သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်ပိုးလမ်းမ နိုင်ငံကာညီလာခံ ပထမနေ့


တရုတ်-မြန်မာ လူထုချင်း ဆက်ဆံရေးဆိုင်ရာ စည်းဝေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
တရုတ်-မြန်မာ လူထုချင်း ဆက်ဆံရေးဆိုင်ရာ စည်းဝေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဒုတိယအကြိမ်နိုင်ငံတကာ ညီလာခံအတွင်း တရုတ်-မြန်မာ လူထုချင်း ဆက်ဆံရေးဆိုင်ရာ စည်းဝေးပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မနေ့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီအစည်းဝေးကို မင်္ဂလာမြန်မာ NGO ညွှန်ကြားရေးမှူး၊ ဒေါက်တာဖုန်းဝင်းလည်း တက်ရောက်ခဲ့ ပါတယ်။ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာဖုန်းဝင်းကို မအင်ကြင်းနိုင်က မေးမြန်းရာမှာ သူက ခုလို စပြောပါတယ်။

ဒေါက်တာဖုန်းဝင်း ။ ။ People to people connectivity forum ကတော့ မြန်မာပြည်သူတွေ လက်တွေ့အကျိုးရှိနိုင်မယ့် လုပ်ငန်းတွေကို ဘယ်လို ပူးပေါင်းပြီးဆောင်ရွက်ရင် ကောင်းမလဲဆိုတာကို အဓိက ဆွေးနွေးတာဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေကတော့ သူတို့အချင်းချင်း အစိုးရ ဧည့်ဂေဟာမှာ တွေ့ပြီးတော့ ပြောကြတဲ့အခါကျတော့ ဘာတွေပြောကြသလဲဆိုတာကတော့ ကျနော်တို့ အသေးစိတ် သိရှိခြင်းမရှိပါဘူး။ မီဒီယာထဲမှာ ပါသလောက်ပဲ ကျနော်တို့ ပြန်ကြားတာရှိပါတယ်။ People to people connectivity forum မှာ ဒေါ်အောင်ဆန်းစုကြည်က လာပြီးတော့ စကားပြောသွားတာရှိပါတယ်။

မအင်ကြင်းနိုင်။ ။ မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီမှာ မိန့်ခွန်းပြောသွားတယ်ပေါ့နော်။ အဓိက သူဘာအချက်တွေ ပြောသွားသလဲရှင့်။

ဒေါက်တာဖုန်းဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲ သူတို့ တရုတ်ခေါင်းဆောင်တွေ တွေ့ပြီးတော့ တွေ့ဆုံဆွေးနွေးထားတဲ့အချက်တွေထဲက အရေးကြီးတဲ့ အချက်အနေနဲ့ ကျနော်တို့ ဆက်ပြီးဆွေးနွေးတာကတော့ ၂ နိုင်ငံ ပြည်သူလူထုအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ် တယောက်နဲ့ တယောက် အပြန်အလှန်နားလည်မှုက လိုအပ်တယ်။ ဒီလို အပြန်အလှန်နားလည်မှုရှိမှ စီမံကိန်းကြီးတွေကို ကျနော်တို့ ဆောင်ရွက်လို့ရမယ်။ နှစ်နိုင်ငံ အပြန်အလှန် လူထုတွေသွားရောက်လည်ပတ်ဆက်ဆံရေး ကိစ္စလည်း အရေးကြီးတယ်ဆိုတာမျိုးတော့ ကျနော်တို့ ကဏ္ဍအနေနဲ့ အထူးဦးစားပေးပြီးတော့ ဆက်လက်ဆောင်ရွက်တာရှိပါတယ်။

မအင်ကြင်းနိုင်။ ။ နောက် တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ အဓိက ဘာတွေ ထိုးခဲ့လဲဆိုတာရော သိရသလားရှင့်။

ဒေါက်တာဖုန်းဝင်း ။ ။ ကျနော်တို့ ပိုပြီးတော့ အချက်အလက်တွေ သေသေချာချာသိလာမယ်လို့ မျှော်လင့်ထားပါတယ်။ တကယ့်လက်တွေ့မှာတော့ သိလာမလား၊ မသိလာဘူးလားဆိုတာကတော့ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရုတ်အစိုးရက သူတို့အရေးကြီးတဲ့ ဧည့်သည်အနေနဲ့ သူ့ကို တချိန်လုံး လိုက်ပါစောင့်ရှောက်နေတာဖြစ်ပါတယ်။ သူတို့ ဝန်ကြီးရှိရင် ရှိမယ် ၊မရှိရင် ဒုဝန်ကြီးကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနားမှာ အမြဲတမ်းနေပြီးတော့ လိုက်လံပြီးတော့ ပြောစရာတွေပြောတယ်၊ ဆွေးနွေးစရာတွေ ဆွေးနွေးတယ်။ ဧည့်ခံစရာရှိတာတွေ ဧည့်ခံတယ်။ ပြီးတော့ ဒီနေ့ဆိုရင်လည်း ခေါင်းဆောင်တွေက အားလုံး ၃၈ ယောက်။ တရုတ်နိုင်ငံအပါအဝင် ဒေါ်အောင်ဆန်းစုကြည် နားမှာ ဝိုင်းဝိုင်းလည်နေမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ကတော့ ဒီအစည်းအဝေးကနေ ဘယ်လောက် သိရမလဲဆိုတာကတော့ နောက်နေ့တွေကျမှ ကျနော်ပြောနိုင်မယ်လို့ ထင်ပါတယ်။

မအင်ကြင်းနိုင်။ ။ နောက် ကချင်ပြည်နယ်က တရုတ်ရဲ့ မြစ်ဆုံစီမံကိန်း ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ကိုဖုန်းဝင်းတို့ ဘာကြားသလဲရှင့်။

ဒေါက်တာဖုန်းဝင်း ။ ။ အခုမြန်မာပြည်က ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဧရာဝတီမြစ်ပေါ်မှာ လုပ်မယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဒီမှာတော့ အသေးစိတ်ပြောဆိုတာ မရှိပါဘူး။ မနေ့က ကျနော်တို့ အသေးစိတ်ဆွေးနွေးတဲ့အထဲမှာ National Reform Committee ကနေ လာရှင်းပြတဲ့အထဲမှာလည်း အသေးစိတ်ပြောထားတာမရှိပါဘူး။ သူတို့ လောလောဆည် လုပ်ချင်တဲ့ဟာတော့ရှိတယ်။ ဒါပေမယ့် မြန်မာပြည်ဘက်ကနေပြီးတော့ သူတို့ဘက်ကို ဘယ်လိုအဖြေပေးမလဲဆိုတာ တရုတ်ပြည်ဘက်ကနေပြီးတော့ စောင့်နေတဲ့ သဘောရှိပါတယ်။ ဆိုတော့ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ရက်တွေမှာ ဖြစ်ခဲ့မယ်ဆိုရင် မြစ်ဆုံနဲ့ ပတ်သက်တဲ့ ကိစ္စကို ကျနော်ပြောပေးပါမယ်။ လောလောဆည်မှာတော့ မြစ်ဆုံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကျနော်တို့ တရုတ်ပြည်မှာ မကြားရသေးပါဘူး။

ဒေါက်တာဖုန်းဝင်းကို မအင်ကြင်းနိုင်က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG