သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတွင်းမြစ်တွင်း လူတရာကျော်ပါတဲ့ သင်္ဘောနစ်မြုပ်


အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်စဥ်က ရှာဖွေမှု မှတ်တမ်းဓာတ်ပုံ ( ၁၇ အောက်တိုဘာ ၂၀၁၆)
အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်စဥ်က ရှာဖွေမှု မှတ်တမ်းဓာတ်ပုံ ( ၁၇ အောက်တိုဘာ ၂၀၁၆)

မြန်မာနိုင်ငံအထက်ပိုင်း ချင်းတွင်းမြစ်ထဲမှာ လူ ၁၀၀ ကျော်ပါလာတဲ့ သင်္ဘောတစီး အင်္ဂါနေ့မနက်က နစ်မြုပ်သွားခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေကြောင်း ဒေသခံမီဒီယာတွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ ဒီရေယာဉ်ဟာ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ်ထဲက မောက္ကတော်နဲ့ ပန်းဆက်ရွာကြား ရှဲနတ်တောင်ခြေမှာ နစ်မြုပ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေက ဆိုပါတယ်။

မဇ္ဈိမသတင်းဌာနရဲ့ ရေးသားချက်မှာတော့ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ကို ကိုးကားပြီး ရုပ်အလောင်း (၆) လောင်း တွေ့ရှိထားကြောင်း ဖော်ပြပါတယ်။ ရှာဖွေရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်ပြီး ပျောက်ဆုံးသူအရေအတွက်ကို တွက်ချက်နေကြောင်း စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့နီးစပ်သူတဦးကို ကိုးကားပြီး VOM (Voice of Myanmar) ဒေသတွင်းမီဒီယာက ဖော်ပြပါတယ်။
ပြည်တွင်းမီဒီယာတချို့ကတော့ ဒီ နစ်မြုစ်ခဲ့တဲ့သင်္ဘောက စစ်ကောင်စီ ရေယာဥ် အုပ်စုထဲကလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးနေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေကို ကိုးကားပြီး ရေးသားကြပါတယ်။ စစ်တပ်လိုလားတဲ့ Telegram ချန်နယ်တွေကလည်း မင်းကင်းမြို့နယ်ထဲမှာ စက်လှေတစီး နစ်မြုပ်ခဲ့ကြောင်း ရေးသားကြပေမယ့် အသေးစိတ် အကြောင်းအရာတွေတော့ မပါပါဘူး။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကိုတော့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ဗွီအိုအေအနေနဲ့ ဒီရေယာဉ်ပေါ် ဘယ်သူတွေပါသွားလဲဆိုတာနဲ့ သေဆုံး၊ ပျောက်ဆုံးသတင်းကို သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အခု ရေယာဉ်နစ်မြုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို အပြင်းအထန်ခုခံနေတဲ့နေရာဖြစ်ပြီး အာဏာသိမ်းဆန့်ကျင်ရေးသမားတွေနဲ့ စစ်အစိုးရတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်တွေထဲမှာ ကူးလူးသွားလာကြတဲ့ ရေယာဉ်တွေမှာ မကြာခဏဆိုသလို ခံနိုင်တဲ့ ဝန်ထက်ပိုတဲ့လူ အမြောက်အမြားလိုက်ပါလေ့ရှိပြီး မတော်တဆမှုတွေကြောင့် လူ အများအပြား သေဆုံးမှုတွေလည်း ဖြစ်လေ့ရှိပါတယ်။

၂၀၁၆ ခုနှစ် တုန်းကလည်း ချင်းတွင်းမြစ်ထဲမှာ လူအပြည့်တင်ဆောင်လာတဲ့ သင်္ဘောတိမ်းမှောက်မှုကြောင့် ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသား အများအပြား အပါအဝင် လူ ၇၃ ဦး ရေနစ်သေဆုံးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG