(Zawgyi/Unicode)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တခုမှာ ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ မနေ့ညကလည်း မုံရွာမြို့က Myanmar Beer ဖြန့်ဖြူးတဲ့ရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲက မုံရွာမှာ စစ်အင်အားအမြောက်အများတိုးချထားချိန် ပေါက်ကွဲမှုဖြစ်တာလို့ မြို့ခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မခွာညိုကပြောပြပါမယ်။
တီးတိန်မြို့နယ်ထဲက ခိုင်ကမ်းရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်မှာ ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၅ နာရီဝန်းကျင်က အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီဂိတ်ဟာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ၉ မိုင်လောက်ပဲဝေးပြီး ကလေးတက္ကသိုလ်နဲ့ ၁ မိုင်လောက်အကွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။ ကလေးမြို့ အဝင်အထွက်ကို စစ်ဆေးတဲ့ဂိတ်မှာ ပစ်ခတ် ပေါက်ကွဲမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးတယ်လို့ ဒေသခံက ပြောပါတယ်။
“သူက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်ပေါ့။ ခိုင်ကမ်း ရဲစခန်းဆိုတာ ကလေးတက္ကသိုလ်နဲ့တော့ တော်တော်နီးတယ်။ အဲ့ဒီမှာ ဒီမနက် ၅ နာရီလောက်က အပြန်အလှန်ပစ်ကြတယ်လို့ ပြောတယ်။ အတွဲလိုက်ရော၊ ဗုံးကွဲသံ ၅ ချက်လောက်တော့ ကြားရတယ်ပေါ့နှော်။ အဲ့မှာ စစ်ကောင်စီဘက်က ရဲ ၅ ယောက် သေတယ်ပေါ့။ အဲ့မှာက ကလေးမြို့က သွားတာပဲဖြစ်ဖြစ်၊ တောင်ပေါ်က ဆင်းတာပဲဖြစ်ဖြစ် စစ်တဲ့ဂိတ်ရှိတယ်ပေါ့။ စစ်ဆေးရေးဂိတ်လေ။ ရဲစခန်းလည်းရှိတယ်၊ အဲ့ဒီနေရာမှာ ဖြစ်ကြတာ မနက် ၅ နာရီ။”
အခုလို ရဲတွေသေဆုံးတယ်ဆိုတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီဘက်ကတော့ တီးတိန်မြို့နယ်၊ ခိုင်ကမ်းနယ်မြေရဲစခန်းကို စခန်းအနောက်ဘက်မှာရှိတဲ့ ဗိုလ်ခိုင်ကမ်း ပန်းခြံနားကနေ အကြမ်းဖက်သမားတွေ မနက် ငါးနာရီခွဲက လာရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်တဲ့အတွက် လာတိုက်ခိုက်သူတွေ ဆုတ်ပြေးသွားကြောင်းနဲ့ စခန်းရုံးခန်းအုတ်နံရံ ကျည်ထိမှန်တာကလွဲလို့ တဦးတယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘူးလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးမြို့ဒေသတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလုံခြုံရေးအဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ မကြာခန ဖြစ်ပွားနေတာပါ။
မနေ့ကတော့ ကလေးမြို့က လူငယ် ၆ ဦး နေတဲ့အိမ်ကို စစ်ကားတွေနဲ့ ပိတ်ဆို့ရှာဖွေပြီး ၆ ယောက်လုံးကို ဖမ်းဆီးသွားပါတယ်။
စစ်ကိုင်းတိုင်းထဲက အကြီးဆုံးမြို့ဖြစ်တဲ့ မုံရွာမြို့မှာ မြို့တဝန်းကို ဘီယာဖြန့်နေတဲ့ Myanmar Beer ရုံးမှာလည်း စက်တင်ဘာ ၁၆ ရက်ညက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF ကိုယ်စားပြု သံမဏိအဖွဲ့က အဲဒီဖောက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့တော့ မကြားရပါဘူး။
မုံရွာမြို့မှာ စစ်တပ်က သိသိသာသာ အင်အားတိုးမြှင့်ထားတဲ့ကြားက ခုလိုပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ မြို့တဝိုက် အရပ်ဝတ် လှည့်ကင်းတွေ ရှိနေသလို လမ်းသွားလမ်းလာ ပြည်သူတွေကို သံသယရှိသူဆိုရင် စစ်ဆေးတာတွေ လုပ်နေတယ်လို့ မုံရွာမြို့ခံတယောက်က ပြောပါတယ်။
“လုံခြုံရေးတပ်တွေရဲ့ အနေအထားက သူတို့ အင်အားထပ်ဖြည့်ထားတာရှိတယ်ပေါ့နှော် ဒီမုံရွာက။ ပြည်သူ့အားကစားကွင်း ဘောလုံးကွင်းထဲမှာ နေရာအပြည့်ယူထားတယ်ပေ့ါနှော်၊ မနေ့ကနေပြီးတော့ တပ်သားအင်အားတိုးထားတာ ဘောလုံးကွင်းအပြည့်ပဲ နေရာယူထားတာ။ အဲဒါက ကနီဘက်ကို စစ်ကူတက်မလား ဒါမှမဟုတ် မုံရွာအနီးတဝိုက်က ဒေသတွေကို ဖိမလားဆိုတာကိုတော့ မသိရသေးဘူးပေါ့နှော်။ ခုထို ဘောလုံးကွင်းထဲမှာ တပ်စွဲထားတာတော့ ရှိသေးတယ်၊ အင်အားကတော့ တော်တော်များတယ်ရှင့်။”
မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာလည်း ဒီနေ့မနက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ တခါမန္တလေးတိုင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတခုမှာ စက်တင်ဘာ ၁၆ ရက်နေ့ညတုန်းက အသေးစားပေါက်ကွဲမှုတခုဖြစ်ပြီး အထိအခိုက်တော့ မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံနေရာတချို့မှာ ခုလိုလုံခြုံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့ ဆက်ပြီးရှိနေပါတယ်။ မန္တလေးမြို့မှာဆိုရင် ဒီကနေ့ သံဃာ့သမဂ္ဂသပိတ်၊ စက်မှုသပိတ်၊ ဘုရားကြီးသပိတ်၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူသပိတ်တွေအပြင် LGBTIQ သပိတ်စစ်ကြောင်းတခုလည်း ထွက်ခဲ့ကြပါတယ်။ ရွှေဘို၊ ကလေး၊ ထားဝယ်၊ ဆားလင်းကြီးနဲ့ လက်ပန်းတောင်း ဒေသတွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။
......................................................................................
(Unicode)