သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသတွေမှာထိုးစစ်ရပ်ဖို့ ချင်းဒေသခံတွေ တောင်းဆို


ဒေသခံချင်းပြည်သူတွေကနေ ဆန္ဒဖေါ်ထုတ်(The Hakha Post)
ဒေသခံချင်းပြည်သူတွေကနေ ဆန္ဒဖေါ်ထုတ်(The Hakha Post)

မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသားဒေသအတွင်း ထိုးစစ်ဆင်နေတာကိုရပ်တန့်ပေးဖို့ ချင်းပြည်နယ်ဟားခါးမြို့နဲ့ ထန်တလန်မြို့တွေမှာ ဒီကနေ့ ဒေသခံချင်းပြည်သူတွေကနေ ဆန္ဒဖေါ်ထုတ်တောင်းဆိုခဲ့ကြတာပါ။ နိုင်ငံရေးပြဿနာ တွေကို စစ်ရေးနည်းနဲ့ဖြေရှင်းမယ့်အစား နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းသွားဖို့ကိုလဲ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ မနက်(၁၀)နာရီလောက်မှာ ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ထိုးစစ်ဆင်မှုရပ်တန်ကရေး ဆန္ဒဖေါ်ထုတ်ပွဲနဲ့ပက်သက်လို့ ကျင်းပရေးကော်မီတီတဦးဖြစ်သူ ဆလိုင်ဗန်ကျင်ခန်းကအခုလိုပြောပါတယ်။

“ကျနော်တို့ မြို့သစ်ရက်ကွက် ရာလ်မူန်းကွင်း အားကစားကွင်းအထိကို ကျနော်တို့ ချီတက်ပြီးလာပါတယ်။ ကြွေးကြော်သံတွေ ၊ စာတန်းတွေကိုင်လာတာရှိပါတယ်။ လူဦးရေက ကျနော်တို့ ၁၀၀၀ တော့ ရှိမယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဓိက ကျနော်တို့ တောင်းဆိုတာကတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ တိုင်းရင်းသားနယ်မြေတွေမှာဖြစ်နေတဲ့ ထိုးစစ်ဆင်တာမျိုးကို အမြန်ဆုံး ရပ်တန့်ပေးဖို့ကို အဓိကထားပြီး လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်ခင်ဗျ။”

ဟားခါးဆန္ဒဖေါ်ထုတ်ပွဲကို ထောင်ချီတဲ့ဒေသခံပြည်သူတွေကနေ ဝမ္မသူးမောင်း အားကစားကွင်းကနေ ရာလ်မူန်းကွင်း အထိချီတက်ဆန္ဒဖေါ်ထုတ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေအပေါ် မြန်မာ့တပ်မတော်ကနေထိုးစစ်ဆင်နေတဲ့အပေါ်ရပ်တန့်ပြီး စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု စံနစ်ကို တည်ဆောက်ဖို့ တိုင်းရင်းသားလူမျိုးများတန်းတူရေး ပြည်သူ့ဘဝလုံခြုံရေးအတွက်ဆောင်ရွက်ဖို့ ကြွေးကျော် သံနဲ့ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြတာပါ။

အလားတူချင်းပြည်နယ်ထန်တလန်မြို့မှာလဲ ဒီကနေ့မွန်းလွှဲပိုင်းမှာ ထိုးစစ်ဆင်ရပ်တန့်ရေးအတွက် ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒဖေါ်ထုတ်ပွဲခေါင်းဆောင်တဦးဖြစ်သူ ဘွေအုပ်ထန်းကအခုလိုပြောပါတယ်။

“ထန်တလန်မြို့ဘောလုံးကွင်းမှာ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းအရင်းက ၁၀ မိနစ်လောက်ပြောမယ် ပြီးရင် ကျနော်တို့ ဆုတောင်းခြင်းအားဖြင့် ပြီးဆုံးဖို့ပေါ့နော်။ ကချင်ပြည်နယ်ရယ် NCA လက်မှတ်ထိုးပြီးသား RCSS တွေရယ် ၊ ပြီးရင် ကရင်မှာဆိုရင် DKBA တို့နေရာမှာ တိုက်ပွဲတွေဖြစ်နေတာတွေကို ကျနော်တို့ နိုင်ငံရေးအရပေါ့နော် တွေ့ဆုံအဖြေရှာခြင်းမလုပ်ပဲနဲ့ ဆက်တိုက်ထိုးစစ်ဆင်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ပိုပြီးအလှမ်းဝေးနေမယ်ဆိုပြီး ကျနော်တို့ တင်ပြတာပေါ့နော်။ ပြည်ထောင်စု လွှတ်တော်နဲ့ အစိုးရကနေ လေးလေးနက်နက်လုပ်ဆောင်ပေးဖို့နဲ့ တပ်မတော်ကိုလည်း ဖိအားပေးဖို့ပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၁ရာစုပင်လုံညီလာခံခေါ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကိုအစပျိုးကျင်းပနိုင်ခဲ့ပေမဲ့ မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြားမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲလဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကြိုးပမ်းလုပ်ဆောင်နေဆဲကာလအတွင်း မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအပေါ်ထိုးစစ်ဆင်နေပေမဲ့ အစိုးရအနေနဲ့နှုတ်ဆိတ်နေတဲ့အပေါ် ချင်းနိုင်ငံရေးပါတီတခုဖြစ်တဲ့ချင်းအမျိုး သား ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး(၁)ဆလိုင်းငယ်ပီးကအခုလိုပြောပါတယ်။

“တော်တော် ဒွိဟ ဖြစ်စရာတွေကိုတော့ တွေ့ရတာပေါ့လေ။ ကချင်ပြည်နယ်ထိုးစစ်မှာ အစိုးရဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကလည်း ဘာအသံမှ မထွက်ခဲ့တာကိုတော့ ကျနော်တို့ အံ့သြရတယ်။ ဒါပေမယ့် ဒီဘင်္ဂါလီတွေနဲ့ ကျတော့ ချက်ချင်း နေ့မဆိုင်းပဲနဲ့ action ယူတဲ့အပိုင်းကို ထပ်တွေ့ရတော့ ဒါဟာ တိုင်းရင်းသားအချင်းချင်းတွေကြား ထဲမှာ သွေးကွဲစေမှုကို ဖြစ်ဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာလား၊ ဒါမှမဟုတ်ရင် သူ့ဘက်ပိုင်းမှာလည်း ဘာတွေအခက်အခဲရှိနေသလဲဆိုတာ မတွေးတက်အောင်ဖြစ်နေရပါတယ်။”

အောက်တိုဘာ(၁၅)ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCAလက်မှတ်ထိုးခြင်းတစ်နှစ်ပြည့်အခမ်းအနားမှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ခိုက်နိုင်တဲ့အရည်အချင်းကို ပြိုင်မယ့်အစား စစ်မီးငြိမ်းအောင်လုပ်နိုင်မယ့်အင်အားကိုပြိုင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒါ့အပြင် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့တက်ရောက်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာအထူးအစည်းအဝေးမှာလဲ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ကိစ္စအပါအဝင် ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲ အခြေအနေတွေကို အစိုးရ နဲ့ တပ်မတော်ကြားမှာအကြေအလည်ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့လဲ လက်ရှိအချိန်အထိတော့ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာ စစ်ရေးပဋိပက္ခရပ်တန့်နိုင်ခြင်းမရှိသေးသလို ဒီလိုဖြစ်ပွါးနေတဲ့တိုက်ပွဲတွေအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ စစ်ပြေးဒုက္ခသည်ပြဿနာရပ် တွေရှိနေဆဲလဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG