သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့နယ်စပ်တင်းကြပ်မှု ကုန်သွယ်ရေးမှာ အခက်ကြုံ


မေလကုန်က မူဆယ်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဖက်က နယ်စပ်အဝင်အထွက် ဂိတ်တွေကို စစ်ဆေးတင်းကြပ်နေတာကြောင့် အချိန်ကြန့်ကြာမှုတွေ ကုန်တင်ကားပိတ်ဆို့မှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်လာတယ်လို့ ကုန်သည်တွေက ပြောနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့လည်း တောင်းဆိုနေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အဝင်အထွက်တွေမှာ လက်ဗွေယူစစ်ဆေးတာ၊ မျက်နှာကို မှတ်တမ်းတင် စစ်ဆေးတာတွေ ဆောင်ရွက်နေတာကြောင့် အသွားအလာ နှောင့်နှေးကြန့်ကြာတာတွေဟာ အခုဆိုရင် ရက်သတ္တ ၂ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို မူဆယ်မြို့ရောက် ကုန်တင်ကား မောင်းသူတဦးက အခုလို ပြောပါတယ်။

“ ခါတိုင်းက ၅မိနစ်ကို လူ ၁၀ယောက်လောက် ဝင်လို့ ရရင် အခုက ၅မိနစ်ကို လူ ၁ယောက်လောက်ပဲ ဝင်လို့ ရတယ်။ လူ၁၀ယောက် ဝင်ရမယ့် အချိန်မှာ လူ ၁ယောက်ပဲ ဝင်လို့ ရတာဖြစ်တာပေါ့။ ကားသမားတွေကျတော့ လူလိုမဟုတ်ဘူးလေ။ သူက ကားကို ပြန်မောင်းရတယ်လေ။ အဲဒီမှာ အဝင်အထွက်တွေက ဆိုင်းကုန်တဲ့ အခါကျ မတရားနဲ့ကို ကျပ်တာ။ ကြာတယ် တချို့တလေဆို အဲဒီမှာ ၄ရက်။ ၅ရက်တောင် တန်းရတဲ့လူတွေ ရှိတယ်။”

မူဆယ်မြို့က ကုန်သည်တဦးက ဒီလို ကားတွေ ပိတ့်ဆိုတာကြောင့် ကုန်စည်စီးဆင်းမှုမှာ ထိခိုက်လာနေတယ်လို့ ပြောပါတယ်။

“ ဘယ်လိုအခြေအနေရှိမလဲဆိုတော့ ကုန်စည်စီးဆင်းမှုက လောလောဆည်တော့ Jam ဖြစ်သွားတာပေါ့။ တရုတ်ပြည်ဘက်ကို ပို့တဲ့အချိန်မှာလည်း ကြန့်ကြာမှုရှိတယ်။ တရုတ်ပြည်ကနေ မြန်မာပြည်ဘက်ကို ပြန်ပို့တဲ့ import တွေမှာလည်း ကြန့်ကြာမှုတွေ ဖြစ်ကုန်တာပေါ့။ မေလ တတိယပတ်လောက်က စပြီး ပိတ်သွားတာ။ အခုဆိုရင် ၃ပတ်လောက်တောင်ရှိနေပြီ။”

မူဆယ်မြို့ ခွာညိုသစ်သီးဒိုင်က ဦးစိုင်းခင်မောင်က လက်ရှိ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ၁၀၅မိုင်ကနေပြီးတော့ ဒီ တရုတ်ပြည်ဝင်ပေါက်အထိ မန်ဝိန်းဝင်ပေါက်အထိ Jam ဖြစ်နေတာပဲ။ အကုန်လုံးပိတ်ဆို့ကုန်တာ ဒီနေ့လိုမျိုးဆို သွားရလာရကို ခက်ကုန်တာ။ ကားတွေ ၇မိုင်လောက်ပေါ့ဗျာ။ ၇မိုင်တောင် မကတော့ဘူးထင်တယ် ၁၀မိုင်လောက် ရှိသွားမှာပေါ့။ ၁၀မိုင်တန်းကြီးပေါ့ဗျာ ပိတ်နေတာ။ နယ်စပ်စီးပွားရေးနှောင့်နှေးတာပေါ့ဗျာနော။ ထိခိုက်တယ်လို့ မပြောရရင်လည်း ဒါက ကုန်သွယ်မှု အတားအဆီးကြီးပေါ့လေနော။ ရေရှည်မှာ ထိခိုက်သွားနိုင်တဲ့ အတားအဆီးကြီး။ လောလောဆည်ကတော့ လုပ်ရတာကတော့ မချောမွေ့ဘူးလေနော။”

နယ်စပ်ဒေသက ကုန်သည်နဲ့ ကုန်တင်ယာဉ်မောင်းတွေကတော့ ဒီလို ပိတ်ဆို့ ကြန့်ကြာနေတာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ကို လိုလားနေကြပါတယ်။

ကုန်စည်စီးဆင်းမှု လွယ်ကူစေဖို့အတွက် ဦးစိုင်းခင်မောင်က အခုလို ဆက်ပြောပါတယ်။

“ အရေးကြီးဆုံးက မြို့ရှောင်လမ်း၊ မြို့ရှောင်လမ်းတခုကို ကုန်သွယ်မှုလမ်းကြောင်းတခု ပေါ့။ ဒီလူမှုရေးတွေနဲ့ မရောထွေးအောင်နော်။ ဒီမြို့ရှောင်လမ်းကို အရေးတကြီး ဖောက်လုပ်ဖို့တော့ လိုတယ်။ မြို့ရှောင်လမ်းဖောက်ဖို့တော့ ဒီမှာ လမ်းအူကြောင်းရှာတာနဲ့ ၊ အစည်းအဝေးညှိနှိုင်းတာနဲ့ မြေယာလျော်ကြေးကိစ္စတွေတော့ ဒီမှာ လုပ်နေကြတယ်ပြောတာပဲ။ ဒါပေမဲ့ တအား ကြန့်ကြာတယ်လေနော။ လုပ်ရမယ့် လုပ်ငန်းစဉ်ကြီးက အရေးကြီးနေပြီဆိုရင်တော့ မဖြစ်ဖြစ်အောင်တော့ လုပ်စေချင်တယ်လေနော။ နိုင်ငံတော်က ဘယ်လို စီစဉ်ပေးမလဲ ပေ့ါ။ ဒီဝင်ငွေရှာပေးနေတဲ့ ဒေသကြီးကို ဖွံ့ဖြိုးအောင် လွယ်ကူအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာ စဉ်းစားရမယ့် အပိုင်းတွေ ဖြစ်နေပြီလေ နော။”

မူဆယ်မြို့က လူဝင်ကြီးကြပ်ရေးဌာနက အရာရှိတဦးကတော့ အခုလို ကားတွေ ပိတ်ဆို့နေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဖက်ကို အကြောင်းကြား ဖြေရှင်းနေကြောင်း ပြီးတဲ့ အပတ်ကပြောဆိုထားပါတယ်။

မြန်မာအစိုးရကတော့ တရုတ်နိုင်ငံဘက်ကို လယ်ယာ ထွက်ကုန်တွေကို တရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ဖို့နဲ့ စီးပွားရေးဇုံတခုကို တည်ထောင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။

မေလ ဒုတိယပတ်အတွင်းက မူဆယ်မြို့ကို TNLA တအာင်း(ပလောင်)တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲအကြားမှာ တရုတ်နိုင်ငံသား ၃ယောက်သေဆုံးခဲ့သလို ကျည်ဆံတချို့လည်း တရုတ်နိုင်ငံဖက်ကိုကျရောက်ခဲ့ပါတယ်။ ဒီအတွက် တရုတ်အစိုးရက ကန့်ကွက်ခဲ့သလို နယ်စပ်တည်ငြိမ်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့အတွက်လည်း ပဋိပက္ခအတွင်းက သက်ဆိုင်ရာအင်အားစုတွေကို တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG