေရွေးချယ်တင်မြောက်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လဲဖြစ်တယ်။ ပြီးတော့တချိန်တခါတုန်းကကျွန်နော်တို့ ပလက်၀ မြို့နယ် ခူမီးလူငယ်များအသင်းမှာ သူကအတွင်းရေးမှူး တာဝန်နဲ့ (၄)နှစ်(၅)နှစ်လောက် တာဝန်ယူပြီးတော့ လူမျိုးရေးလုပ်ငန်းတွေ ပြီးတော့လူငယ်ရဲ့ရေးရာလုပ်ငန်းတွေကို သူက ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးလဲဖြစ်တယ်။ အဲဒီလိုမျိုးမထင်မှတ်ဘဲနဲ့ကျွန်တော်တို့ အဖမ်းခံရတဲ့အချိန်မှာ တော်တော်များ များ လူငယ်တွေကစိတ်မကောင်းဖြစ်တယ်။ ဒီလိုမျိုးဖြစ်စဉ်လေးတော့ မဖြစ်သင့်ဘူးလို့ဘဲ ကျွန်နော်တို့တော့ခံယူတယ်။ ဒီအမျိုးသား လွှတ်တော်ကိုယ်စားလှယ်ကိုလဲ အမြန်ဆုံးချောချောမောမောနဲ့လွှတ်ပေးစေချင်တယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃)ရက်နေ့တုန်းက ဦးဝှေ့တင်းအပါဝင် ကုလားတန်ဖွံ့ဖြိုးရေး စီမံကိန်းဝန်ထမ်းအိန္ဒိယ အမျိုးသား (၅)ဦး စကားပြန်(၂)ဦးနဲ့ စက်လှေသမားနှစ်ဦး စုစုပေါင်း(၁၀)ဦးတို့ ချင်းပြည်နယ်၊ ပလက်ဝလမ်းပိုင်းကြည့်ရှုရာကနေ ကျောက်တော်မြို့ကို ကုလားတန်မြစ်ကြောင်းအတိုင်းစက်လှေနဲ့အလာ လမ်းခုလတ်မှာ AAအဖွဲ့ကနေဖမ်းဆီးခြင်း ခံရတာပါ။

ဒီဖမ်းဆီးမှုမှာ အိန္ဒိယနိုင်ငံသားတဦးအမောဖောက်ဆုံးပါးသွားပြီးတော့ ဦးဝှေ့တင်းကလွှဲပြီးကျန်တဲ့သူတွေကို AAဖက် ကနေ မနေ့ကပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးဝှေ့တင်းကိုတော့ AAတပ်တွေလှုပ်ရှားနေတဲ့ပလက်ဝမြို့နယ်အတွင်း တပ်မတော်ကိုသတင်းပေးမှု ခူမီးလူငယ်တွေ ကို သွေးထိုးလှုံ့ဆော်ပြီး ရခိုင်နဲ့ခူမီးအကြားသွေးခွဲမှု စတဲ့ပြစ်ချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

AAဖက်ကစွပ်စွဲသလို ဦးဝှေ့တင်းဟာ ခူမီးလူငယ်တွေကိုသွေးထိုးပြီး တပ်မတော် သတင်းပေးတာမဟုတ်ဘူးလို့ ခူမီးလူ ငယ်များအသင်းအတွင်းရေးမှူး ကိုကျော်အောင်က ဆက်ပြောပါတယ်။

“ဦးဝှေ့တင်းက လျှို့ဝှက်ပြီးတော့ မြန်မာ့တပ်မတော်နဲ့ပူးပေါင်းဖို့ ဒီသတင်းတွေ ရနိုင်ဖို့ဆိုပြီးတော့ ရည်ညွှန်းပြီးတော့ ပြောဆို တာရှိတယ်။ ကျွန်နော်တို့ရဲ့ အဓိက ရပ်တည်ချက်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကတော့ သူအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီးနောက်ပိုင်း ခူမီးလူငယ်များအသင်းအပေါ်မှာလဲ သူ့ရဲ့သြဇာအာဏာ လွှမ်းမိုးမှုကလဲ တစုံတရာမရှိသလို လူငယ်ရဲ့မူဝါဒ လူငယ်ရဲ့ဖွဲ့စည်းပုံနဲ့ကျွန်နော်တို့က သွားနေတဲ့ အခါ မှာ ဘယ်လိုမှ နိုင်ငံရေးသော်၎င်း အမျိုးသားရေးနဲ့သော်၎င်း ကျွန်တော်တို့က ပါဝင် ယှက်နွယ်မှုမရှိဘူး။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းအဖမ်းခံရတဲ့အတွက်စိုးရိမ်ပူပန်နေကြောင်းဇနီးဖြစ်သူဒေါ်ခင်အိဆင့်ကပြောပါတယ်။

“မိသားစုအတွင်းမှာတော့ခံစားနေရတာပေါ့နော်။ ဒီထက်ပိုပြီးဘယ်လိုသတင်းတွေဖြစ်မလဲ စိုးရိမ်တာတော့ရှိတာပေါ့။ အခုပေါ့နော် သူ့ကိုစွပ်စွဲပြောဆိုနေတဲ့ စကားတွေဟာ မဟုတ်မမှန် စွပ်စွဲတာပါ။ အဟုတ်အမှန် မဟုတ်ပါဘူး အဲဒီလို ပြောချင်ပါတယ်။”

AAရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ ဦးဝှေ့တင်းကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်ဆေး နေဆဲ လို့ပြောပါတယ်။

“ဦးဝှေ့တင်းကိုတော့ ကျွန်နော်တို့ကနေပြီးတော့ နောက်ထပ်စစ်ဆေးစရာ လေးတွေရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ ဆက်ပြီးတော့ထိန်းသိမ်းထားတာဗျ။ ကျွန်တော်တို့က စစ်ဆေးပြီးတဲ့အခါမှဘဲ အဲဒီကိစ္စဆွေးနွေးရမယ်။ သူ့ကိုတော့လ ူ့ ဂုဏ်သိက္ခာနဲ့အညီ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်နဲ့ထိန်းသိမ်းထားတာဖြစ်တယ်။”

တပ်မတော်အနေနဲ့ကတော့ ဦးဝှေ့တင်းပြန်လည်လွတ်မြောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက် နေသလို ဖြစ်စဉ်နေရာ တစ်ဝိုက်မှာ တပ်မတော်စစ်ကြောင်းက နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေး လုပ်ငန်းတွေဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီး ဒေသခံ ရွာသားတွေ စစ်ပွဲရဲ့အကျိုးဆက်ကိုခံနေရသလို AAအဖွဲ့ အခြေချလာမှုကိုလဲ ခူမီးမျိုးနွယ်စုတွေအကြား အမြင်သဘော ထားကွဲပြားမှုတွေရှိလာနေပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလှည့်ကျပူးတွဲဥက္ကဌ ပူးထန်နိုကပ်ကတော့ ခူမီးလူမျိုး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကိုဖမ်းဆီးထားတဲ့လုပ်ဆောင်ချက်ကြောင့် ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးအကြားသွေးကွဲစရာ ဖြစ်လာမှာကိုစိုးရိမ်ကြောင်းပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဖမ်းထားတဲ့အဖွဲ့အစည်းက အကြောင်းပြချက်တော့ရှိမှာပေါ့လေ။ သို့သော် တမျိုးသားလုံး ချင်းနဲ့ရခိုင်ကြားမှာလဲ လူမျိုးချင်း ပဋိပက္ခများ အထင်လွှဲမှုများ ဖြစ်ပေါ်လာမလား။ ဖြစ်လာရင် ကောင်းတဲ့အရာမဟုတ် ဘူး။ ဒီလိုဘဲကျွန်တော်တို့ရိုးရိုးရှင်းရှင်းနဲ့မြင်ပါတယ်။”

ဒေသခံပြည်သူတွေရဲ့လုံခြုံရေးကိုအလေးထားပြီး မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခ မဖြစ်စေရေးကို အလေးထား ပြီးတော့ ဖမ်းဆီးထားတဲ့ ဦးဝှေ့တင်းအပါဝင်ချင်းတိုင်းရင်းသားအားလုံးကို ချက်ချင်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်း ဆိုကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ မနေ့ကရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ဒီညနေပိုင်းမှာ ပြန်လည် လွတ်မြောက်လာပြီးလို့ သတင်းတွေပေါ် ထွက်နေပေမဲ့ မိသားစုဝင်တွေက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


...............


(Unicode)




















XS
SM
MD
LG