သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ မြန်မာ့အရေး တရုတ်နဲ့ ရုရှားအကာအကွယ်ပေးမှု ကန်ဝေဖန်


ရိုဟင်ဂျာမူဆလင်တွေကို မြန်မာစစ်တပ်ကနှိမ်နင်းခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဆောင် ရွက်မှုတွေလုပ်ဖို့အရေးမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာဘက်ကိုကာကွယ်ပေးနေကြတယ်ဆိုပြီး အမေ ရိကန်သံအမတ်က အပြစ်တင်ဝေဖန်လိုက်ပါတယ်။ တရုတ်နဲ့ရုရှားကို ရည်ရွယ်ပြီး အမေရိကန်သံအမတ် Nikki Haley က အခုလိုဝေဖန်ခဲ့တာပါ။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီ၂နိုင်ငံရဲ့မြန်မာအပေါ်ရပ်တည်ချက်တွေက ပြောင်းလဲလာ နိုင်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကိုအရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗြိတိန်နိုင်ငံက အဆိုပြုချက်မူကြမ်းတရပ်ပြီးခဲ့တဲ့ အပတ်တုန်းက တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီမူကြမ်းကို ပြင်ဆင်မှုတွေတော် တော်များများလုပ်ဖို့ တရုတ်နိုင်ငံက လုံခြုံရေးကောင်စီကိုတောင်းဆိုခဲ့တာကြောင့် အဖွဲ့ဝင်၁၅နိုင်ငံပါတဲ့ လုံခြုံရေးကောင် စီက နောက်ဆုံးမှာတော့ အားနည်းတဲ့မူကြမ်းကိုပဲ သဘောတူညီခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က တနင်္လာနေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာဝေဖန်ခဲ့တဲ့အခါ နိုင်ငံရဲ့ အမည်ကိုထည့်ပြီးမပြောခဲ့ပေမဲ့လည်း တရုတ်နိုင်ငံကိုဆိုလိုတယ်ဆိုတာကတော့ ထင်ရှားပါတယ်။

"လုံခြုံရေးကောင်စီထဲက အဖွဲ့ဝင်နိုင်ငံတချို့ဟာ အတ္တကြီးပြီး ကိုယ့်အကျိုးစီးပွါးကိုပဲ ကြည့်လိုတဲ့အကြောင်းပြချက်တွေနဲ့ အရေးယူဆောင်ရွက်မှုတွေထွက် မလာနိုင်အောင် လုပ်နေကြပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ မြန်မာနဲ့ဘင်္ဂလား ဒေ့ရှ် နိုင်ငံတွေဆီကို ခရီးထွက်နေတုန်း လုံခြုံရေးကောင်စီရဲ့ညီညွတ်မှုကိုပြသဖို့အရေးမှာ ကောင်စီထဲကတချို့အဖွဲ့ဝင် နိုင်ငံတွေရဲ့ စာသားပြင်ဆင်ချက်တွေ လုပ်ခိုင်းခဲ့တာမျိုးတွေကြောင့် ကောင်စီကပြောလိုတဲ့သတင်း စကားတွေကို ထိထိ ရောက်ရောက်မပြောနိုင်ခဲ့ပါဘူး"

သံတမန်တွေရဲ့ပြောဆိုချက်အရ မြန်မာ့အရေးနဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးမှုတွေမှာ ရုရားဟာ တရုတ်ဘက်ကရပ် တည်ခဲ့တယ်လို့ဆိုပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ရဲ့ အာရှရေးရာ အမှုဆောင်ညွှန်ကြားရေးမှုး Brad Adamsကတော့ တရုတ်နဲ ရုရှားနိုင်ငံတွေကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖေါက်နေကြတာကြောင့် မြန်မာဘက်ကရပ် တည်ပေးနေတာလို့ဆိုပါတယ်။

"မြန်မာကို ရုရှားနဲ့တရုတ်အကာအကွယ်ပေးနေတဲ့အကြောင်းက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ကြိုးစားနေကြတဲ့သဘောပါ ပဲ။ဘာကြောင့်လဲဆိုတော့ ဒီနှစ်နိုင်ငံလုံးက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါးလုပ်ထားကြတဲ့နိုင်ငံတွေပါ။ တရုတ်ဆိုရင် တိဘက်နဲ့ ဝီဂါလူမျိုးစုတွေအပေါ်အပြင်းအထန်နှိပ်ကွပ်ထားတာပါ။ ရုရှားဆိုရင်လည်း ကော့ကေးဆပ်ဒေသ က လူနည်းစုတွေအပေါ်မှာ နှိပ်ကွပ်နေတာကြာပါပြီ။ ဒီ၂နိုင်ငံလုံးက လူနည်းစုတွေအတွက် အခြေခံလူ့အခွင့်အရေးတွေ ပေး မထားပါဘူး။ တရုတ်နဲ့ရုရှားက လူ့အခွင့်အရေးကိစ္စကို လုံခြုံရေးကောင်စီမှာ လုံး၀ တက်မလာစေချင်တာပါ။ ဘာကြောင့်လဲဆိုတော့ တချိန်မှာ ပြည်သူတွေက လူ့အခွင့်အရေးဆိုင်ရာ အရေးယူမှုမျိုးနဲ့ သူတို့ကို တိုက်ခိုက်လာကြမှာ ကို စိုးရိမ်နေကြလို့ပါပဲ။ "

တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့မြန်မာပြည်အပေါ်ထားတဲ့အမြင်တွေပြောင်းလာနိုင်ခြေရှိတဲ့အချက်တွေကိုလည်း HRW လူ့ အခွင့်အရေးအဖွဲ့က Brad Adams က ထောက်ပြပါတယ်။

"ဒုတိယအချက်ကတော့ တရုတ်ဟာ သူနဲ့နယ်မြေချင်းကပ်နေတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ကုလသမဂ္ဂကလာပြီး လုပ် ဆောင်တာတွေကို မလိုလားပါဘူး။ ရိုဟင်ဂျာတွေအတိုက်အခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေး တာမျိုးကိုတောင် တရုတ်က လိုလားတာမဟုတ်ပါဘူး။ ဆိုတော့ တရုတ်နဲ့ရုရှားက မြန်မာဘက်ကအခိုင်အမာရပ်ပြီး အပီ အပြင်ကာကွယ်ကြမှာပါပဲ။ ဒါပေမဲ့လည်း လုံခြုံရေးကောင်စီ မှာ တရုတ်နဲ့ရုရှားနိုင်ငံတွေ က မြန်မာပြည်ဆိုင်ရာအမြင်တွေ ပြောင်းလဲလာစေမယ့် အကြောင်းအရာတွေ ဖိအားတွေရှိလာပါလိမ့်မယ်။ အဲဒါတွေကတော့ HRWလို လူ့အခွင့်အရေး အဖွဲ့ အစည်းတွေက အဆက်မပြတ်တင်ပြနေတဲ့ အစီရင်ခံစာတွေ၊ ကုလသမဂ္ဂရဲ့အချက်အလက်ရှာဖွေရေးအဖွဲ့က စက်တင် ဘာလကျရင်တင်သွင်းမယ့် အင်မတန်အဓိကကျတဲ့ အစီရင်ခံစာတွေကြောင့် လူမျိူးစုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူ သားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ပစ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုစတဲ့ အချက်တွေကြောင့် တရုတ်နဲ့ရုရှားက မြန်မာကို အကာအကွယ်ပေးချင်ပေမဲ့လည်း ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေကြုံလာရပါလိမ့်မယ်။ လောလောဆယ်မှာ ဖြစ်မလာသေးပေမဲ့လည်း ရေရှည်မှာတော့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက လက်ခံပြီးချမှတ်လာ ရလိမ့်မယ်လို့ကျနော်ထင်ပါတယ်။ ဒါကလည်း စက်တင်ဘာလနောက်ပိုင်းမှာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်"

မြန်မာကိုတရုတ်က အကာအကွယ်ပေးနေရတဲ့အကြောင်းတချက်ရှိနေသေးတာကိုလည်း Brad Adamsက ထောက်ပြ ပါတယ်။

"မြန်မာခေါင်းဆောင်တွေကို တရုတ်က ပြောနိုင်တာတခုက ခင်ဗျားတို့ကို ကျနော်တို့တရုတ်ဘက်က အကာအကွယ်မပေး ရင် ခင်ဗျားတို့တတွေ အဖမ်းခံရပြီး နိုင်ငံတကာခုံရုံးမှာ အစစ်ခံရလိမ့်မယ်ဆိုတာကိစ္စပါပဲ။ ဒါက သံသယဖြစ်စရာမရှိပါဘူး။ ဒါက သိပ်အစွမ်းထက်တဲ့ ကြိုးကိုင်ထိန်းချုပ်နှိုင်မှုပါ။ တရုတ်က သူတို့ကို လိုအပ်နေသလောက် မြန်မာစစ်တပ်ကလည်း တရုတ်ကို လိုအပ်နေတယ်ဆိုတာ မြန်မာစစ်တပ်ကလည်း သိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်အတွက် လုံခြုံရေးအရရော၊ စီးပွါးရေးအရပါ အကျိုးစီးပွါးဆိုင်ရာကိစ္စတွေ ကြီးကြီးမားမားရှိနေလို့ပါ ပဲ"

ရိုဟင်ဂျာပဋိပက္ခဖြေရှင်းရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်ခဲ့ကြတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် တွေဟာ တနင်္လာနေ့တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရှင်းလင်းပြောဆိုခဲ့ကြပါတယ်။ တရုတ်သံအမတ် Ma Zhaoxu ကတော့ ရှုပ်ထွေးမှုတွေပိုပြီးဖြစ်မလာရအောင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံအကြားအပြန်အလှန်ဖြေရှင်းမှုတွေ ကို လုံခြုံရေးကောင်စီက အားပေး သင့်တယ်လို့ပြောခဲ့ပါတယ်။ မြန်မာသံအမတ် ဟောက်ဒိုဆွမ်းကတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရက ခွင့်ပြုမှာမဟုတ်တဲ့အကြောင်းနဲ့ သက်သေအထောက်အထားနဲ့တင်ပြလာတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေး သွားမှာဖြစ်ပြီး ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG