သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ တရုတ်ဆက်ဆံရေး ICG သုံးသပ်ချက်ထုတ်


 စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တွေ့ဆုံ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တွေ့ဆုံ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)

တရုတ်အစိုးရဟာ စစ်ကောင်စီကို သဘောမကျသလို အရင်အစိုးရတွေနဲ့ ထားခဲ့တဲ့ ဆက်ဆံရေးမျိုးထားရှိဖို့လည်း တွန့်ဆုတ်နေတယ်လို့ နိုင်ငံတကာပဋိပက္ခတွေကို လေ့လာသုံးသပ်နေတဲ့ International Crisis Group (ICG) ကပြောကြားလိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာဆက်ဆံရေးကို သုံးသပ်ထားတဲ့ အစီရင်ခံစာကို ICG ကဒီနေ့ထုတ်ပြန်တဲ့ထဲမှာ အခုလိုပြောထားတာပါ။ ဘာကြောင့်အခုလိုဖြစ်တာကိုပါ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးအပြင် ဒေသတွင်းလေ့လာသုံးသပ်နေသူတွေကို မေးမြန်းထားတဲ့ ကိုဝင်းမင်းက အပြည့်အစုံ တင်ပြထားပါတယ်။

စစ်အာဏာသိမ်းအပြီး မြန်မာစစ်ကောင်စီအပေါ် တရုတ်နိုင်ငံအနေနဲ့ မကျေနပ်ရတဲ့ အကြောင်းရင်းကို ICG အကြီးတန်းအကြံပေး Richard Horsey က အခုလို ထောက်ပြပါတယ်။

"အဓိက ကတော့ တရုတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရင် အစိုးရနဲ့ အတော့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေး ရသွားခဲ့တာပါ။ တရုတ်အနေနဲ့ မြန်မာနဲ့ သံတမန် ဆက်ဆံရေးကို မြှင့်တင်ခဲ့တာမှာ မြန်မာဟာ တရုတ်ရဲ့ ကံကြမ္မာ အကျိုးတူရပ်ဝန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်လာတယ်။ နောက် မဟာဗျူဟာမြောက် ချိတ်ဆက်မှုတွေကိုလည်း တရုတ်က မျှော်လင့်လာတယ်လေ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ကြီးတည်ဆောက်ဖို့ ကြီးမားတဲ့ စီမံကိန်းတွေ အမြောက်အများ လုပ်ဖို့ပြင်လာတယ်။ ဒီစင်္ကြန်လမ်းကြီးက တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာကို လက်လှမ်းမီဖို့နဲ့ သွင်းကုန်လမ်းပွင့်ဖို့ အထောက်အကူပြုမှာဖြစ်တယ်လေ။ ဒါတွေအားလုံးက အခုတော့ ဆုံးရှုံးသွားရပါပြီ။"

အခုလို မကျေနပ်တာကြောင့် ၂ နိုင်ငံ သံတမန်ရေးကို အရင်လို အဆင့်မြှင့်တင်တာ မရှိတာအပြင်၊ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုပါ တရားဝင်အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပြီး တရုတ်ကို ဖိတ်ကြားတာ မရှိခဲ့ဘူးလို့လည်း ဒီ ICG အစီရင်ခံစာထဲ ဖော်ပြခဲ့ပါတယ်။ အခု တရုတ် စီမံကိန်းတွေနောက်ဆုံး အခြေအနေကိုလည်း Richard Horsey က အခုလို ဆက်ထောက်ပြပါတယ်။

"အခု မြန်မာနိုင်ငံထဲက တရုတ်ရဲ့ အဓိက စီမံကိန်းကြီးတွေကို ကြည့်ရင်၊ ရှိပြီးသားရော၊ လုပ်ဖို့ပြင်ထားတာတွေပါပေါ့နော်၊ အများအပြားက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာရှိတာပါ၊ ဒါမှမဟုတ် တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ အဓိကပါ။ ရခိုင်မှာ ရှိတာပဲ ကြည့်ကြည့်၊ မြန်နှုန်းမြှင့် ရထားလမ်းဖောက်ဖို့ပြင်ထားတာရှိတဲ့ ရှမ်းပြည်နယ်မှာပဲကြည့်ကြည့်၊ မြစ်ဆုံရေကာတာကိုပဲကြည့်ကြည့် အခုလိုနေရာမျိုးတွေမှာရှိတာပါ။ ဒီ စီမံကိန်းတွေက အရင် ဗဟိုအစိုးရနဲ့ သဘောတူ စာချုပ်ချုပ်ခဲ့တာပါ။ အခုတော့ ဒီစီမံကိန်းတွေအားလုံးကို ရပ်ထားရတာမျိုးဆိုတော့ ဒီစီမံကိန်းတွေ အနာဂတ်က အကြီးအကျယ် မရေမရာဖြစ်နေပါတယ်။"

ဒါပေမဲ့ ရှမ်းမြောက်ဒေသ စစ်ဆင်ရေးနဲ့ နီးစပ်တဲ့ အမည်မဖော်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးကတော့ တရုတ်အနေနဲ့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့လည်း မဆက်ဆံဖို့ ဖိအားပေးတာတွေရှိတယ်လို့ ထောက်ပြပါတယ်။ ဒီနေရာမှာ Richard Horsey ကလည်း၊ တရုတ်အနေနဲ့ မြန်မာစစ်ကောင်စီအပေါ် စစ်ရေးအရရောနိုင်ငံရေးအရပါ မထိန်းနိုင်တော့ဘူးလို့ စိတ်ပျက်လာတာက၊ တဖက်မှာ အတိုက်အခံကို ထောက်ခံတာလဲ မဟုတ်ပြန်ဘူးလို့ ဆက်ထောက်ပြပါတယ်။

"ဒါပေမဲ့ မြန်မာစစ်အုပ်စုအပေါ် တရုတ်ရဲ့ မကျေနပ်မှုက NUG အမျိုးသားညီညွတ်ရေးအစိုးရအတွက် ထောက်ခံမှုလို့ တိုက်ရိုက် အဓိပ္ပာယ်မထွက်ပါဘူး။ တရုတ်အနေနဲ့ NUG ရော၊ အတိုက်အခံလှုပ်ရှားမှုကြီးတစ်ခုလုံးဟာ အနောက်နိုင်ငံတွေကို အများကြီး လိုလားသူတွေ၊ တရုတ်ဆန့်ကျင်ရေးစိတ်ရှိသူတွေလို့ ခံယူထားပုံရပါတယ်။ ဒီခံယူချက်မျိုး ဘယ်လောက် မှန်မမှန်ထက်၊ ဒီသဘောထားမျိုး တရုတ်မှာ အသေအချာကို ရှိနေပါတယ်။ အဲ့ဒီတော့ တရုတ်အနေနဲ့ စစ်အုပ်စုအပေါ် သံယယရှိထားသလိုပဲ၊ အတိုက်အခံတွေ အပေါ်လည်း သံသယ ကြီးကြီးကို ဆက်ရှိနေပါတယ်။"

ဒီနေရာမှာ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ကလည်း NUG ဘက်က တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအပေါ် သဘောထားကိုလည်း အခုလို ရှင်းပြပါတယ်။

"ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးက အင်မတန် အရေးကြီးတယ်၊ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံအကုန်လုံးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ ဆက်ဆံရေးဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်။ နိုင်ငံခြားရေးရာမှာ ဘယ်သူ့ဖက်ကိုမှ အနောက်နိုင်ငံကိုယိမ်းတဲ့ မူဝါဒမဟုတ်ဘူး။ အနောက်နိုင်ငံနဲ့ ကျွန်တော်တို့နီးစပ်တာက အနောက်နိုင်ငံက engagement လုပ်တယ်။ ကျွန်တော်တို့ရဲ့ပြည်သူတွေကို သူတို့ အကူအညီပေးတယ်။ အထူးသဖြင့် လူသားချင်းစာနာမှုအထောက်အကူတွေပေးတာတွေရှိတယ်။ ဒီဟာက ဆက်ဆံရေးကို engagement လုပ်တာ။ ဒါက သူ့ရဲ့အကျိုးစီးပွားအတွက်လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်လုပ်တာ"

တချိန်ထဲမှာ NUG အနေနဲ့ တရုတ်နဲ့ဆက်ဆံရေးကြိုးပမ်းနေတာနဲ့ တရုတ်အပါအဝင် အိမ်နီးချင်းတွေ မြန်မာအတွက် ကြိုးပမ်းပေးဖို့ကို ဦးကျော်ဇောက ခုလိုဆက်ရှင်းပြပါတယ်။

"ကျွန်တော်တို့လည်း တရုတ်နိုင်ငံနဲ့ engagement ကို အထူးအရေးကြီးတဲ့ engagement အဖြစ် သဘောထားဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံနဲ့ပတ်သတ်တဲ့ သဘောထားမူဝါဒကို အတိအလင်းထုတ်ပြန်ကြေညာခဲ့တာ။ နောက်တခုက တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ကျွန်တော်တို့က မီဒီယာကနေသော်လည်းကောင်း တခြား communication တွေကနေ အားလုံး ကျွန်တော်တို့ထောက်ပြပြီးပြောပြနေတာက ဒီမြန်မာနိုင်ငံမှာ မတည်မငြိမ်မှုဖြစ်နေတယ်။ တရုတ် မြန်မာနယ်စပ်မှာ မတည်မငြိမ်မှုဖြစ်နေတာက ဒီတရုတ်နိုင်ငံရဲ့ လုပ်ကိုင်ဖို့ စီးပွားရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတာ၊ မတည်မငြိမ်မှုဖြစ်နေတာ ဘာကြောင့်လဲ။ အဲဒါဟာ အကြမ်းဖက်စစ်ကောင်စီက အဓိက တရားခံဖြစ်တယ်။ အကြမ်းဖက်မှုတွေလုပ်နေသ၍ နယ်စပ်တည်ငြိမ်ရေး ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ အဖြေတခုရှာဖို့ အတွက် တရုတ်နိုင်ငံအပါအဝင် အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံတွေအကုန်လုံးက ဝိုင်းဝန်းပြီးတော့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အဖြေတခုရဖို့ ရပ်တည်ပေးကြဖို့အတွက် တိုက်တွန်းပြောကြားချင်ပါတယ် "

တကယ်တော့ အခု ICG အစီရင်ခံစာထဲမှာပဲ တရုတ်နဲ့ အမေရိကန်တို့ ပထဝီနိုင်ငံရေးအားပြိုင်နေပေမဲ့ နယ်စပ်ငွေလိမ်ဂိုဏ်းတွေကိစ္စမှာတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသင့်တယ်လို့ အကြံပြုထားပေမဲ့၊ လက်တွေ့ဖြစ်မလာသေးဘူးလို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG