[Zawgyi/Unicode]
ကိုဗစ်ကပ်ရောဂါနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသွားအလာ ကန့်သတ်ထားတဲ့အတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့လကစပြီး အခုအထိ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်ကတင်ပြထားပါတယ်။
ကပ်ရောဂါနဲ့ စစ်ဘေးဒဏ်ကြား သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် စားနပ်ရိက္ခာ ပြတ်လပ်ရာက အထူးသဖြင့် စစ်ရှောင်ဒုက္ခသည်တွေ အခက်တွေ့နေကြပါတယ်။ စားနပ်ရိက္ခာ တင်ပို့ဖို့ စီစဉ်ထားပေမဲ့ ကန့်သတ်ချက်တွေကြောင့် ရောက်မလာနိုင်ပဲ ဖြစ်နေတယ်လို့လည်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက် ကပြောပါတယ်။
"မြို့ပေါ်မှာ ဆန်တွေ ပြတ်လပ်နေတာက ကြာပါပြီ။ အခုဆိုရင် တစ်ပတ်နှစ်ပတ်လောက် တော့ရှိပြီး ထင်တယ်။ ပလက်ဝအတွက် ပို့မယ့် ရိက္ခာတွေက အခုက ဆမီးမှာပဲသောင်တင်နေတယ်။ အခုက ဆမီးမှာက လုံခြုံရေးယူထားတာက တပ်ဆိုတော့ သူတို့မှာလည်း အထက်အမိန့်ရမှာ ရွှေ့ဆိုင်းတဲ့ သဘောဖြစ်နေတယ်။ ကျနော်တို့ကတော့ ပြည်နယ်အစိုးရကို သတင်းတော့ ပို့ထားပြီးပါပြီ။ အဲဒါက သက်ဆိုင်ရာဌာနတွေရဲ့ ပေါင်းစည်းညှိနှိုင်း မှုကတော့ အဓိကပေါ့။ ပလက်ဝအတွက် ရိက္ခာက ရှိနေပြီး ရောက်သွားရင်တော့ အဆင်ပြေသွားမှာပါ အခုက မရောက်ဘူးဆိုတော့ ခက်ခဲနေကြတာပေါ့။"
စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်လောက် ခိုလှုံနေတဲ့ ပလက်ဝမြို့ အားကစားကွင်းထဲက ယာယီစခန်းမှာလည်း အခုအခါ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ခံ ကိုကြာလှအောင်ကပြောပါတယ်။
"ကျနော်တို့အခု ဘောလုံးကွင်းကန့်ထဲမှာတော့ လူဦးရေက ၁,၀၀၀ ကျော်ရှိပါတယ်။ အခုက ကျနော်တို့မှာ အထွက်အဝင် ဂိတ်တွေပိတ်ကုန်တဲ့ အခါကျတော့ ဆန်တွေလည်း သယ်ယူပို့ဆောင်လို့မရတဲ့ အတွက် စားနပ်ရိက္ခာက ပြတ်လပ်မှုတွေ ရှိပါတယ်ခင်ဗျာ။"
အသွားအလာနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ပလက်ဝမြို့နယ်မှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက်သာမက ဒေသခံတွေပါ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့လည်း ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကပြောပါတယ်။
"စစ်ရှောင်တွေက ရိက္ခာတွေ ရောက်ရင်တော့ အဆင်ပြေသေးတယ်။ ဒေသခံတွေက ရိက္ခာတွေ ရောက်ရင်လည်းပဲ အဲဒီထဲက မပေးဘူးဆိုတော့ ငတ်နေတာပဲလေ။ အဲဒါကြောင့် ကျနော်တို့က ဒေသခံတွေလည်းပဲ စစ်ရှောင်တွေနဲ့ အတူခံစားခွင့်ရရှိဖို့ ကျနော်ကတော့ ပြောပေးထားပြီးပြီ။ တာဝန်ရှိတဲ့ သူတွေနဲ့ တွေ့ရင်လည်း ဆွေးနွေးဖြစ်ပါတယ်။"
ပလက်ဝမှာ ရိက္ခာပြတ်လပ်မှု ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ စီစဉ်နေပေမဲ့ လုံခြုံရေးအရ ကန့်သတ်ချက်တွေကြောင့် အခက်အခဲ ရှိနေတယ်လို့လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။
"မဆီးကိုကျတော့ ဆန်တွေရောက်သွားပြီ။ အဲဒီကနေ ပလက်ဝကိုပို့ဖို့ ကျနော်တို့လုပ်နေတယ်။ ဒါပေမဲ့ လုံခြုံရေး အစီအမံတွေနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် ကန့်သတ်ချက်နည်းနည်းရှိတယ်။ နောက် IDP ကန့်မှာရှိတဲ့ သူတွေအတွက်ကတော့ ဆန်ကတော့ သိပ်အခက်အခဲမရှိဘူး။ လူထုကပဲ ခက်ခဲတာ လူထုက ဆန်ရဖို့ကကိုပဲ ပိုက်ဆံကလည်း မရှိ၊ ဝယ်မယ့်နေရာကလည်း မရှိအဲဒီလိုဖြစ်နေတယ်။"
ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား ပြီးခဲ့တဲ့နှစ်ကစ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာရာက ကပ်လျက်ရှိနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြုံနေရတာပါ။
လူဦးရေ ၁၀၀,၀၀၀ ကျော်လောက်ရှိတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်ကြပေမဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် လုပ်ငန်းတော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးနဲ့ ကပ်ဘေးကြားမှာ ပလက်ဝမြို့နဲ့ အဓိက ကုန်စည်စီးဆင်းရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့လည်း အဆက်အသွယ်တွေ ပြတ်တောက်နေတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။
[Unicode Version]