သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကတိုက်မှာ ဒေါ်လာသန်းငါးထောင်ကျော် တရုတ် ရင်းနှီးမြှုပ်နှံမည်


တရုတ်နိုင်ငံ ဘေကျင်းမြို့မှာကျင်းပတဲ့ တရုတ်−အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ တရုတ်သမ္မတရှီကျင့်ပင်နဲ့ အာဖရိကခေါင်းဆောင်များ (စက်တင်ဘာ ၅၊ ၂၀၂၄)
တရုတ်နိုင်ငံ ဘေကျင်းမြို့မှာကျင်းပတဲ့ တရုတ်−အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ တရုတ်သမ္မတရှီကျင့်ပင်နဲ့ အာဖရိကခေါင်းဆောင်များ (စက်တင်ဘာ ၅၊ ၂၀၂၄)

လာမယ့် ၃ နှစ်အတွင်း အာဖရိကနိုင်ငံတွေကို ဒေါ်လာ သန်း ၅ ထောင်ကျော်ဖိုး ငွေကြေးပံ့ပိုးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ပင် (Xi Jinping) က ကတိပြုလိုက်ပါတယ်။ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုထဲထဲဝင်ဝင်လုပ်သွားမယ်လို့လည်း တရုတ်−အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ သမ္မတရှီက ဒီနေ့ ပြောကြားခဲ့ပါတယ်။

အာဖရိကတိုက်ထဲမှာ အမေရိကန်ဒေါ်လာ စုစုပေါင်း ၅၁ ဘီလျံဖိုးလောက် ညီမျှတဲ့ တရုတ်ယွမ်ငွေ ဘီလျံ ၃၆၀ အထိ လာမယ့် ၃ နှစ်အတွင်း ပံ့ပိုး ကူညီဖို့ တရုတ်အစိုးရအနေနဲ့ လိုလားတယ်လို့ ပြောသွားတာဖြစ်ပါတယ်။ ဒေါ်လာ ၃၀ ဘီလျံကို ချေးငွေအဖြစ်ပေးဖို့နဲ့ ဒေါ်လာ ၁၁ ဘီလျံကိုတော့ ပုံစံမျိုးစုံနဲ့ ထောက်ပံ့ ကူညီမှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။ တရုတ်လုပ်ငန်းတွေအနေနဲ့လည်း ဒေါ်လာ ၁၀ ဘီလျံအောက် မလျော့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြအောင်လည်း အားပေးသွားမှာဖြစ်တယ်လို့ သမ္မတရှီကျင့်ပင်က မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီနေ့ စတင်တဲ့ တရုတ်−အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres သာမက အာဖရိကတိုက်က ခေါင်းဆောင် ၅၀ ကျော် တက်ရောက်နေတယ်လို့ တရုတ်အစိုးရသတင်းမီဒီယာမှာ ဖော်ပြပါတယ်။ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ ကုန်သွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ်နဲ့ အာဖရိကနိုင်ငံတွေကြား ဒီသတင်းပတ်ထဲ သဘောတူမှုတွေ ရရှိထားပြီးဖြစ်ပါတယ်။ တရုတ်နဲ့ အာဖရိကတိုက်နိုင်ငံတွေကြား သမိုင်းမှာ ဆက်ဆံရေး အကောင်းမွန်ဆုံး ကာလဖြစ်တယ်လို့ တရုတ်သမ္မတက ဒီနေ့ ပြောသွားပါတယ်။ ကမ္ဘာမှာ စီးပွားရေး ဒုတိယအင်အားအကြီးဆုံး တရုတ်နိုင်ငံဟာ အာဖရိကတိုက်ရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ ကြေးနီ၊ ရွှေ၊ လစ်သီယံ၊ မြေရှားစတဲ့ သဘာဝအရင်း အမြစ်တွေပေါများတဲ့ အာဖရိကနိုင်ငံတွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG