သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ မတ်လဆွေးနွေးပွဲ သုံးသပ်ချက် 


ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့မှတ်တမ်း ဓာတ်ပုံ (The Kokang)
ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့မှတ်တမ်း ဓာတ်ပုံ (The Kokang)

တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ဆွေးနွေးနေတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား နောက်ဆုံးသဘောတူညီချက်တွေကိုကြည့်ရင် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ လုံး၀ အရေးနိမ့်သွားပြီးဆိုတာ ပုံပေါ်သွားတာဖြစ်သလို ကိုးကန့် အထူးဒေသမှာ သူ့ရဲ့အာဏာ လုံးဝမရှိတော့တာသေချာသွားကြောင်း တရုတ်-မြန်မာ ဆက်ဆံရေးလေ့လာနေသူတဦးက သုံးသပ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရကတော့ ရှမ်းမြောက်မှာ နိုင်ငံတော်အချုပ်အချာအာဏာ ဆက်လက်တည်ရှိနေကြောင်း တုံ့ပြန်ပြောဆိုထားတာပါ။ မအင်ကြင်းနိုင်က ဆက်လက် တင်ပြထားပါတယ်။

မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာဆွေးနွေးခဲ့ကြတဲ့ ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား အသစ်ရရှိခဲ့တဲ့သဘောတူညီမှုတွေနဲ့ပတ်သက်လို့ ထုတ်ဖော်မပြောဖို့ သုံးဘက်စလုံးက လက်ခံခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သူတို့အနေနဲ့ ဆက်လက်ဆွေးနွေးမဲ့ကိစ္စတွေကို ထိခိုက်မှုမရှိရအောင်လို့ ဆိုပါတယ်။ ဆွေးနွေးမှု သဘောတူညီမှုရလဒ်တွေနဲ့ပတ်သက်လို့ ကောလာဟလတွေ ထွက်နေတဲ့အပေါ်မှာ အခုလို တုံ့ပြန်ပြောဆိုလိုက်တယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ အသံဖိုင် ပေးပို့ခဲ့ပါတယ်။

"နံပါတ်တစ် အချက်အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံ ပိုက်နက်နယ်နိမိတ် အချုပ်အခြာအာဏာ......သည် ဆက်လက် ခိုင်မြဲနေမှာဖြစ်ပါတယ်။ နံပါတ်နှစ် အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွါးဘဝ တည်ငြိမ်ရေးကိုရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေးလမ်းစဥ်ကို ဆက်လက် ဆောင်ရွက်နေပါတယ်။"

ဒါပေမဲ့ တရုတ်ဘာသာနဲ့ ကိုးကန့်အဖွဲ့ရဲ့ထုတ်ပြန်ချက်ကို မျှဝေထားတဲ့ USIP အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု မြန်မာနိုင် Jason Tower ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ - တရုတ်ဖိအားကြောင့် မြန်မာစစ်ကောင်စီနဲ့ မဟာမိတ်ညီနောင် သုံးဖွဲ့ကြား သဘောတူညီချက်အသစ်တွေရရှိခဲ့ပြီး ကိုးကန့်အထူးဒေသ ၁ ကို မဟာမိတ် သုံးဖွဲ့ဝင် MNDAA က အပြည့်အဝအုပ်ချုပ်နေပြီဆိုတာ စစ်ကောင်စီက အသိအမှတ်ပြုတဲ့ အချက်ပါဝင်ကြောင်းဖေါ်ပြထားပါတယ်။ ဒါ့အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေး ချင်းရွှေဟော်ဘက်က အခွန်ငွေကောက်ခံရမှာ MNDAA က ၇၀%နဲ့ စစ်ကောင်စီက 30% ခွဲတမ်းချဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှေ့တန်းမှာ နှစ်ဘက်တိုက်နေတဲ့တပ်တွေကို ရုပ်သိမ်းကြပြီး တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

အခုလို တရုတ်အကူအညီနဲ့ မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား ဆွေးနွေးခဲ့တဲ့ ရလာဒ်တွေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူလည်းဖြစ်၊ တရုတ်-မြန်မာဆက်ဆံရေးအကဲခတ်လည်းဖြစ်တဲ့ ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပါတယ်။

"ဒီဒေသတွေဟာ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ စစ်ဆင်ရေးကာလ လေးလလောက်ဖြတ်သန်းပြီးတဲ့နောက်ပိုင်းမှာ အခုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ရတဲ့အခြေအနေရောက်တာ ဘာကြောင့်လဲ ဆိုလို့ရှိရင် စစ်ကောင်စီရဲ့တပ်တွေက အဲဒီဒေသမှာ မြို့နယ် ခုနစ်မြို့နယ်နဲ့ စစ်စခန်းပေါင်း ၄၀၀ ကျော် အသိမ်းပိုက်ခံထားရတဲ့အနေအထားအောက်မှာ တနည်းပြောရလို့ရှိရင် MNDAA နဲ့ ဒီ ညီနောင်သုံးဖွဲ့ရဲ့ စိုးမိုးမှုအောက်မှာ ရောက်ရှိသွားပြီ။ အစိုးရရဲ့အား၊ သြဇာအာဏာ မသက်ရောက်တဲ့နယ်မြေတွေ ဖြစ်သွားပြီ။"

မေး။ ။ အဲတော့ နောက်ဆက်တွဲ ဘာဖြစ်မလဲရှင့်။

ဦးသန်းစိုးနိုင်။ ။ စစ်ကောင်စီက သူတို့ကြွေးကြော်နေတဲ့ ပြည်ထောင်စုမပြိုကွဲရေးဆိုတာကို တရားဝင်ဖြိုခွဲ စွန့်လွှတ်လိုက်တာ။ အခု ကိုးကန့်ကိုပေးလိုက်ပြီ။ နောက်မကြာခင် TNLA တောင်းနေတဲ့ပြည်နယ်ပေါ့ဗျာ။ အဲဒါလည်း မကြာခင်ပေးတော့မယ်။ ရခိုင်ကလည်း သံတွဲလောက်ရပြီးလို့ရှိရင်တော့ သူကလည်းရပ်တော့မှာပေါ့ဗျာ။ အဲဒီတော့ စစ်ကောင်စီကတော့ သူကတော့ ရှုံးပြီးပြီလေ။ ရှုံးနေပြီလေ။ ရှုံးတဲ့အခါကျတော့ သူကတော့ သူ့ဆက်မတိုက်ရင်ပြီးရော ဆိုပြီးတော့ အကုန်လုံးကို ပြည်နယ်တွေ ပေးနေမှာပဲ။

မေး။ ။ ဒါဆိုရင် တရုတ်က အခုချိန် ထိပါဝင်ပတ်သက်နေတဲ့ အနေအထားကိုရော ဘယ်လိုမြင်လဲ။

"တရုတ်က သူက နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့အခါကျတော့ သူက နိုင်ငံတကာပေါ်လစီတွေနဲ့ပတ်သက်တဲ့နေရာမှာ နံပါတ်တစ်က တိုင်းပြည်တိုင်းရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားတယ်ဆိုတဲ့ သဘောထားဖော်ထုတ်ထားတယ်။ နောက်ပြီးတော့ တိုင်းပြည်တိုင်းမှာ အထူးသဖြင့် သူ့နယ်စပ်ဒေသမှာ ငြိမ်းချမ်းတည်ငြိမ်တဲ့အခြေအနေတရပ်ကို လိုချင်တယ်လို့ သူက ပြောတာ။ အဲဒါအတွက် သူက အသွင်သဏ္ဍန်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ပုံစံမျိုး၊ ဒါပေမဲ့ တကယ့်အနှစ်သာရသဘောပြောရမယ်ဆိုရင်တော့ သူဟာ တကယ်ကျတော့ ဗမာပြည်မှာ proxy war တွေဖန်တီးပေးနေတာ။ ခွစားနေတာ။ စစ်ကောင်စီကိုလည်းအားပေးတယ်။ တဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း အားပေးတယ်။ အဲဒီတော့ ဗမာပြည်မှာ ဘယ်အင်အားစုတက်လာလာ သူ့အကျိုးစီးပွါးတွေမထိခိုက်ဖို့နဲ့ သူ့ရဲ့အိန္ဒိယပြည် ထွက်ပေါက်ရှာဖွေရေးကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စမှာ အဲဒီအင်အားစုတွေကို သူကတော့ ထိန်းသိမ်းမွေးမြူမှာပဲ၊ အသိအမှတ်ပြုမှာပဲ။"

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား ဟိုင်ဂင်သဘောတူညီချက်နဲ့ အခုနှစ်ဆန်း ဇန်နဝါရီ ၁၁ ရက်နေ့ကစလို အပစ်အခတ်ရပ်စဲရေးယူခဲ့ကြတာပါ။ အဲဒီနောက် MNDAA ကိုးကန့်ဒေသမှာ အပစ်ရပ်သွားတယ်ဆိုပေမဲ့ TNLA တအောင်းဝ်အဖွဲ့နဲ့ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတချို့ရှိခဲ့သလို AA ရခိုင့်တပ်တော်နဲ့ဆိုရင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ အခုအချိန်အထိ ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG